စပါးဈေးနှုန်းများ ပြန်လည် ကျဆင်း

လယ်ယာလုပ်ငန်းခွင် တစ်ခုတွင် မိုးစပါးများ စိုက်ပျိုးနေသော ကောက်စိုက်သမများကို တွေ့မြင်ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)လယ်ယာလုပ်ငန်းခွင် တစ်ခုတွင် မိုးစပါးများ စိုက်ပျိုးနေသော ကောက်စိုက်သမများကို တွေ့မြင်ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

အစိုးရက သီးနှံအခြေခံဈေးနှုန်း သတ်မှတ် ၀ယ်ယူပေးမည့် အစီအစဉ်ကို ဒီဇင်ဘာလနှောင်းပိုင်းတွင်
ရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပြီးနောက် စပါးဈေးနှုန်းများ ပြန်လည် ကျဆင်းလာကြောင်း တောင်သူများက
ပြောသည်။

တရုတ်နိုင်ငံဘက်က ၀ယ်လိုအားကျ ဆင်းလာမှုနှင့် ပြည်တွင်းစပါး ပိုလျှံနေမှုများကြောင့်
မိုးစပါးပေါ်ချိန်တွင် စပါးဈေး အလွန်အမင်း ကျဆင်းခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက အစိုးရ၏ လှည့်ပတ်ရန်ပုံငွေထဲမှ
ငွေကျပ် ၁၅ ဘီလျံကို စပါးဝယ်ယူရန်အတွက် သုံးစွဲရန် နိုဝင်ဘာ ၂၅ ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်ချိုက
ဒီဇင်ဘာလအတွင်းစပါး ဈေးသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကောင်းစွာကာမိသည့်
အခြေအနေထိရှိနေပြီး ထိုက်သင့်သည့် အနေအထားရနေသည့် အတွက် စပါးဝယ်ယူပေးမည့်
အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဥပဒေအရ တွက်ခြေမကိုက်ရင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ရောက်နေရင် ၀ယ်ပေးဖို့
တာဝန်ရှိတယ်။ လက်ရှိမှာတော့ လယ်သမားတွေလည်း တွက်ခြေကိုက်နေတဲ့အတွက်
ဆိုင်းငံ့ထားတယ်။ လိုအပ်တဲ့အခါမှသာ ၀ယ်ပေးမယ်။ မလိုအပ်ဘဲ ၀ယ်တဲ့အခါမှာ ငွေကြေး
အရှုပ်အရှင်းတွေ ဖြစ်လာနိုင်တယ်"ဟု ၎င်းကပြောသည်။

လွတ်လပ်သော တောင်သူလယ်သမားများ သမဂ္ဂဥက္ကဋ္ဌ ဦးသိန်းအောင်က အခြေခံ သီးနှံဈေးနှုန်း
သတ်မှတ်ဝယ်ယူပေးခြင်းမရှိကြောင်း ဒီဇင်ဘာလတွင် ကြေညာပြီးနောက် ကုန်သည်များက
စပါးဈေးကောင်း ပေးမ၀ယ်တော့ကြောင်း ပြောသည်။

"အစိုးရက အနိမ့်ဆုံးဈေးတစ်ခု သတ်မှတ်ဝယ်ပေးတယ်ဆိုတာ ရှိနေရင် ကုန်သည်က ဈေးကို
သိပ်မနှိမ်ရဲဘူးပေါ့။ ဒီဇင်ဘာလဆန်းတုန်းကဆို ၄၆ ပေါင် တိုက် ကို ကျပ် ၄၀၀,၀၀၀ ဈေးပဲရှိခဲ့တာက
စပါးဝယ်ယူမှုအစီအစဉ် စမယ်လည်းဆိုရော လကုန်ပိုင်းမှာ ကျပ် ၄၆၀,၀၀၀ လောက်အထိ
ဈေးတက်လာတယ်။ အခုအစီအစဉ် ဆိုင်းငံ့လိုက်ပြီးနောက်မှာ စပါးဈေးက ၅၅ ပေါင် တင်း ၁၀၀ ကိုမှ
ကျပ် ၄၆၀,၀၀၀ လောက်ပဲ ရတော့တယ်။ သာပေါင်းဘက်မှာဆို စပါးဈေးက
ကျပ် ၄၂၀,၀၀၀ လောက်ထိကို ကျနေပြီ"ဟု ၎င်းက ပြောသည်။

ဦးသိန်းအောင်က "အစိုးရက စပါးမ၀ယ် ဘူးလည်းဆိုရော ကုန်သည်က ဈေးပြန်ချတာပဲ။
ကုန်သည်တွေက တရုတ်ဘက်က မ၀ယ်လို့ ဈေးကောင်းမရဘူးလို့ ပြောဝယ်ပေမဲ့ တကယ်က
အစိုးရက မ၀ယ်တော့လို့ ဈေးပြန်ကျတာလို့ပဲ ထင်တယ်"ဟု ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ