နိုင်ငံရေးမတည်ငြိမ်မှု ရိုက်ခက်ခြင်းခံခဲ့ရတဲ့ ၂၀၁၆ ခုနှစ် မြန်မာ့ကုန်သွယ်ရေး

ရန်ကုန်မြစ်ဝ ဆိပ်ကမ်းတွင် တွေ့မြင်ရသည့် ကွန်တိန်နာများနှင့် ပင်လယ်ကူးသင်္ဘောများ။ ဓာတ်ပုံ - မြန်မာတိုင်းမ်ရန်ကုန်မြစ်ဝ ဆိပ်ကမ်းတွင် တွေ့မြင်ရသည့် ကွန်တိန်နာများနှင့် ပင်လယ်ကူးသင်္ဘောများ။ ဓာတ်ပုံ - မြန်မာတိုင်းမ်

မြန်မာ့ကုန်သွယ်ရေးကဏ္ဍဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ အပြောင်းအလဲတွေ၊ အခွင့်အလမ်းကောင်းတွေ
ရှိခဲ့ပေမယ့် နိုင်ငံတွင်း မငြိမ်းချမ်းမှုတွေကြောင့် ကုန်သွယ်မှုအပေါ် ရိုက်ခတ်ခဲ့တဲ့ နှစ်တစ်နှစ်လို့
ဆိုရမှာပါ။

အစိုးရသစ်တာဝန်မယူခင် နှစ်ဆန်းပိုင်း သုံးလတာအတွင်းမှာ ကုန်သွယ်မှုအနေအထားက
အပြောင်းအလဲတွေ သိပ်မရှိဘဲ ပုံမှန်အနေအထားကို ဆက်သွားခဲ့တာပါ။

အစိုးရသစ် စတင် တာဝန်ထမ်းဆောင်ချိန်မှာတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဒေါက်တာသန်းမြင့်က ငါးနှစ်တာကာလအတွင်း ပို့ကုန်သုံးဆ မြင့်တက်အောင်လုပ်ဆောင်သွားမယ်လို့
စတင်ပြောဆိုခဲ့ပါတယ်။

ပို့ကုန်သုံးဆ မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ကုန်သွယ်မှုတိုးတက်ဖို့၊ ပို့ကုန်တွေ
တိုးတက်လာအောင် ကုန်သွယ်မှု မူဝါဒ ဖြေလျော့မှုတွေ များစွာကို စီးပွားရေးနဲ့ ကူးသန်းဝန်ကြီးဌာနက
အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်ခဲ့ပါတယ်။

ပို့ကုန်ပမာဏ မြင့်တက်လာပြီး နှစ်စဉ် ကုန်သွယ်မှုလိုငွေပြနေတဲ့ မြန်မာ့ကုန်သွယ်မှုကို
လိုငွေပြမှုလျှော့ချနိုင်ဖို့ ဖြေလျှော့ပေးမှုတွေ လုပ်ခဲ့ပါတယ်။ အရင် အစိုးရခေတ်အဆက်ဆက်က
ကန့်သတ်ကုန်ပစ္စည်း ၁၂ မျိုး ထဲကနေ ငါးမျိုးကို ကန့်သတ်စာရင်းကနေ ပယ်ပျက်စေခဲ့ပြီး
ပြန်လည်တင်ပို့ခွင့်ပြုခဲ့တာပါ။

အဲဒီငါးမျိုးကတော့ ပန်းနှမ်းဆီ၊ မုန်ညင်းစေ့၊ မုန်ညင်းဆီ၊ နေကြာစေ့၊ နေကြာဆီ၊ ဆီကြိတ်ဖတ်
အားလုံးနဲ့ ပုဇွန်ဖွဲ ကုန်ပစ္စည်းတွေကို ဩဂုတ်လအတွင်းက ဖြေလျော့ပေး လိုက်တာဖြစ်ပြီး
လာမယ့်နှစ်မှာ ထပ်မံဖြေလျော့မှုတွေ လုပ်ဖို့လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့
ပြင်ဆင်ဆောင်ရွက်နေတယ်လို့ စီးပွားကူးသန်းရဲ့ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က
ပြောဆိုထားပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကစပြီး အွန်လိုင်း အပြည့်အ၀အသုံးပြု ပို့ကုန်၊ သွင်းကုန် လိုင်စင်စနစ်
လိုင်စင်လျှောက်ထားခြင်းဖြင့် ထုတ်ယူခြင်း ငွေပေးချေခြင်း (e-Payment) လုပ်ငန်းများအားလုံးကို
Myanmar Tradenent Website အသုံးပြုဆောင်ရွက်ခဲ့ပါတယ်။

ပို့ကုန်ဝင်ငွေ ပမာဏမြင့်တက်စေဖို့ (Re export) စနစ်နဲ့ ယခင်က သကြား၊ ကွမ်းသီး၊
စက်သုံးဆီတို့သာ ဆောင်ရွက်ပေးရာကနေ ကားတာယာ၊ နှမ်း၊ မြေပဲ၊ ၀ါဂွမ်း တွေ ပါဝင်တဲ့
ကုန်စည် ၁၄ မျိုးကို ဇွန်လအတွင်းမှာ ထပ်မံခွင့်ပြုခဲ့ပြီး (Re export) စနစ်နဲ့ သကြားတင်ပို့မှုဟာ
များစွာအောင်မြင် တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

အရင် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ကန်ပိုက်တီးနယ်စပ်စခန်းကနေ
ဖားကန့်ကျောက်စိမ်းတူးဖော်ဒေသကို ၀င်ရောက်လာတဲ့ လုပ်ငန်းသုံး ယာဉ်၊ ယန္တရား တင်သွင်းခွင့်
ပိတ်သိမ်းခဲ့မှုကို လက်ရှိ အစိုးရက ဆက်လက်ပိတ်ထားခဲ့ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊
အကောက်ခွန်ဌာနတို့ ပူးပေါင်း စနစ်တကျစိစစ်နိုင်မယ့် နယ်စပ်စခန်းများဖြစ်တဲ့ မြ၀တီ၊ မူဆယ်၊
တာချီလိတ် နယ်စပ်စခန်းတွေကနေသာ တင်သွင်းခွင့်ပေးခဲ့တာဖြစ်ပြီး တခြားစခန်းအားလုံးကို
ပိတ်ပင်ထားခဲ့တာပါ။

ပို့ကုန်ဝင်ငွေတိုးစေဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကို သကြားကို တစ်ဆင့်ပြန်လည်တင်ပို့ခြင်း
(Re export) နည်းနဲ့ တင်ပို့ခွင့်ပြုခဲ့တာက ၂၀၁၆ ခုနှစ်အတွက် တော်တော်အောင်မြင်ခဲ့တယ်လို့
ဆိုရမှာပဲ ဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်က ပို့ကုန်မြင့်တက်ဖို့ ရည်ရွယ်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာကို
ရေးဆွဲခဲ့တဲ့ထဲမှာ ပို့ကုန်ခုနစ်ခုသာ ရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာတော့ ကျောက်မျက်ကဏ္ဍနဲ့
စိုက်ပျိုးရေးထွက်ကုန် အခြေခံတဲ့ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို စီးပွားကူးသန်းက
ကဏ္ဍသစ် အနေနဲ့ထည့်သွင်းခဲ့ပါတယ်။

သင်္ကြန်ကာလနောက်ပိုင်း ဆိပ်ကမ်းအတွင်း ကုန်သေတ္တာပြည့်ကြပ်မှုပြဿနာတွေ ရှိခဲ့ပါတယ်။

အကောက်ခွန်ဌာနအနေနဲ့လည်း သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ရာမှာ
အကောက်ခွန်ဆိုင်ရာ လုပ်ငန်းတွေ ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးကို
အထောက်အပံ့ဖြစ်စေမယ့် မြန်မာအလိုအလျောက် လည်းသုံးကုန်စည်ရှင်းလင်းရေးစနစ်(MA-CCS)ကို
နိုဝင်ဘာလမှာ အပြည်အ၀လုပ်ငန်း စတင်လည်ပတ်ခဲ့ပေမယ့် အဆင်ပြေမှု မရှိသေးတာကို
စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီတွေကို ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ဓာတ်မြေဩစာ၊
ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ပစ္စည်းတွေကို တင်သွင်းခွင့်ပြုခဲ့သလို ဇွန်လအတွင်းကလည်း တစ်ဦးချင်း
ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)နဲ့ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုခဲ့ပါတယ်။

နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့်ပြုရာမှာ နိုင်ငံခြားကနေ တရားဝင် ယူဆောင်လာတဲ့
ငွေပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

ဒါတင် မကသေးပါဘူး။ ကုန်သွယ်မှု လွယ်ကူစေဖို့ သွင်းကုန်လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့
ကုန်စည်လိုင်း ၄,၄၀၅ လိုင်းထဲ ကနေ ၂၆၇ လိုင်းကို ဩဂုတ်လအတွင်းက လိုင်စင်လျှောက်ထားဖို့
မလိုအပ်တဲ့ ကုန်စည်အဖြစ် ဖြေလျှော့ပေးခဲ့ပြီး ထပ်မံပြီး ဒီဇင်ဘာ လလယ်မှာ ကုန်စည်လိုင်း ၁၅၀ ကို
ဖြေလျော့ခဲ့ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနဟာ ယခုနှစ်အတွင်းမှာ အဲဒီလို ဖြေလျော့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်
နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကုန်သွယ်ရေးကဏ္ဍကြီးကို ရိုက်ခတ်ခဲ့ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်စပ်နေတာကြောင့် နိုင်ငံငြိမ်းချမ်းမှ စီးပွားရေးကို ကောင်းစွာ
လုပ်ဆောင်နိုင်မှာပါ။

၂၀၁၆ မှာ ပြည်တွင်းငြိမ်းချမ်းမှု မရှိခဲ့တာကြောင့် နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေးလမ်းကြောင်း
အပါအ၀င် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအချို့  ရပ်ဆိုင်းခဲ့ရမှုများ ရှိခဲ့ပြီး အချို့လမ်းကြောင်းတွေ
ပြန်လည်ကုန်သွယ်မှုပြုနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ရပ်ဆိုင်းနေရတဲ့ နယ်စပ်ကုန်သွယ်ရေး
လမ်းကြောင်း နှစ်ခုရှိ နေပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ အများဆုံးပြုနေတဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးလမ်းကြောင်းဟာ
နိုဝင်ဘာလ ၂၀ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူဆယ်၊ ကွတ်ခိုင်မြို့နယ်ရှိ
ရဲစခန်းတွေအပါအ၀င် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းများကို အတိုက်အခိုက်ခံခဲ့ရတဲ့အတွက်
ကုန်သွယ်ရေး ငါးရက်ကြာ ရပ်ဆိုင်းနေခဲ့ပါတယ်။

အဲဒီနောက်မှာ ကုန်သွယ်မှု ပြန်လည်စတင်ခဲ့ပေမယ့် ပုံမှန်အနေအထား မရောက်ရှိဘဲ
ဒီဇင်ဘာ ၁ ရက်မှသာ ကုန်သွယ်မှုပမာဏ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အထူးဒေသ(၄) မိုင်းလားနဲ့ ဆက်သွယ်ထားတဲ့ ၀မ်တာပင် နဲ့
မိုင်းယုဂိတ်တွေကို နယ်မြေမတည်ငြိမ်ခြင်းကြောင့် အောက်တိုဘာလ ၂၃ ရက်မှာ လုံခြုံရေးအရ
ပိတ်ခဲ့ရပါတယ်။

အဲဒီနောက်မှာ ကုန်သည်အချို့ဟာ မိုင်းယမ်းလမ်းကြောင်းကို အသုံးပြုပြီး ကုန်သွယ်ခဲ့တာကြောင့်
နားလည်မှုလွဲမှားတဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။

ဒေသတွင်း ပြန်လည်တည်ငြိမ်လာတဲ့ အနေအထားတွေကြောင့် ရှမ်းပြည်နယ်အစိုးရဟာ နှစ်လကျော်
ရပ်နားခဲ့ရတဲ့ မိုင်းလားနဲ့ဆက်သွယ်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို တရားဝင်ပြန်လည်
ဖွင့်လှစ်ကြောင်း ဒီဇင်ဘာလ ပထမအပတ်က သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားချက်
ထုတ်ပြန်ခဲ့တာကြောင့် ဒေသတွင်းကုန်သည်တွေက ကုန်သွယ်မှုပြန်လည်စတင်နိုင်ဖို့
ပြင်ဆင်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်ရှိ မောင်တောကုန်သွယ်ရေး နယ်စပ်စခန်းကတော့
လွန်ခဲ့တဲ့သုံးလက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် လက်ရှိအချိန်ထိ ကုန်သွယ်မှု ရပ်ဆိုင်းနေဆဲဖြစ်ပြီး
ကုန်သွယ်မှု ပြန်လည်စတင်နိုင်ဖို့ ဒေသခံတွေနဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ
ဦးအောင်မြင့်သိန်းက ပြောဆိုထားပါတယ်။

အိန္ဒိယနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကလည်း နိုဝင်ဘာလအတွင်းက အိန္ဒိယအစိုးရရဲ့
၎င်းတို့ ရူပီငွေရုတ်သိမ်းမှု ကြေညာခဲ့တာကြောင့် မြန်မာနယ်စပ်ကုန်သွယ်ရေးကိုပါ ဂယက်ရိုက်ခဲ့ပြီး
တမူးကုန်သွယ်ရေးဟာ ယနေ့တိုင် ရပ်ဆိုင်းနေရဆဲပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ရဲ့ ပို့ကုန်သုံးဆမြင့်တက်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့်
နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရပ်ဆိုင်းခဲ့ရတာဟာ ကုန်သွယ်ရေးကို များစွာထိခိုက်စေခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်ဒေါ်လာဈေး အဆမတန်မြင့်တက်မှုတွေကြောင့်လည်း ပို့ကုန်၊သွင်းကုန်ကို
ထိခိုက်ခဲ့တဲ့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ
ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ရရှိဖို့ မျှော်မှန်းလျာထားပေမယ့်
အဆိုပါဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်မှု အချက်အလက်တွေအရ ဒီဇင်ဘာလ ၁၆ ရက်အထိ
ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၈,၇၁၄ သန်းကျော်သာ ရရှိပါသေးတယ်။

ယမန်ဘဏ္ဍာနှစ်ကာလတူက ကန်ဒေါ်လာ ၁၉,၀၅၇ သန်းကျော်ရရှိခဲ့တာမို့ ကန်ဒေါ်လာ
သန်း ၃၄၀ ကျော် လျော့နည်းနေခဲ့ပါတယ်။

"၀န်ကြီးက ၁၀ နှစ်စာ အချက်အလက်တွေ၊ မြန်မာ့စီးပွားရေးအလားအလာတွေကို
သေချာလေ့လာပြီးမှ ပြောသင့်တယ်။ ပို့ကုန် သုံးဆမြင့်မယ်လို့ ပြောတဲ့အချိန်တုန်းက
ကျွန်တော်တို့နိုင်ငံမှာ ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည်ထုတ်ကုန်တွေက
ဘာမှ ကောင်းတဲ့အရာ မရှိဘူး။ အဲဒီတော့ နည်းနည်း စကားကျွံတာပေါ့"ဟု နိုင်ငံရေး၊ စီးပွားရေး
လေ့လာစောင့်ကြည့်သူ သန်းစိုး(ဘောဂဗေဒ) က ပြောဆိုပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာန အနေနဲ့ကတော့ "ပို့ကုန်သုံးဆတိုးဖို့က ထုတ်လုပ်မှုဟာနဲ့ ချိတ်ဆက်ဖို့
လုပ်နေတယ်။ ဒီငါးနှစ်အတွင်းမှာ သုံးဆတိုးဖိွုှ့မေါနအ ထား ဆောင်ရွက်နေတယ်။ သို့သော်လည်း
တစ်ဖက်ကလည်း ထုတ်လုပ်မှုတွေ တိုးတက်အောင် လုပ်ဖို့လည်း သက်ဆိုင်ရာဝန်ကြီးဌာနနဲ့
ညှိနှိုင်းဆောင် ရွက်ရမယ့် အနေအထားရှိတယ်"လို့ ဦးခင်မောင်လွင်က ပြောဆိုပါတယ်။

တရားမ၀င် ကုန်သွယ်မှုတွေကတော့ အစိုးရအဆက်ဆက်တိုင် ရှိနေဆဲပါ။၂၀၁၅ ခုနှစ်က
ဖျက်သိမ်းခဲ့တဲ့ တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ မိုဘိုင်းတီးမ်ကိုလည်း အစိုးရသစ်က
၂၀၁၆ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ခြင်း မရှိပါဘူး။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေသာ
မိမိပြည်နယ်အတွင်း တရားမ၀င်ကုန်သွယ်မှုတွေကို မိမိအစီအစဉ်နဲ့ ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ်ပြနေတဲ့ ကုန်သွယ်မှုလိုငွေပြဿနာ ကတော့ စီးပွားရေးတည်ဆောက်ဆဲ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ
ကြုံတွေ့ရတာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း လိုငွေပြဿနာ  ဆက်လက်ရှိနေဦးမှာဖြစ်ပြီး
နိုင်ငံတိုးတက်လာမှသာ ကုန်သွယ်မှုလိုငွေ တဖြည်းဖြည်းချင်း လျော့ကျလာ မှာဖြစ်တယ်လို့
ဦးခင်မောင်လွင်ကဆိုပါတယ်။

ပို့ကုန်တွေ နိုင်ငံတကာနဲ့ ချိတ်ဆက်တင်ပို့ နိုင်ဖို့ကလည်း ဈေးကွက်တွေ ပိုမိုကျယ်ပြန့်လာဖို့
အခွင့်အလမ်းကောင်းတွေ လိုအပ်ပါတယ်။

မေလအတွင်းက နိုင်ငံတော်ပိုင်လုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှု ဖြေလျော့လိုက်ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အပြီး အောက်တိုဘာလ ပထမအပတ်မှာ အမေရိကန်က
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအားလုံး ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီလို ဖယ်ရှားလိုက်တဲ့အတွက် အမေရိကန်နဲ့ စီးပွားရေးကဏ္ဍမှာ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး
ကုန်သွယ်မှုတိုးတက်လာဖို့လည်း ကုန်သည်တွေရော စီးပွားကူးသန်းက မျှော်မှန်းထားတာပါ။

အမေရိကန်က ကုန်သွယ်မှုကင်းလွတ်ခွင့်ကိုလည်း ပြန်လည်ပေးအပ်ခဲ့တာမို့ နိုဝင်ဘာ ၁၃ ကနေ
စတင်အကြုံးဝင်ခဲ့တဲ့ အဲဒီအခွင့်အရေးဟာ လက်တလောများစွာ အသုံးမချနိုင်သေးပေမယ့်
လာမယ့်နှစ်တွေမှာ အမေရိကန်နဲ့ မြန်မာကုန်သွယ်မှုကိုတော့ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

အမေရိကန်က ပေးတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးမှာ မြန်မာအတွက် အထည်ချုပ်ကဏ္ဍ
မပါတာကြောင့် ပို့ကုန်အတွက် အခွင့်အလမ်းဆုံးရှုံးခဲ့ရမှုကို စီးပွားရေးအသိုင်းအ၀ိုင်းကြား ဝေဖန်မှုတွေ
ရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးပေးခြင်းဟာ ကုန်သွယ်မှုပမာဏ ပြန်တက်လာနိုင်တဲ့
အလားအလာတွေ ရှိနေတာကြောင့် ပြည်တွင်းကလည်း စီးပွားရေးမူဝါဒကို ကောင်းစွာ
ချမှတ်နိုင်ရမယ့်အပြင် ပို့ကုန်ကဏ္ဍအတွက် ထုတ်ကုန်ထုတ်လုပ်မှု အပိုင်းမှာလည်း
တိုးတက်လာအောင် တိတိကျကျ အကောင်အထည်ဖော်ဖို့ လိုနေပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ