စီးပွားရေးလုပ်ကိုင်မှုနှင့် လူဦးရေအချိုး မြန်မာက ဒေသတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ အောက် သုံးဆခန့်အထိ နည်း

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော လက်တွန်းလှည်းဈေးသည်များကို တွေ့မြင်ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော လက်တွန်းလှည်းဈေးသည်များကို တွေ့မြင်ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်မှုအရေအတွက်သည် လူဦးရေအချိုးနှင့်နှိုင်းယှဉ်ပါက ဒေသတွင်း
ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအောက် သုံးဆခန့်အထိ နည်းပါးနေလျက်ရှိကြောင်း မြန်မာ့စီးပွားရေးလုပ်
ငန်းစစ်တမ်းက ဖော်ပြလိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် အဖွဲ့အစည်းတစ်ခုဖြစ်သော ဗဟိုစာရင်းအင်းအဖွဲ့
(CSO)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ပြီး မြန်မာ့စီးပွားရေးလုပ်ငန်းများစစ်တမ်း (၂ဝ၁၅) ကို ယခုလ ၉ ရက်
က ထုတ်ပြန်ခဲ့သည်။

စစ်တမ်းတွင် မြန်မာနိုင်ငံသည် စီးပွားရေးအမျိုးအစားစုံလင်မှု အားနည်းနေပြီး၊ စီးပွားရေးလုပ်ငန်း
အရေအတွက်မှာလည်း နိုင်ငံ၏ လူဦးရေပမာဏနှင့်နှိုင်းယှဉ်ပါက ဒေသတွင်းနိုင်ငံများထက် သုံးဆ
ခန့်နည်းပါးနေလျက်ရှိကြောင်း ဖော်ပြထားသည်။ အာရှပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံး
ဖြစ်သည့်နိုင်ငံများတွင် လူ ၁,ဝဝဝ လျှင် စီးပွားရေးလုပ်ကိုင်သူအရေအတွက်သည် ကိုးရာခိုင်နှုန်း
အထိရှိသော်လည်း မြန်မာနိုင်ငံသည် ၂ ဒသမ ၄၆ ရာခိုင်နှုန်းသာ စီးပွားရေးလုပ်ကိုင်ကြခြင်းဖြစ်
သည်ဟု ဖော်ပြထားသည်။

ထို့အတူ မြန်မာတစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းအားလုံး၏ သုံးပုံတစ်ပုံသည် ရန်ကုန်တိုင်းနှင့်
မန္တလေးတိုင်းတွင်ရှိနေပြီး အခြားသုံးပုံနှစ်ပုံသော လုပ်ငန်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ရှိနေခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

''စစ်တမ်းရဲ့တွေ့ရှိချက်ဟာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို
နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့
မူဝါဒချမှတ်သူတွေအတွက် စစ်တမ်းဟာ အကူအညီဖြစ်စေပါလိမ့်မယ်''ဟု UNDP ၏ အာရှနှင့်
ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Mr Haoliang Xu က ပြောသည်။

တစ်နိုင်ငံလုံးရှိ လုပ်ငန်းများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃,ဝဝဝ ကျော်၊ မန္တလေးတိုင်းဒေသ
ကြီးအတွင်း ၁၉,ဝဝဝ ကျော်ရှိနေခြင်းဖြစ်သည်။ ကချင်၊ ချင်းနှင့် ကယားပြည်နယ်တို့တွင်မူ လုပ်ငန်း
အရေအတွက်သည် ၁,ဝဝဝ နှင့် ၂,ဝဝဝ ဝန်းကျင် အကြားတွင်သာရှိကြောင်း ဖော်ပြထားသည်။
စက်မှုဇုန်များတွင်ရှိသည့် လုပ်ငန်းအရေအတွက်မှာမူ ၈,ဝဝဝ ခန့်သာ ရှိသည်ဟုလည်း ဖော်ပြထား
သည်။

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ နည်းပါးသည့်အပြင် ကုန်ထုတ်လုပ်မှုစွမ်းအားပိုင်းတွင်
လည်း နိမ့်ကျနေဆဲဖြစ်ကြောင်း ရေးသားထားသည်။ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်း
များမှ ထွက်ကုန်တန်ဖိုးသည် စားသောက်ကုန်၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးထုတ်လုပ်မှုသည်
ကျပ်ငွေ ၅,၅၂ဝ ဘီလျံကျော်၊ အထည်အလိပ်နှင့်သားရေကဏ္ဍမှ ကျပ်ဘီလျံ ၁,၄ဝဝ ကျော်၊ ရော်ဘာ
နှင့်ပလတ်စတစ်ကဏ္ဍမှ ကျပ် ၄၂၉ ဘီလျံကျော်၊ ဓာတုပစ္စည်းကဏ္ဍမှ ကျပ် ဘီလျံ ၃ဝဝ ကျော်၊
သတ္တုကဏ္ဍမှ ကျပ်ဘီလျံ ၂၆၂ ဘီလျံကျော်၊ အခြားသော ကုန်ထုတ်လုပ်ငန်းများမှ ၁၇၈ ဘီလျံကျော်၊
သစ်ပစ္စည်းများမှ ကျပ် ၁၃၄ ဘီလျံကျော်၊ စက္ကူနှင့် ပုံနှိပ်ပစ္စည်းများမှ ၁၂၃ ဘီလျံကျော်၊ သယ်ယူပို့
ဆောင်ရေးကိရိယာများကဏ္ဍမှ ကျပ် ၁၁၆ ဘီလျံကျော်၊ ပရိဘောဂပစ္စည်းကဏ္ဍမှ ကျပ် ၆၈ ဘီလျံ
ကျော်၊ လျှပ်စစ်ပစ္စည်းကဏ္ဍမှ ကျပ် ၆၆ ဘီလျံ ကျော်၊ ဆေးဝါးကဏ္ဍမှ ကျပ် ၃၄ ဘီလျံကျော်နှင့် စက်
ယန္တရားနှင့်ကိရိယာပစ္စည်းများ ငှားရမ်းဝန်ဆောင်မှုမှ ကျပ် ၁၉ ဘီလျံကျော်တို့ အသီးသီးရှိခဲ့ကြောင်း
ဖော်ပြထားသည်။

''စာရင်းအင်းအချက်အလက်ရရှိမှုက အားနည်းနေပါသေးတယ်။ မှန်ကန်တိကျတဲ့ ပုဂ္ဂလိကစာရင်း
အင်းအချက်အလက် ကောက်ယူဖို့အတွက် စာရင်းအင်းဥပဒေသစ် ပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးပါတယ်။
စာရင်းအင်းအချက်အလက်များ လုံခြုံစိတ်ချရမှုရှိရေးအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာ
နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာရင်းအင်းတွေက အစဉ်အလာအားဖြင့်နည်းပါးခဲ့တာ ဖြစ်ပါ တယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက်လည်း ယုံကြည်စိတ်ချရတဲ့ အချက်အလက်အနည်း
ငယ်မျှသာရှိပါတယ်''ဟု ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေှးမှူးချုပ် ဒေါက်တာဝါဝါမောင်က အစီရင်
ခံစာတွင် ပြောထားသည်။

ထို့အတူ စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ထားမှု အနေအထားသည်လည်း တစ်နိုင်ငံလုံးရှိ စီးပွား
ရေးလုပ်ငန်းများ အားလုံး၏ ၇၉ ရာခိုင်နှုန်းသည် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် မှတ်ပုံ
တင်ကာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သတ္တုတူးဖော်ခြင်းနှင့် ဆောက်လုပ်
ရေးလုပ်ငန်းများ၏ မှတ်ပုံတင်ထားရှိမှုသည် ပြည်ထောင်စုအဆင့်တွင် ၅ဝ ရာခိုင်နှုန်းကျော်သာရှိပြီး
မြို့နယ်စည်ပင်သာယာရေးရုံးများတွင် မှတ်ပုံတင်ထားမှုသည် ၇ဝ ရာခိုင်နှုန်းကျော် ရှိထားသည်ဟု
လည်း ဖော်ပြထားသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) တွင် မှတ်ပုံတင်ထားမှုသည်
ခြောက်ရာခိုင်နှုန်းခန့်ရှိကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA တွင် မှတ်ပုံတင်
ထားမှုသည် သုံးရာခိုင်နှုန်းကျော်သာရှိကြောင်း ဖော်ပြထားသည်။

တစ်ဆင့်ပြန်လည်ရောင်းချခြင်းလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများအနေဖြင့်လည်း ပြည်ထောင်
စုအဆင့်တွင် ၃ဝ ရာခိုင်နှုန်း မှတ်ပုံတင်ထားကာ၊ မြို့နယ်စည်ပင်သာရေးကော်မတီတွင် ၈၅ ရာခိုင်
နှုန်း၊ DICA တွင် နှစ်ရာခိုင်နှုန်းကျော်နှင့် GAD တွင် ရှစ်ရာခိုင်နှုန်းကျော် အသီးသီးမှတ်ပုံတင်ထား
ကြခြင်းဖြစ်သည်။ ဝန်ဆောင်မှုကဏ္ဍတွင်လည်း ပြည်ထောင်စုအဆင့်တွင် ၃၈ ရာခိုင်နှုန်းကျော်၊
စည်ပင်ရုံးများတွင် ၇၅ ရာခိုင်နှုန်းကျော်၊DICA တွင် သုံးရာခိုင်နှုန်းကျော်နှင့် GAD တွင် ၇၅ ရာခိုင်
နှုန်းကျော် မှတ်ပုံတင်ထားကြခြင်းဖြစ်သည်။

''အခုနောက်ပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ စာရင်းဇယားတွေ ပိုပြီးမှန်ကန်လာဖို့အတွက်
တစ်နိုင်ငံလုံးအတိုင်းအတာနဲ DICA ရုံးတွေကို ဖွင့်လှစ်သွားဖို့ရှိပါတယ်။ အဲဒီရုံးခွဲတွေကတစ်ဆင့်
စာရင်းတွေစုစည်းပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စာရင်းရနိုင်အောင် လုပ်သွားမှာပါ။ ၂ဝ၁၁
ရဲ့ရှေ့ပိုင်းမှာ လုပ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတော်တော်များများက မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ခွင့်ပြုချက်မဟုတ်တဲ့လုပ်ငန်းက ၈၅ ရာခိုင်နှုန်းလောက်ရှိပါတယ်''ဟု DICA ညွှန်ကြားရေးမှူးချုပ်
ဦးအောင်နိုင်ဦး က မြန်မာတိုင်း(မ်)ကို ပြောထားသည်။

၎င်းစစ်တမ်းကို ပူးပေါင်းအဖွဲ့က နှစ်နှစ်တစ်ကြိမ် ကောက်ယူသွားရန် ဆောင်ရွက်ထားကာ ယခု
ထုတ်ပြန်သောစစ်တမ်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်ကောက်ယူသော စစ်တမ်းလည်းဖြစ်
သည်။ သို့ရာတွင် ၄င်းစစ်တမ်းအတွင်း အလုပ်သမားများ ငှားရမ်းသုံးစွဲခြင်းမရှိသည့် လုပ်ငန်း
အသေးစားများကိုမူ ထည့်သွင်းကောက်ခံထားခြင်း မရှိကြောင်းကိုလည်း ဖော်ပြထားသည်။

စစ်တမ်းကောက်ယူနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်း
ပေါင်း ၁၅,ဝဝဝ ခန့်ကို စစ်တမ်းကောက်ယူခဲ့ကာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ
များ၏ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၆,ဝဝဝ ကျော်ကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်ဟု ဖော်ပြထား
သည်။ သို့ရာတွင် အစိုးရပိုင်းလုပ်ငန်းများ၊ အလုပ်သမားငှားရမ်းထားခြင်းမရှိသည့် လုပ်ငန်းများ၊
ဆက်သွယ်ရေးကဏ္ဍမှ လုပ်ငန်းကြီးများ၏ စစ်တမ်းများကိုမူ ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်းကို
လည်းဖော်ပြထားသည်။

စစ်တမ်းကောက်ယူမှုအတွက် ကုသသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့် အီတလီအမျိုးသားစာရင်း
အင်းအဖွဲ့ ISTAT တို့က နည်းပညာကူညီမှုအပေါ် ဗဟိုစာရင်းအင်းအဖွဲ့ CSO နှင့် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ