လာအို-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် လေးနိုင်ငံကုန်သွယ်မှုပြုနိုင်မည်

လာအို- မြန်မာ ချစ်ကြည်ရေးတံတားကို ဖြတ်သန်း၍ လေးနိုင်ငံ ကုန်သွယ်မှုပြုနိုင်ရေး
အတွက် အမြန်ဆုံး ကုန်သွယ်မှု တရားဝင် ဖွင့်လှစ်နိုင်ရန် စောင့်ဆိုင်းနေကြောင်း
တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကုန်သည် များအသင်း ဥက္ကဋ္ဌဦးမြင့်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်နှင့် လာအိုနိုင်ငံ လွန်နသမ်
ပြည်နယ်၊ လောင်းခရိုင်၊ ဇမ်းကုတ်မြို့နယ် တို့ကို ဆက်သွယ် တည်ဆောက်ထားသည့်
မြန်မာလာအို ချစ်ကြည်ရေးတံတားကို နှစ်နိုင်ငံသမ္မတများက ယမန်နှစ် မေလဆန်းတွင်
ဖွင့်လှစ်ခဲ့သည်။

အဆိုပါတံတားသည် ဗီယက်နမ်နိုင်ငံ ဟိုင်းဖုန်းဆိပ်ကမ်းမှ လာအို နိုင်ငံကို ဖြတ်ပြီး
မြန်မာနိုင်ငံ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မည့် မြောက်ပိုင်းစီးပွားရေး
စင်္ကြံပေါ်တွင် တည်ရှိရာ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအတွက် အကျိုး စီးပွား ဖြစ်ထွန်း
လာရန် မျှော်မှန်းရသည်။ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန် သွယ်မှု တရားဝင်ဖွင့်လှစ်ပါက
မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်မှုပြုနိုင် မည်ဖြစ်သည်။

သို့သော် လက်ရှိတွင် နှစ်နိုင်ငံ နယ်နမိတ် တိုင်းတာသတ်မှတ်ရေး အဆင် မပြေသဖြင့်
ယမန်နှစ်က တံတားဖွင့်လှစ်ခဲ့ သော်လည်း တရားဝင်ကုန်သွယ်မှုများကိုမစတင်နိုင်သေးပေ။
"နှစ်နိုင်ငံသဘောတူညီချက် ပဋိညာဉ် စာချုပ်မချုပ်ရသေးဘူး လို့သိရတယ်။ အဓိက ကတော့
ကုန်သွယ်မှု ဖွင့်လှစ်နိုင်ရေးပဲ။ နယ်နိမိတ်သတ်မှတ်တာ အဆင်မပြေသေးတဲ့ အတွက်
နောက်ထပ် သဘောတူလက်မှတ် ထိုးရဦးမယ်ထင်တယ်။ ဌာနဆိုင်ရာ အားလုံးက
အဆင်သင့်ပဲ။ ဒါပေမဲ့ တံတားက ကုန်သွယ်မှုမဖွင့်သေးတဲ့အတွက် သွားလို့မရဘူး"ဟု
ဦးမြင့်ဦးက ပြောသည်။

လက်ရှိတွင် တာချီလိတ်နယ်စပ် ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ထိုင်းနှင့် ကုန်သွယ်မှု
ပြုနေပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် မူ ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းသို့
ပို့ဆောင် ကာ ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောတင်၍ တရုတ်ပင်လယ်ကို ဖြတ်ကာ
ကုန်သွယ်မှု ပြုနေရသည်။ တရုတ်နိုင်ငံက သွင်းကုန်များ တာချီလိတ်ဈေးကွက်အတွင်း
တင်သွင်းရာတွင် မိုင်းလားဒေသမှတစ်ဆင့် ဖြတ်၍ တင်သွင်းကြောင်း သိရသည်။

အဆိုပါ တံတားကုန်သွယ်ရေး တရားဝင် ဖွင့်လှစ်လိုက်ပါက အဓိကထား ကုန်သွယ်ဖက်
ဖြစ်သော တရုတ်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုနီးစပ်သွားမည်ဖြစ်သည်။ လာအို-တရုတ်ကို
ဆက်သွယ်သည့် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ထားခြင်းကြောင့် ရှမ်းပြည်နယ် တွင်ရှိသော
သတ္တုအပါအ၀င် ဒေသထွက်ကုန် များကို တရုတ်နိုင်ငံသို့ သယ်ယူစရိတ် သက်သာစွာ
တင်ပို့နိုင်မည်ဖြစ်သည်။ ပြည်တွင်း ကုန်သည်များက ထိုင်းနိုင်ငံမှ စားသောက်ကုန် များကို
ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တစ်ဆင့် ပြန်လည် တင်ပို့နိုင်မည်ဖြစ်သည်။ သို့သော် လာအို-မြန်မာ
ကုန်သွယ်မှု ပမာဏမှာ နည်းနေသေးသည်။

"တကယ်လို့များ ဒီတံတားကြီး ကုန်သွယ်မှု ဖွင့်ခဲ့ရင် မိုင်းလားကို ဖြတ်စရာမလိုတော့ဘူး။
ထိုင်းမှာရှိတဲ့ ပစ္စည်းပဲ ပို့ပို့၊ မြန်မာက သတ္တုပဲ ပို့ပို့ တရုတ်ပြည်ကို ဒီတံတားကနေ ဟိုဘက်
ကမ်း ရောက်တာနဲ့ တရုတ်ကားတွေကို တင်လို့ ရတယ်"ဟု ဦးမြင့်ဦးက ပြောသည်။ တံတားမှ
တစ်ဆင့် ကုန်သွယ်မှုပြုရေး ရှမ်းပြည်နယ်အစိုးရ ၀န်ကြီးချုပ် လာရောက် စဉ်က ပြောဆို
တင်ပြမှုများ ရှိခဲ့သော်လည်း တံတားနယ်နိမိတ် တိုင်းတာသတ်မှတ်နိုင်ရေးမှာ ပြည်နယ်
အစိုးရက ဆုံးဖြတ်နိုင်မည်မဟုတ်ဘဲ နှစ်နိုင်ငံအစိုးရ အကြီးအကဲများက လုပ်ဆောင်ရ
မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ