နျူကလီးယားစွမ်းအင်အကြောင်း တစေ့တစောင်း

တိုးတက်ပြောင်းလဲမှုတွေ အရှိန်ရသထက်ရနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတိုင်းလိုလိုက နည်းပညာနောက်ကို
အမီလိုက်နေကြတာပါ။ အကြောင်းအမျိုးမျိုး လိုအပ်ချက်အသွယ်သွယ်နဲ့ ကမ္ဘာ့နိုင်ငံတိုင်း ကြိုးပမ်းနေတဲ့ကိစ္စတစ်ခုကတော့ နျူကလီးယားနည်းပညာပါ။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားနည်းပညာကို
ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ ဆိုနိုင်ပေမဲ့ အစိုးရပိုင်းအနေနဲ့
ခြေလှမ်းပြင်နေပြီဖြစ် ပါတယ်။ ယခုလဆန်းပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့မှာ အဋ္ဌမအကြိမ်မြောက်
နိုင်ငံတကာအနုမြူစွမ်းအင်ဖိုရမ်နဲ့ အနုမြူနည်းပညာပြပွဲ ကျင်းပခဲ့ပါတယ်။

ရုရှားနိုင်ငံပိုင် ရိုဆာတန် ကော်ပိုရေးရှင်းက ဦးဆောင်ကျင်းပတဲ့ အဲဒီဖိုရမ်မှာ အဏုမြူစွမ်းအင်နဲ့
ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ရုရှားနဲ့ နိုင်ငံတကာက ကုမ္ပဏီတွေ ပါဝင်ခဲ့သလို ကမ္ဘာ့ဒေသ
အသီးသီးက မီဒီယာသမား ၁၀၀ ကျော်လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာတိုင်း(မ်)ကလည်း
အဲဒီအဏုမြူဖိုရမ်မှာ တက်ရောက်သတင်းယူခွင့် ရခဲ့ပါတယ်။

ကမ္ဘာ့ဒေသအသီးသီးက ဖွံ့ဖြိုးဆဲနိုင်ငံ တွေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက နျူ ကလီးယားနည်းပညာကို
အသုံးချနိုင်ဖို့ ကြိုးပမ်းနေကြချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လည်း နိုင်ငံတကာက နျူကလီးယားလှုပ်ရှား
မှုတွေကို သိရှိထားဖို့ လိုပါတယ်။

ယနေ့ကမ္ဘာနဲ့ နျူကလီးယား

ကမ္ဘာမှာ စီးပွားဖြစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေ ကို ၁၉၅၀
ပြည့်နှစ်တွေက စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ စီးပွားဖြစ်လည်ပတ်နေတဲ့
နျူကလီးယား ဓာတ်ပေါင်းဖိုပေါင်းဖို ၄၄၀ ရှိပြီး၊ ကမ္ဘာတစ်လွှား တည်ဆောက်ဆဲ နျူကလီးယား
ဓာတ်ပေါင်းဖိုက ၆၅ လုံးရှိပါတယ်လို့ နိုင်ငံတကာအနုမြူ စွမ်းအင်အေဂျင်စီက ထုတ်ပြန်ထားပါ
တယ်။ တစ်ကမ္ဘာလုံးက နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု
ပမာဏက မဂ္ဂါဝပ် ၃၈၀,၀၀၀ ပါ။

ချာနိုဘိုင်းလ် မတော်တဆဖြစ်ပွားခဲ့နေရာကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။အီးပီအေချာနိုဘိုင်းလ် မတော်တဆဖြစ်ပွားခဲ့နေရာကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။အီးပီအေ

ကမ္ဘာပေါ်မှာ လည်ပတ်နေတဲ့ နျူကလီးယားဓာတ်ပေါင်းဖို အားလုံးရဲ့ထက်ဝက်ကျော်ဟာ
အမေရိကန်၌ တည်ရှိပြီး၊ ဒုတိယအများဆုံးကတော့ ဥရောပ ဒေသက ပြင်သစ်နဲ့ အာရှက
ဂျပန်နိုင်ငံတို့ ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံပေါင်း ၅၆ နိုင်ငံမှာ သုတေသန နျူကလီးယား ဓာတ်ပေါင်းဖို
၂၄၀ ခုရှိပြီး၊ စစ်သုံးသင်္ဘောနဲ့ ရေငုပ်သင်္ဘောပေါင်း ၁၄၀ ကိုလည်း နျူကလီယားစွမ်းအင်နဲ့
လည်ပတ် နေပါတယ်။ ကမ္ဘာမှာ နျူကလီးယားနည်းပညာ အစပြု ခဲ့တာကတော့ ဒုတိယကမ္ဘာစစ်
အတွင်း ၁၉၄၀ ၀န်းကျင်ကပါ။ အဲဒီအချိန်တုန်းက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ယူရေနီယံ
သို့မဟုတ် ပလူတိုနီယံပါတဲ့ အိုင်ဆိုတုပ်တွေကို ခွဲထုတ် ပြီး အဏုမြူဗုံးထုတ်လုပ်ဖို့အတွက်ပဲ
ဦးတည် ခဲ့ကြတာပါ။

၁၉၅၀ ၀န်းကျင်မှာတော့ နျူကလီးယားနည်းပညာကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆိုတဲ့ ငြိမ်းချမ်းတဲ့
ရည်ရွယ်ချက်နဲ့ ကြိုးပမ်းခဲ့ ကြပါတယ်။ နိုင်ငံတော်တော်များများမှာ နျူကလီးယားဓာတ်ရောင်ခြည်နည်းနဲ့
ဆေး ကုသရေးနဲ့ စက်မှုလုပ်ငန်းသုံးအဖြစ် ရေဒီယို အိုင်ဆိုတုပ်တွေ ထုတ်လုပ်နိုင်မယ့် သုတေသန
နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည် ဆောက်ထားကြပါတယ်။ ကမ္ဘာ့နျူကလီးယားအသင်းရဲ့အဆိုအရ
လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ရှစ်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီး၊ နျူကလီးယားသုတေသန
ဓာတ်ပေါင်းဖိုတွေ ရှိတဲ့ နိုင်ငံပေါင်း ၅၆ နိုင်ငံမှာ သုံးပုံတစ်ပုံက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာ့
အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံ တို့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထား ပြီးဖြစ်သလို နျူကလီးယား
စွမ်းအင်ကို အသုံး ပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက် ရှိပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင်
အေဂျင်စီရဲ့စာရင်းဇယားတွေအရ တရုတ် နိုင်ငံမှာ လည်ပတ်နေတဲ့ နျူကလီးယားဓာတ် ပေါင်းဖိုပေါင်း
၃၃ ခုရှိပြီး၊ တည်ဆောက်ဆဲက ၂၂ ခုရှိပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ လည်ပတ်နေတဲ့
နျူကလီးယားဓာတ်ပေါင်းဖိုပေါင်း ၂၁ ခုနဲ့ တည်ဆောက်ဆဲ ခြောက်ခုရှိပါတယ်။

နျူကလီးယားနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု

တစ်ကမ္ဘာလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၁၁ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်နဲ့ ထုတ်လုပ်နေ
တာဖြစ်တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ဆိုပါတယ်။ နျူကလီးယားစွမ်းအင်ကို
အသုံးပြုပြီး ဓာတ်အားထုတ်လုပ်ရတဲ့ အကြောင်းကတော့ အခြေခံဓာတ်အားအဖြစ် အဆက်မပြတ်
ထုတ်လုပ်နိုင်တာရယ်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု
မရှိတာရယ်ကြောင့်ပါ။

ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ မစ္စတာနီကိုလိုင် ဒါရိုဖဒေါ့။အောင်ရှင် / မြန်မာတိုင်း(မ်)ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာ မစ္စတာနီကိုလိုင် ဒါရိုဖဒေါ့။အောင်ရှင် / မြန်မာတိုင်း(မ်)

ကမ္ဘာ့နိုင်ငံပေါင်း ၁၆ နိုင်ငံက လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်းရဲ့ လေးပုံတစ်ပုံကို နျူကလီးယား
စွမ်းအင်အပေါ်မှာ မှီတည်နေကြပါတယ်။ ပြင်သစ်နိုင်ငံက လေးပုံသုံးပုံကို နျူကလီးယားကနေ
လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသလို ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဖင်လန်၊ ဟန်ဂေရီ၊
ဆလိုဗက်ကီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဆလို ဗေးနီးယားနဲ့ ယူကရိန်းနိုင်ငံတွေက သုံးပုံ
တစ်ပုံကျော်ကို နျူကလီးယားစွမ်းအင်ကနေ ဓာတ်အားထုတ်လုပ်လျက်ရှိပါတယ်။

တောင်ကိုရီးယားနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက ၃၀ ရာခိုင်နှုန်းကျော်၊ အမေရိကန်၊ ဗြိတိန်၊
စပိန်၊ ရိုမေးနီးယားနဲ့ ရုရှားနိုင်ငံတွေက နျူကလီး ယားစွမ်းအင်ကို အမှီပြုပြီး ငါးပုံတစ်ပုံ လျှပ်စစ်
ဓာတ်အားကို ထုတ်လုပ်သုံးစွဲနေကြပါတယ်။ ဂျပန်နိုင်ငံက နျူကလီးယားစွမ်းအင် အပေါ်မှာ သုံးပုံတစ်ပုံမှီခိုနေရပြီး၊ နျူကလီးယားဓာတ်ပေါင်းဖိုမရှိတဲ့ နိုင်ငံတွေထဲမှာ အီတလီနဲ့ ဒိန်းမတ်နိုင်ငံတွေက
၁၀ ရာခိုင်နှုန်း သော လျှပ်စစ်ဓာတ်အားကို နျူကလီးယားက တစ်ဆင့် ရရှိနေတာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဖွံ့ဖြိုးပြီးနဲ့ အလယ် အလတ်ဖွံ့ဖြိုးမှုအဆင့်ရှိတဲ့ နိုင်ငံတိုင်းလိုလိုက နျူကလီးယားစွမ်းအင်ကို
အသုံးပြုနေကြတယ်လို့ ကမ္ဘာ့နျူကလီးယားအသင်းက ဆိုပါတယ်။

ဒေသအလိုက် နျူကလီးယားကြိုးပမ်းမှုများ

နျူကလီးယားနည်းပညာမှာ ဦးဆောင် နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားက ၂၀၂၀ ပြည့်နှစ်မှာ နျူကလီးယား
စွမ်းအင်ကနေ ဂစ်ဂါဝပ် ၃၀ ဒသမ ၅ အထိတိုးမြှင့်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ရုရှား နိုင်ငံက နိုင်ငံတော်တော်များများကို နျူကလီး ယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးနဲ့ ငွေ ရေးကြေးရေးထောက်ပံ့မှုတွေ ပေးနေတာပါ။ ရုရှားနိုင်ငံပိုင်
ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ ထုတ်ပြန်ချက်အရ ရုရှားက ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ နျူကလီးယားနည်း
ပညာနဲ့ဆိုင် တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ပေးနေပါတယ်။ ကမ္ဘာ့နျူကလီးယားအသင်းရဲ့အဆိုအရ ဥရောပ၊ အမေရိကနဲ့ တောင်အမေရိဒေသက နိုင်ငံအချို့နဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊
အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသက နိုင်ငံ တော်တော်များများဟာ နျူကလီး
ယားနည်းပညာကိုရရှိဖို့ ကြိုးပမ်းနေကြပါတယ်။ အဓိက ကတော့ နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာ နျူကလီးယားဓာတ်ပေါင်းဖို မရှိသေးတဲ့ ကမ္ဘာ့နိုင်ငံသစ် ခုနစ်နိုင်ငံဟာ မကြာမီကာလအတွင်းမှာ နျူကလီးယားဓာတ် ပေါင်းဖိုတွေ ပိုင်ဆိုင်လာတော့မှာဖြစ်တယ်လို့
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ ပြောဆိုထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ လစ်သူယေးနီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တူရကီ၊ ဘယ်လာရုစ်၊
ဗီယက်နမ်၊ ပိုလန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက
နျူကလီးယားနည်းပညာနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနေတာ နှစ်ပေါင်း အတော်ကြာပြီဖြစ်ပေမဲ့
နျူကလီးယားအစီ အစဉ်တွေကို ခွန်တိုက်အားတိုက် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကလည်း မကြာမီကာလအတွင်းမှာ နျူကလီး
ယားဓာတ်ပေါင်းဖို ပိုင်ဆိုင်လာတော့မှာ ဖြစ်ပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်
လည်ပတ်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အားလုံးနီးပါးပြင်ဆင် ပြီးဖြစ်ပါတယ်။
မြို့တော်ဒါကာရဲ့ မြောက် ဘက် ကီလိုမီတာ ၁၆၀ အကွာရှိ ရူးပါးအရပ် မှာ ဓာတ်ပေါင်းဖိုတည်ဆောက်
သွားဖို့ နိုင်ငံ တကာအဏုမြူစွမ်းအင်က စစ်ဆေးအတည် ပြုပေးပြီး ဖြစ်ပါတယ်။ အရှေ့တောင်
အာရှနိုင်ငံတွေထဲမှာ ပထမ ဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပိုင်ဆိုင်မယ့် နိုင်ငံက ဗီယက်နမ်ဖြစ်
တယ်လို့ စီမံကိန်း ဆောင်ရွက်ပေးနေတဲ့ ရုရှားနိုင်ငံပိုင် ရိုဆာ တန်ကော်ပိုရေးရှင်း တာဝန်ရှိသူတွေက
ပြောပါတယ်။ ဗီယက်နမ်နိုင်ငံက နျူကလီး ယားနည်းပညာနဲ့ ပတ်သက်ပြီး နှစ်အတန် ကြာပြင်ဆင်နေခဲ့တာ
ဖြစ်ပါတယ်။ ဗီယက်နမ်ပြီး နောက်ထပ် နျူကလီးယားဓာတ်ပေါင်းဖိုပိုင်ဆိုင်ဖို့ အလားအလာရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားပါ။ နျူကလီးယား နည်းပညာအတွက်
အင်ဒိုနီးရှားက အင်အား အပြည့် ပြင်ဆင်နေပြီး၊ သုတေသနဓာတ် ပေါင်းဖိုတွေ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း နျူကလီးယား စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ဖို့ အစပြု ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီသုံးနိုင်ငံစလုံးက ရုရှားနိုင်ငံနဲ့
နျူကလီးယားနည်းပညာဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
"ထိုင်းမှာတော့ ပြည်သူတွေက ကန့်ကွက် နေတယ်။ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ကတော့
အရမ်းကို စိတ်အားထက်သန်နေ တယ်"ဟု ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ နိုင်ငံတကာစီးပွားရေးဌာန
ဒါရိုက်တာဖြစ်သူ မစ္စတာနီကိုလိုင် ဒါရိုဖဒေါ့က ပြောပါတယ်။

မြန်မာနဲ့ နျူကလီးယားအစီအစဉ် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသောနည်းလမ်းနဲ့
အသုံးပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန် လွှာတစ်ခုကို မြန်မာနဲ့ ရုရှားနိုင်ငံတို့
၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ နျူကလီးယားသုတေသနစင်တာ
တည်ဆောက်ဖို့နဲ့ ကျန်းမာရေးနဲ့ လယ်ယာ စိုက်ပျိုးရေးကိစ္စရပ်တွေမှာ နျူကလီးယားနည်းပညာကို
အသုံးချနိုင်ရေး ရေဒီယိုအိုင် ဆိုတုပ်တွေ ထုတ်လုပ်ဖို့ အရင်အစိုးရလက် ထက် သိပံ္ပနှင့်
နည်းပညာဝန်ကြီးဌာနနဲ့ ရိုဆာ တန်ကော်ပိုရေးရှင်းတို့ လက်မှတ်ရေးထိုးခဲ့ ကြတာပါ။
မြန်မာနိုင်ငံက နိုင်ငံတော်အဆင့်နျူကလီး ယားအစီအစဉ်မူဘောင်တစ်ခုကို နိုင်ငံတကာ
အဏုမြူစွမ်းအင်အေဂျင်စီနဲ့ ၂၀၀၉ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သလို နိုင်ငံတကာ
အဏုမြူစွမ်းအင်အေဂျင်စီရဲ့ ဖြည့်စွက်လုပ် ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်ကိုလည်း
၂၀၁၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ကမ္ဘာ့နျူကလီးယားအသင်းက ဆိုပါတယ်။
နျူကလီးယားနည်းပညာ ပူးပေါင်းဆောင် ရွက်ရေးအတွက် ဒီနှစ်ထဲမှာပဲ နိုင်ငံတော်အဆင့်
ပူးပေါင်းပါဝင်မယ့် သီးခြားလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ရုရှားတာဝန်ရှိသူတွေက မော်စကိုမြို့မှာ မြန်မာတိုင်း (မ်) ကို ပြောကြားခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေက ရုရှားနဲ့ မြန်မာ နိုင်ငံအကြားမှာ ရှေ့ဆက်လုပ်ဆောင်ဖို့ အခြေခံ
လုပ်ထုံးလုပ်နည်းတွေ ဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင် ရိုဆာတန်ကော်ပိုရေးရှင်းရဲ့ နိုင်ငံတကာစီးပွားရေးဌာန
ဒါရိုက်တာဖြစ်သူ မစ္စတာနီကိုလိုင်က ပြောပါတယ်။ "မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့စီမံကိန်းကို
အမှန်တကယ် ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့ လုပ်ငန်းဖော် ဆောင်ရေးအဖွဲ့တစ်ခုကို
ဒီနှစ်ထဲမှာ ဖွဲ့စည်း သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်"လို့ ၎င်းက ပြောပါတယ်။ အမှန်တကယ်တော့ ရုရှားနဲ့ မြန်မာအစိုးရတွေကြား နျူကလီးယားနည်းပညာ ဆိုင်ရာ အစိုးရချင်း သဘောတူညီမှုကို
၂၀၀၇ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံ အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း မှာ မြန်မာကျောင်းသား ရာဂဏန်းကို
နျူကလီး ယားဆက်စပ်နည်းပညာတွေ သင်ကြားပေးနေခဲ့ပြီးဖြစ်တယ်လို့လည်း မစ္စတာနီကိုလိုင်က
ဆိုပါတယ်။

"ဒီနှစ်ထဲမှာဆို နျူကလီးယားနည်းပညာ အထူးပြုပညာတော်သင် မြန်မာကျောင်းသား သုံးယောက်
ရှိပါတယ်။ ရုရှားနိုင်ငံမှာ ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသားတွေ တော်တော်များများ ရှိခဲ့ပါပြီ။
အားလုံးပေါင်း ဆိုရင် မြန်မာကျောင်းသား ၇၀၀ ကျော် လောက်က ရုရှားနိုင်ငံမှာ ပညာသင်ဘွဲ့ရထား
ပြီးဖြစ်ပါတယ်။ အားလုံးက နျူးကလီးယား ဘာသာရပ် အဓိကမဟုတ်ပေမဲ့ ဆက်စပ်
နည်းပညာတွေဖြစ်ပါတယ်"ဟု ၎င်းက ပြောပါတယ်။

နျူကလီးယားစွမ်းအင်နှင့် ဘေးအန္တရာယ်

နျူကလီးယားစွမ်းအင်မှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ နျူကလီးယားဓာတ်ရောင် ခြည်သင့်မှု
အန္တရာယ်ပါပဲ။ အချိန်အခါမရွေး ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ နည်း ပညာပိုင်းချို့ယွင်း
အားနည်းမှုကြောင့် ဖြစ် ပေါ်လာနိုင်တဲ့ မတော်တဆမှုတွေကနေ နျူ ကလီးယားဓာတ်ရောင်ခြည်သင့်မှု
အန္တရာယ် ကျရောက်နိုင်ပါတယ်။ ၁၉၅၀ ပြည့်နှစ်ကနေ ဒီနေ့ခေတ်အထိ ကမ္ဘာတစ်လွှားမှာ
နျူကလီးယားမတော်တဆ မှု ၂၀ ကျော်ဖြစ်ပွားခဲ့ရာမှာ ၁၀ ခုလောက်က အန္တရာယ်ကြီးမားတဲ့
နျူကလီးယား မတော် တဆမှုတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။

၁၉၇၉ ခုနှစ်က အမေရိကန်နိုင်ငံ သုံးမိုင် ကျွန်းမှာဖြစ်ပွားခဲ့တဲ့ နျူကလီးယားမတော် တဆမှု၊ ၁၉၈၆
ခုနှစ်က ယူကရိန်းနိုင်ငံမှာဖြစ် ခဲ့တဲ့ ချာနိုဘိုင်းလ်နျူကလီးယားဓာတ်ပေါင်း ဖိုပေါက်ကွဲမှုနဲ့ ၂၀၁၁ ခုနှစ်က
ဂျပန်နိုင်ငံမှာ ဆူနာမီငလျင်ကြောင့် ဖူကူရှီးမားဓာတ်ပေါင်း ဖို ပျက်စီးခဲ့ရတဲ့ဖြစ်စဉ်တွေကတော့
အဆိုးဆုံး ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် ကမ္ဘာ့နိုင်ငံအသီး သီးက ပြည်သူတွေဟာ
နျူကလီးယားစွမ်းအင်နဲ့လည်ပတ်မယ့် ဓာတ်ပေါင်းဖိုစီမံကိန်းတွေ ကို အပြင်းအထန်
ကန့်ကွက်နေကြပါ တယ်။ နျူကလီးယားစွမ်းအင်ကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့
နေရောင်ခြည်နဲ့ လေစွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းလာကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
အဲဒီအထဲမှာ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေက ထိပ်ဆုံးက ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာရှိတဲ့ နျူကလီးယားဓာတ် ပေါင်းဖို ၁၇ ခုလုံးကို ၂၀၂၂ ခုနှစ်မှာ အပြီး
သတ်ပိတ်သိမ်းဖို့ ပြင်ဆင်ထားပြီး လက်ရှိမှာ နျူကလီးယာဓာတ်ပေါင်းဖို ကိုးခုကို ပိတ်သိမ်း
ခဲ့ပြီးဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ထုတ် နေရှင်နယ်ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
ဂျာမနီနဲ့ နယ်သာလန်နိုင်ငံ တွေနဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး
စီမံကိန်း တွေကို အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါတယ်။ နျူကလီးယားစွမ်းအင် အသုံးများတဲ့
စီးပွားရေးအင်အားကြီး ဂျပန်နိုင်ငံမှာလည်း နျူကလီးယားဓာတ်ပေါင်းဖို ပိတ်ပင်ဖို့၊ နျူ ကလီးယား
စွမ်းအင်အသုံးပြုရေး ထိန်းချုပ်ဖို့ လူထုဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။ နျူကလီးယားဘေး
အန္တရာယ်ဆိုတဲ့ နေရာမှာ အထက်က ဖြစ်နိုင်ခြေအကြောင်းတွေ အပြင် နျူကလီးယားစွန့်ပစ်ပစ္စည်းတွေရဲ့
အန္တရာယ်ကလည်း ကြီးမားပါတယ်။

ရုရှားနိုင်ငံအလယ်ပိုင်းရှိ နိုဘိုဘိုရိုနော့ရှ် နျူကလီးယားဓာတ်ပေါင်းဖိုသစ်ကို ယခုလဆန်းပိုင်းက တွေ့ရစဉ်။အောင်ရှင် / မြန်မာတိုင်း(မ်)ရုရှားနိုင်ငံအလယ်ပိုင်းရှိ နိုဘိုဘိုရိုနော့ရှ် နျူကလီးယားဓာတ်ပေါင်းဖိုသစ်ကို ယခုလဆန်းပိုင်းက တွေ့ရစဉ်။အောင်ရှင် / မြန်မာတိုင်း(မ်)

ကမ္ဘာ တစ်လွှားက လည်ပတ်နေတဲ့ ဓာတ်ပေါင်းဖိုတွေရဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ယူရေနီယံကို
ပြန်လည်အသုံးပြုလည်ပတ်တဲ့ နိုင်ငံ အနည်း ငယ်သာရှိတယ်လို့ နျူကလီးယားပညာရှင်တွေက
ထောက်ပြထားပါတယ်။

သို့ပေမဲ့လည်း စွမ်းအင်လိုအပ်ချက် မြင့်မားပြီးရင်း မြင့်မားလာနေတဲ့ ယနေ့ကမ္ဘာ ကြီးမှာ
နျူကလီးယားနည်းပညာကို ကျယ် ကျယ်ပြန့်ပြန့်အသုံးချနိုင်ဖို့ ဆက်လက်ကြိုး ပမ်းနေကြဦးမှာ
အသေအချာပါပဲ။ တိုးတက် လာတဲ့ နည်းပညာအကူအညီနဲ့ အရင်းအမြစ် မျိုးစုံကနေ စွမ်းအင်
ထုတ်လုပ်နိုင်ပြီ ဆိုပေ မဲ့ တစ်ခုစီတိုင်းမှာ အားနည်းချက်တစ်မျိုးစီ ရှိနေတဲ့အတွက် နျူကလီးယား
နည်းပညာ နောက်ကို ကမ္ဘာ့နိုင်ငံတွေ လိုက်နေကြဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ