လယ်ယာကဏ္ဍ စုပေါင်းထုတ်လုပ်မှုပုံစံ တိုးမြှင့်လုပ်ဆောင်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ လယ်ယာရိပ်သိမ်းပြီး စပါးများချွေလှေ့နေသည့် လယ်သူမတစ်ဦး။မြန်မာတိုင်း(မ်)ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ လယ်ယာရိပ်သိမ်းပြီး စပါးများချွေလှေ့နေသည့် လယ်သူမတစ်ဦး။မြန်မာတိုင်း(မ်)

လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်စွမ်း တိုးတက် လာရန်အတွက် တစ်ဦးချင်း ထုတ်လုပ်မှုမှ
အစုအဖွဲ့ဖြင့် ထုတ်လုပ်မှုအဖြစ် တိုးမြှင့် လုပ်ဆောင်နေပြီဟု လယ်ယာစိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောသည်။

ကနဦးအဆင့်အနေဖြင့် နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းနှင့်
မန္တလေး တိုင်းဒေသကြီးများတွင် ကျေးရွာ တစ်ရွာ ချင်းစီ ရွေးချယ်ကာ အစုအဖွဲ့ဖြင့်
သီးနှံထုတ် လုပ်ခြင်း၊ ဘုံလက်ကားဈေးကွက်ကို ရောင်းချ ခြင်း၊ သွင်းအားစုနှင့်

စက်ကရိယာများကို အစိုးရ အထောက်အပံ့ဖြင့် စုပေါင်းသုံးစွဲသည့် စနစ်များကို
စတင်လုပ်ဆောင်နေပြီဟု ၎င်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

"တစ်ဦးချင်းထုတ်လုပ်မှုကြောင့် လယ် သမားတွေဟာ ဈေးကွက်ကို မချိတ်ဆက် နိုင်ပဲ
သွင်းအားစုတွေကိုလည်း အတိုးနှုန်း အများကြီးနဲ့ သုံးနေရတယ်။ လယ်သမားက
အစုအဖွဲ့နဲ့ဖြစ်လာရင် သမ၀ါယမလည်း ပါတဲ့ အတွက် အစုအဖွဲ့ လယ်သမားတွေကို
သူတို့ ပိုင်ဆိုင်ရာ အပိုင်းလိုက် စိုက်ပျိုးခိုင်းမယ်။ စုပေါင်းထုတ်လုပ်မှုဖြစ်လာမယ်။
ဖြစ်လာရင် အဖွဲ့အစည်းတွေနဲ့ လက်ကားဈေးနဲ့ ချိတ် ပေးရင် ဈေးနှိမ်မခံရတော့ဘူး။
အတိုးတွေ ပေးစရာ မလိုတော့ဘူး။ စက်တွေကို သုံးလာ နိုင်မယ်။ ထုတ်လုပ်မှုမြန်လာမယ်" ဟု
၎င်းက ပြောသည်။

ဈေးကွက်တစ်ခုလုံး၏ ကွင်းဆက် တစ်လျှောက် ကုန်သည်နှင့် လယ်သမားကြား
ဆက်စပ်ဆောင်ရွက်ပေးရန် ၀န်ကြီးဌာနက လုပ်ဆောင်နေသည်ဟု ဦးထွန်းဝင်းက ပြောသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ကတည်းက ရေကြီးမှု ဒဏ်ခံနေရသည့် မြစ်ဝကျွန်းပေါ်ဒေသတွင်
နွေသီးနှံ ဧကလေးသန်းကို မြစ်ရေတင် စီမံကိန်းဖြင့် လာမည့် နွေစပါးရာသီမှ စတင်
စိုက်ပျိုးနိုင်ရန် ၀န်ကြီးဌာနက ပြင်ဆင်နေ ကြောင်း ဦးထွန်းဝင်းက ပြောသည်။

"ဧရာဝတီမှာ ရေချိုက ဧကနှစ်သန်းစာ အတွက်ပဲ ရတယ်ဆိုရင်တောင် တစ်ဧက
ဆန် တစ်တန်ခွဲနှုန်း အနည်းဆုံးထွက်နိုင်တယ်။ ဧကနှစ်သန်းဆို တန် သုံးသန်းလောက်
ရမယ်။ ဒါဟာမိုးစပါး ခြောက်သန်းစိုက်တာနဲ့ ညီတဲ့ပမာဏရှိတယ်။ မိုးတွင်းမှာ ဧကခြောက်သန်းဆိုတာ
တစ်ပြည်လုံးစိုက်ပျိုးမှုရဲ့ ထက်ဝက် နီးပါးရှိတာ။ အဲဒီတော့ မိုးစပါး ၁၅ သန်း
စိုက်တာကပြည်တွင်းစားသုံးမှု ဖူလုံတာ ဖြစ်လို့ နွေစပါးကို ပြည်ပတင်ပို့နိုင်မယ်" ဟု
၎င်းကပြောသည်။

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနရုံးမှ ဒုတိယအတွင်းဝန်
ဦးမျိုးတင့်ထွန်းက မြစ်ရေတင် စီမံကိန်း စတင်ဖို့ လိုအပ်သော ဖြစ်နိုင်ခြေ ရှိ မရှိ
စစ်တမ်းကောက်ယူမှုများ လုပ်ဆောင်နေကြောင်းနှင့် ပြည်ပချေးငွေ၊ သို့မဟုတ်
အကူအညီရရှိရန် လိုအပ်ကြောင်း ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ