တရုတ်နှင့် ကုန်သွယ်မှု ရေလမ်းကြောင်းကို ပိုမိုအားပြုလိုဟုဆို

ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောတင် ကွန်တိန်နာများကို တွေ့ရစဉ်။မြန်မာတိုင်းမ်ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောတင် ကွန်တိန်နာများကို တွေ့ရစဉ်။မြန်မာတိုင်းမ်

မြန်မာနိုင်ငံသည် အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် နယ်စပ် ကုန်သွယ်မှုမှာ
အခက်အခဲများခြင်းကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုသာ ပိုမို အားပြုလိုကြောင်း စီးပွားရေး
လုပ်ငန်းရှင်များ က ပြောသည်။

မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူ များအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က "ကျွန်တော်တို့အနေနဲ့
နယ်စပ်ကုန်သွယ်ရေး ရှိပေမဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကို အားပေးပါတယ်။ နယ်စပ်ကုန်သွယ်ရေး
လမ်းကြောင်းတွေက အမျိုးမျိုး၊ သယ်ယူ ပို့ဆောင်ရေးကအစ အ၀င်အထွက် လုပ်ရတာ ခက်တယ်။
စွန့်စားရတာတွေကလည်း များ တယ်။ မသေချာဘူး။ ကျွန်တော်တို့ဘက်က တရားဝင်၊ ဟိုဘက်က
တရားမ၀င်ဆိုတော့ တစ်ဖက်သတ် အောက်ကျတယ်။ နယ်စပ် ကုန်သွယ်ရေးက ငွေပေး၊ ငွေယူကအစ
အခက် အခဲရှိပါတယ်။ မသေချာဘူး။ ဒါကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုပဲ ချိတ်ဆက်တာပါ"ဟု
ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ တရုတ်နိုင်ငံဖြစ်ပြီး
တရားဝင်ရော တရားမ၀င် ပါ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု ပြုနေသည်။နယ်စပ် ပို့ကုန်များ
တင်ပို့ရာတွင်ပြည်တွင်း ၌ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊
ကုန်သွယ်ရေးလမ်းကြောင်းယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားခြင်းကြောင့် ကုန်စည်
ပို့ဆောင်ရာတွင် အခက်အခဲ ပိုမိုများပြားသည်ဟုကုန်သည်များက ဆိုသည်။

အဓိက အားဖြင့် ပို့ကုန်များ မြန်မာဘက်က တရားဝင် တင်ပို့သော်လည်း နယ်စပ်ရှိ
ယူနန်ပြည်နယ် အစိုးရက တရားဝင် တင်သွင်းခွင့် မပေးသေးသဖြင့် နှစ်ဖက်ကုန်သည်
အချင်းချင်း နားလည် မှုဖြင့် ရောင်းဝယ်နေကြရရာတရုတ်ဘက်က ဖမ်းဆီးမှုများပြုလုပ်ပါက
ပြည်တွင်းကုန်သည် များ ဒုက္ခရောက်ကြရကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် လားရှိုးဪမူဆည်လမ်းကို ဖြတ်သန်းရာတွင်
အနည်းဆုံးတစ်ရက်ခွဲမှ နှစ်ရက်ထိ ကြာမြင့်နေရာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအခက်အခဲ ဖြစ်နေခြင်းကြောင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး ပြဿနာအတွက်
အစိုးရအနေဖြင့်ဖြေရှင်းရန် လိုအပ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း
ဗဟိုကော်မတီဝင် ဦးစိုးမြကပြောသည်။

၎င်းက"ကားလည်း ငှားရတာခက်ခဲတယ်။ ဈေးနှုန်းကြီးတယ်။ တစ်ဖက်နိုင်ငံမှာ ရှိတဲ့
ဂိုဒေါင်က ကိုယ်ဂိုဒေါင်မဟုတ်ပဲမသေချာသေးဘူး။ ငွေလဲလှယ်နှုန်းကလည်း အမြဲတမ်း
ပြောင်းလဲနေတဲ့အတွက် အဲဒီအပေါ်မှာလည်း သက်ရောက်မှုဖြစ်တယ်"ဟု ၎င်းကပြောသည်။

တရုတ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ် မှုကို ကွမ်းရှီးပြည်နယ်၊ကွမ်းတောင်းပြည်နယ် နှင့်
တရုတ်ပြည် မြောက်ပိုင်းတို့နှင့် လုပ်ဆောင် နေသည်။

အဆိုပါ လမ်းကြောင်းမှာ တရားဝင် ၀ယ်ယူခြင်းကြောင့် စာရွက်စာတမ်း လွှဲပြောင်း
ပေးပို့သော L/C စနစ်ဖြင့် နှစ်နိုင်ငံ ဘဏ်အချင်းချင်းချိတ်ဆက် ငွေကြေးလွှဲပြောင်း၍
အဆင်ပြေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း များကို တရုတ် ယူနန်ပြည်နယ်ဘက်က
ပိုလို ချင်သဖြင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လာရောက်
ဆွေးနွေးမှုများ ရှိသော်လည်း မြန်မာနိုင်ငံပို့ကုန်များအပေါ် လတ်တလောတွင်
အခွန်နှုန်းထားမြင့်မားမှု များ ရှိနေသေးကြောင်းနှင့် တရားဝင် တင်သွင်း ခွင့်ရရှိမည့်
Quota စနစ်ကိုလည်း မပေးသေးကြောင်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လတ်က ပြောသည်။

သို့သော် ယူနန်အစိုးရက မြန်မာနိုင်ငံ၏ ပြောင်း၊ ဆန် တင်ပို့မှုများကို တင်းတင်း
ကျပ်ကျပ် လုပ်ဆောင်ခြင်းမရှိဘဲ လက်ခံပေး ကြောင်း၊ နိုင်ငံတကာတွင် ကုန်သွယ်မှု
အတွက် ဘဏ်အချင်းချင်းချိတ်ဆက်ဆောင် ရွက်ကြပြီး တရုတ်နယ်စပ် ကုန်သည်များက
ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ လက်ရှိ နယ်စပ်ကုန်သွယ်မှု ပြုရာတွင် ဘဏ်ကို
အသုံးမပြုဘဲ ကုန်သည်အချင်းချင်း ချိတ်ဆက်ရောင်းချနေကြသည်ဟု သိရသည်။

"ဘာလို့လဲဆိုရင် ဘဏ်နှစ်ခုချိတ်ဆက် ဆောင်ရွက်ဖို့ဆိုရင် ဒေါ်လာငွေကြေးနဲ့
ဆောင်ရွက်ရမယ်။ နယ်စပ်က ကုန်သည်တွေ က ဒေါ်လာနဲ့ အရောင်းအ၀ယ်
လုပ်နေတာ မဟုတ်ဘူး။ ကျပ်၊ ယွမ်နဲ့ အရောင်းအ၀ယ်လုပ်နေတာ"ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကရသော စာရင်းများအရ
တရုတ် မြန်မာ ကုန်သွယ်မှုတွင်၂၀၁၆-၁၇ ဘဏ္ဍာနှစ် စမှ စက်တင်ဘာ ၁၆ ရက်အထိ
ပို့ကုန်မှာ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှု အမေရိကန် ဒေါ်လာ ၁၅၉ ဒသမ
၂၇၈ သန်းရှိပြီး သွင်းကုန်မှာ ၁၆၃၁ ဒသမ ၁၀၈ သန်း ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ