အိန္ဒိယအစိုးရက ငွေကြေးရုပ်သိမ်းမှု ကြေညာအပြီး တမူးနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ -အိန္ဒိယနယ်စပ်၊ တမူးမြို့ရှိ နန်းဖာလုံဈေးကို နိုဝင်ဘာလအတွင်းက တွေ့မြင်ရစဉ်။ပေးပို့စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ -အိန္ဒိယနယ်စပ်၊ တမူးမြို့ရှိ နန်းဖာလုံဈေးကို နိုဝင်ဘာလအတွင်းက တွေ့မြင်ရစဉ်။ပေးပို့

အိန္ဒိယအစိုးရက ရူပီးငွေ ၁,၀၀၀ တန်နှင့် ၅၀၀ တန်များကို ရုပ်သိမ်းမည်ဟု လွန်ခဲ့သော
ရက်သတ္တပတ်က ကြေညာအပြီးတွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုဖြစ်သော
တမူးနယ်စပ်ကုန်သွယ်မှုမှာ ရပ်ဆိုင်းသွားခဲ့ ကြောင်း နယ်စပ်ရှိ မြန်မာကုန်သည်များက
ပြောသည်။

ယခုအချိန်တွင် မြန်မာကုန်သည်များနှင့် နယ်စပ်ရှိ နန်းဖာလုံဈေးသည်များ လက်ထဲတွင်
အိန္ဒိယ ရူပီးငွေများ ရှိနေပြီး ဆုံးရှုံးနိုင်ခြေ ရှိခြင်းကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း အတွင်းရေးမှူး ဦးခင်မောင်တင်က
"ကိုယ့်ဘက်က အခက်အခဲကတော့ အရောင်းအ၀ယ်ရပ်သွားတယ်။ အကြွေးရစရာတွေရှိတယ်။
အကြွေးတွေ မရနိုင်သေးဘူး။ လက်ထဲ မှာရှိတဲ့ အိန္ဒိယငွေတွေကို ဘယ်လောက် ဆုံးရှုံးပြီး ပြန်ရောင်းလို့ရမလားဆိုတာ စောင့်ကြည့်နေရတယ်။ ငွေက လည်ပတ်မှုမရှိတဲ့အတွက်
လုပ်ငန်းတွေ အကုန်ရပ်သွားတာ။ ကျွန်တော်တို့မြန်မာတွေရဲ့ လက်ထဲမှာလည်း အိန္ဒိယငွေတွေ
မိတယ်။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အခုနစ်နာဆုံးရှုံးမှုကြုံ တွေ့နေရတဲ့
အခက်အခဲပေါ့။ ဆုံးမယ်၊ မဆုံး ဖူးဆိုတာတော့ သေချာမပြောနိုင်သေးဘူး ပေါ့"ဟု
မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနှင့် အိန္ဒိယသည် ကုန်သွယ်မှု အရောင်းအ၀ယ်ပြုလုပ်ရာတွင် အိန္ဒိယနိုင်ငံ ၏
နေ့စဉ်ငွေလဲနှုန်းအပေါ် မူတည်၍ အနီး အနားရှိ နယ်စပ်မြို့များနှင့် အရောင်းအ၀ယ် ပြုလုပ်ရာတွင်
ရူပီးငွေဖြင့်သာ အရောင်း အ၀ယ်ပြုလုပ်ကြကြောင်း သိရသည်။

ယင်းသို့ နယ်စပ်တွင် ရူပီးငွေဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်ကြရာ တမူးကုန်သည် များနှင့်
ဈေးသည်များ လက်ထဲတွင် ခန့်မှန်းခြေ စုစုပေါင်းရှိငွေမှာ အိန္ဒိယရူပီးငွေ သိန်းပေါင်း ၂,၁၀၀ ရှိပြီး
မြန်မာကျပ်ငွေတန်ဖိုးနှင့် နှိုင်းယှဉ်ပါက ကျပ်သိန်းပေါင်း ၃၇,၀၀၀ နှင့် ၃၈,၀၀၀ ကြားတွင်
အနည်းဆုံးရှိနေကြောင်း ဦးခင်မောင်တင်က ပြောသည်။ ထို့ပြင် ရိဒ်နယ်စပ်ကုန်သွယ်ရေးရှိ
ကုန်သည်များ လက်ထဲတွင်လည်း အိန္ဒိယရူပီး ငွေများ ရှိနေနိုင်သည်။ အိန္ဒိယအစိုးရက
၎င်းတို့နိုင်ငံသားသည် မှတ်ပုံတင်၊ သို့မဟုတ် အိုင်ဒီကတ်တို့ဖြင့် အိန္ဒိယဘဏ်အများတွင်
ငွေပြန်သွင်း လဲလှယ် ၍ရပြီး စီးပွားရေးသမားများအနေဖြင့် မိမိ လုပ်ငန်း တင်ပြ၍ ငွေလဲမှု
လုပ်ဆောင်ရမည် ဖြစ်သည်။

ရိုးရိုးအရပ်သားဖြစ်ပါက အမျိုး သားတစ်ဦးလျှင် ရူပီးနှစ်သိန်းခွဲ၊ အမျိုးသမီးတစ်ဦးလျှင် ရူပီးနှစ်သိန်း
လဲလှယ်ပေးမည်ဟု သတ်မှတ်ထားသည်ကို ကြားသိရကြောင်း တမူးဒေသခံများက ပြောသည်။

အဆိုပါအခွင့်အရေးသည် အိန္ဒိယနိုင်ငံ သားများသာ ရခြင်းကြောင့် ရူပီးငွေလက်ဝယ် ရှိနေသော
မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံသို့ သွားလဲလှယ်၍မရဘဲ ကုန်ပစ္စည်းပြန်ဝယ်မှုကိုလည်း
လက်ရှိအချိန်တွင် အိန္ဒိယကုန်သည်များက ရောင်းချလိုခြင်း မရှိကြောင်း ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံသားများအနေဖြင့်လည်း အရောင်းအ၀ယ်ဘက်တွင် မလုပ်ဆောင်နိုင် တော့ဘဲ
၎င်းတို့ငွေကြေးကို ဘဏ်တွင် ပြန် အပ်နှံရန် နေ့စဉ် တန်းစီစောင့်ဆိုင်းနေကြ ရပြီး တစ်ရက်လျှင်
အိန္ဒိယရူပီးငွေ ၄,၀၀၀ သာ ထုတ်ပေးနေကြောင်း သိရသည်။ "ကျွန်တော်တို့က ငွေစက္ကူ ပိုက်မိနေတဲ့
အတွက် အဆင်မပြေဘူး။ သူတို့အစိုးရဘဏ် က သူတို့နိုင်ငံသားမှတ်ပုံတင်ရှိရင် တစ်ဦးကို ရူပီး
နှစ်သိန်း ထုတ်လို့ရမယ်။ ရက် ၅၀ မှာ တစ်ရက်ကို ရူပီး ၄,၀၀၀ ပဲ ထုတ်ပေးမယ်။ ဟိုဘက်ဒီဘက်
ကုန်သည်တွေမှာ လက်ထဲမှာ ရှိတာက ရူပီး နှစ်သိန်းမှ မကတာ။ သူတို့ အိန္ဒိယဘဏ်မှာ လဲရမယ်။
မှတ်ပုံတင်ပြ ရမယ်။ ငွေသွင်းရမယ်ပေါ့။ အခွန်ရှောင်တဲ့ သူတွေ အခွန်စည်းကြပ်မယ်ပေါ့။
အဲဒီလို ကြားတယ်"ဟု တမူးကုန်သည် ဦးအေးကျော် က ပြောသည်။

လက်ရှိ အိန္ဒိယရူပီးငွေနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ ရူပီး ၁၀၀ တန်လျှင် မြန်မာငွေ
ကျပ် ၁,၉၅၀ ပေါက်ဈေး ဖြစ်နေသော်လည်း နန်းဖာလုံဈေးရှိ ဈေးသည်အချို့မှာ အိန္ဒိယ
အစိုးရက ရုတ်သိမ်းမည် ကြေညာသော ရူပီး ၅၀၀ တန်နှင့် ရူပီး ၁,၀၀၀ တန်များကို ရူပီး
၁၀၀ နှုန်းလျှင် မြန်မာကျပ်ငွေ ၁,၂၀၀ မှ ၁,၅၀၀ ကျပ်နှုန်းအထိ ငွေလဲလုပ်ငန်းများတွင် ဈေးနှုန်း
လျှော့ချ၍ လဲလှယ်နေရရာ အိန္ဒိယရူပီးငွေ တစ်သိန်းလျှင် မြန်မာငွေ လေးသိန်းနီးပါး နစ်နာသည်ဟု
အဆိုပါဈေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဌေးက ပြောသည်။ ကုန်သွယ်မှုရပ်ဆိုင်းခြင်း
အိန္ဒိယရူပီးငွေ များ လက်ဝယ်ရှိနေခြင်းနှင့် ပတ်သက်၍ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ရန်
တမူး နယ်စပ်ကုန်သွယ်ရေးအသင်းက တမူးရှိ စီးပွားကူးသန်းရုံးသို့ တင်ပြထားကြာင်း
ဦးခင်မောင်တင်က ပြောသည်။

"ရုံးချုပ်ကနေ သံတမန်နည်းလမ်းအရ လုပ်လို့ရရင်တော့ လုပ်မယ်ဆိုတဲ့ သတင်း စကားတော့
ကြားတယ်"ဟု ၎င်းက ဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ရှိ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တင်ပြမှုရောက်ရှိလာခြင်း မရှိသေးကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

၎င်းက "ဘယ်လိုနည်းလမ်းနဲ့ ဆောင်ရွက် ရမှာက စီးပွားကူးသန်းတစ်ခုတည်း လုပ်မရ ဘူးဖြစ်နေတယ်။
သက်ဆိုင်ရာဌာနတွေနဲ့ ညှိရမယ့်သဘောမျိုး။ အခုလက်ရှိကတော့ နယ်စပ်က တစ်ဖက်ကုန်သည်တွေနဲ့
ချိတ်ဆက်ပြီး လဲနေတယ်လို့ ကြားသိရတယ်"ဟု ပြောသည်။ မြန်မာအစိုးရက အမေရိကန်ဒေါ်လာ၊
ယူရို၊ ယွမ်၊ စင်ကာပူဒေါ်လာတို့ကိုသာ Hard Currency အဖြစ် သတ်မှတ်ထားပြီး မြန်မာ နိုင်ငံက
သတ်မှတ်ထားသည့် ငွေကြေးဖြစ် ပါက အချိန်မရွေး လဲလှယ်နိုင်သော်လည်း ရူပီးငွေနှင့်
ဘတ်ငွေများသည် မြန်မာနိုင်ငံ အစိုးရအနေဖြင့် သတ်မှတ်ထားသည့် Hard Currency
မဟုတ်သောကြောင့် အခက်အခဲ တစ်ခုဖြစ်ကြောင်း၊ သို့သော် နယ်စပ်ဒေသ များသည် နှစ်နိုင်ငံ
ငွေကြေးဖြင့်သာ အရောင်း အ၀ယ်ပြုလုပ်ကြသည်။

"တမူးနယ်စပ် ကုန်သွယ်ရေးအသင်း အနေဖြင့်လည်း မန္တလေးရှိ အိန္ဒိယ ကောင် စစ်ဝန်ရုံးကို
ဖုန်းနဲ့ လှမ်းပြောထားတယ်။ ကျွန်တော်တို့ ကုန်သည်တွေအနေနဲ့လည်း နစ်နာမှုရှိနေတယ်။
ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာတွေ မေးမြန်းထားတယ်။ သူတို့က တော့ လောလောဆယ်
ဘာမှမပြောနိုင်သေး ဘူး"ဟု ဦးခင်မောင်တင်က ပြောသည်။

အိန္ဒိယနှင့် မြန်မာတို့ ကုန်သွယ်မှုပြုရာတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးနယ်စပ် ကုန်သွယ်ရေးနှင့်
ချင်းပြည်နယ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတို့မှ ကုန်သွယ်မှု ပြုလျက်ရှိပြီး လက်ရှိတွင်
ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာ နှောင့်နှေး သွားပြီး တမူးကုန်သွယ်ရေးလမ်းကြောင်းမှာလည်း
ရပ်နားလိုက်ရသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက် တိုဘာလကုန်အထိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ
ကုန်သွယ်မှု လျာထားချက်သည် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ပြီး အမှန် တကယ်
ဆောင်ရွက်နိုင်မှုမှာ ကန်ဒေါ်လာ ၄၁ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နှစ်နိုင်ငံနယ်စပ်ကုန် သွယ်မှုတွင် မြန်မာနိုင်ငံမှ ကွမ်းသီးကို အများ ဆုံးတင်ပို့ပြီး အိန္ဒိယဘက်မှ
စားတော်ပဲ၊ ဂျုံမှုန့်၊ ပဲရာဇာ၊ ချည်များ၊ မော်တော်ဆိုင်ကယ်များ တင်သွင်းလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ