မဖြစ်မနေ အာရုံစိုက်ရတော့မည့် ပြည်တွင်းစီးပွားရေး

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ မြင်ကွင်းကို တွေ့မြင့်ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်ရှေ့ မြင်ကွင်းကို တွေ့မြင့်ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

အစိုးရအနေဖြင့် ပြီးခဲ့သောနှစ်က စီးပွားရေးကို အာရုံမစိုက်ခဲ့သော်လည်း ယခုနှစ်တွင်
မဖြစ်မနေ အလေးထားဆောင်ရွက်မှ ရတော့မည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်
ပညာရှင်များက ထောက်ပြပြောဆို လာကြသည်။

အင်န်အယ်လ်ဒီအစိုးရ၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးတည်ခဲ့သည့်
အလျောက် ၄င်းတို့တာဝန်ယူသည့် ပထမ တစ်နှစ်တာအတွင်း ငြိမ်းချမ်းရေးကိုအလေးထား
ဆောင်ရွက်ခဲ့သော်လည်း တစ်ဖက်တွင် စီးပွားရေးကို အားထုတ်ဆောင်ရွက်မှု မရှိသလောက်
အားနည်းကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

''အစိုးရက စီးပွားရေးကို အာရုံစိုက်သင့်ပြီ။ ဒီတိုင်းဆက်သွားရင် အခြေခံ လူတန်းစားတွေ
ထိခိုက်လာမှာ သေချာတယ်။ ရေရှည်ကျရင် တိုင်းပြည် အန္တရာယ်ရှိလာနိုင်တယ်။ ပြည်သူတွေ
အနေနဲ့က အချိန်စောင့်ပါ ဆိုတာကလည်း တစ်နှစ်ကနေ နောက်တစ်နှစ်၊ နှစ်နှစ်စောင့်ဖို့က
ခက်တာပေါ့။ စားဝတ်နေရေးပါ အကျပ်အတည်း ရှိလာတယ်''ဟု စီးပွားရေးလုပ်ငန်းရှင်
ဒေါက်တာစိုးထွန်းက ပြောသည်။

ပြီးခဲ့သောနှစ်က နိုင်ငံအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှာ အစိုးရသစ်လက်ထက်တွင်
တစ်ဟုန်ထိုး ဝင်ရောက်လာမည်ဟု မျှော်မှန်းခဲ့သော်လည်း မျှော်မှန်းသလို မဖြစ်ခဲ့ပေ။

ထို့ကြောင့် လက်ရှိအနေအထားအရ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပေါ်လာအောင်
အစိုးရကဆောင်ရွက်ပေးရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှုက အလုပ်အကိုင်အခွင့်အလမ်းများကို
ဖန်တီးပေးနိုင်မည်ဖြစ်သည်။လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းပညာ ပြဋ္ဌာန်းခဲ့ပြီး
ဖြစ်သော်လည်း တစ်ဖက်တွင် အစိုးရ အဆက်ဆက်ရှိခဲ့သောကြိုးနီစနစ်များ ပယ်ဖျက်နိုင်ခြင်း
မရှိသေးပေ။ အချို့ကိစ္စများတွင် ယခင်အစိုးရလက်ထက်က ထက်ပင် ပိုကြာမြှင့်နေသည်ကို
တွေ့ရကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

''ဥပမာ မော်တော်ကားနဲ့ပတ်သက်ရင် မူဝါဒ အခိုင်အမာ မရှိဘူး။ ဘာနဲ့သွားပြီ
ဘယ်လိုလုပ်မယ်ဆိုတာ မသိတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အစိုးရက
ဘယ်လိုသွားပြီး ဘာလုပ်ချင်မှန်း မသိဘူး။ ကားကဏ္ဍမှာလည်းဘာမှ မူဝါဒခိုင်မာမှု
မရှိဘူး''ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

အစိုးရခေါင်းဆောင်များ၏ လမ်းညွှန်မှုအရ စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက
စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဖြေလျော့မှု လုပ်ဆောင်ပေးရန်နှင့် ရှေ့ဆက်
လုပ်ဆောင်မည်များကို တွေ့ဆုံ ပြောဆိုနေခြင်းများ ရှိသည်။ တစ်ဖက်တွင်လည်း
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့်
ပေးခြင်းများလည်း ထုတ်ပြန်ထားပြီ ဖြစ်သည်။

ပြီးခဲ့သော တစ်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီး ဦးကျော်ဝင်းတို့က စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သော်လည်း
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ပျက်ခဲ့ကြောင်း လုပ်ငန်းရှင် ဦးမြတ်သင်းအောင်က
ဆိုသည်။

''စီးပွားရေးလုပ်ငန်းရှင်နဲ့တွေ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သြဝါဒပဲ ပြောတာ။
စီးပွားရေးသမားတွေက သူတို့ရဲ့ အခက်အခဲကို ပြန်ပြောတာကို ဆွေးနွေးတဲ့အချိန်ပေးနိုင်ခြင်း
မရှိခဲ့ဘူး။ အဲဒီတော့ စီးပွားရေးသမားတွေက စိတ်ပျက်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်
အချိန်မရရင်တောင်မှ တခြားပုဂ္ဂိုလ်တွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ဖို့ကောင်းပါတယ်။
ကုန်သည်အသင်းမှာတော့တစ်ခါတစ်ရံ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့ လာတယ်။
ဒါပေမဲ့ လူခေါ်တာက တကယ်တမ်း လက်တွေ့ လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါတာမတွေ့ရဘူး။
စီးပွားရေးမှာအခက်အခဲတွေ ဘယ်လို ကျော်လွှားရမလဲ။ ဘယ်လို ဖြေလျှော့မယ်ဆိုတာတွေ
ဆွေးနွေးဖို့ အချိန်မရခဲ့ဘူး။ ဒီနှစ်တော့ ဒါလေးတွေ လုပ်ပေးဖို့ ကောင်းပါတယ်''ဟု ၄င်းက
ပြောသည်။

အင်န်အယ်လ်ဒီ အစိုးရသည် ပြီးခဲ့သော တစ်နှစ်အတွင်း၎င်းတို့၏ ဦးတည်သွားမည့်
စီးပွားရေးမူဝါဒ ၁၂ ချက်ကိုထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် လုပ်ဆောင်မှုနှင့်ပတ်သက်၍
ပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင် အများစုက သိရှိနိုင်ခြင်း မရှိပေ။

စီးပွားရေး တိုးတက်စေရန်မှာ ပြောဆိုနေရုံဖြင့် မရဘဲ ပြည်တွင်း၊ ပြည်ပစီးပွားရေး
လုပ်ငန်းရှင်များ လုပ်သာကိုင်သာအောင် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး မလိုလားအပ်သော
ကြိုးနီစနစ်များ ပပျောက်ရေး လုပ်ဆောင်ပေးရန်မှာလည်း လိုအပ်သည်ဟု
စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် သွားလာနေသည့် အထမ်းသည်များ။ ဥာဏ်ဇေထက်/ မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် သွားလာနေသည့် အထမ်းသည်များ။ ဥာဏ်ဇေထက်/ မြန်မာတိုင်း(မ်)

ထို့ပြင် အခြေခံအဆောက်အအုံများ လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့ သက်ဆိုင်ရာ
ကဏ္ဍများ၏ မူဝါဒများ ခိုင်မာရန်အတွက်လည်း လုပ်ဆောင်ပေးရမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်က ငွေကြေးဖောင်းပွမှုဖြစ်ခြင်းကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းခြင်းများ
ဖြစ်ခဲ့သည်။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ပြည်သူများ စားဝတ်နေရေး
ကျပ်တည်းလာပြီး ငွေကို လျှော့ချ သုံးစွဲခဲ့ရသည်။ စီးပွားရေး တုံ့နှေးခြင်းကြောင့်
စီးပွားရေးလုပ်ငန်းများလည်း ကောင်းမလာဘဲ အလုပ်အကိုင်အခွင့်အလမ်းများ
နည်းခဲ့သည်။

ပထမတစ်နှစ်တွင် ဝန်ကြီးဌာနများကို ဝန်ကြီးသစ်များက လေ့လာရချိန်တွင် ဝန်ကြီး
ဌာနများ ပေါင်းစည်းလိုက်ခြင်းနှင့် ဒုတိယဝန်ကြီးများအချိန်မီ မခန့်ပေးနိုင်ခဲ့ခြင်းကလည်း
အခက်အခဲများရှိခဲ့သည်။ အုပ်ချုပ်မှု၊ စီမံမှုများများစွာ ညှိနှိုင်းရသည့်အတွက် ဝန်ပိနေ
ခဲ့ခြင်းကြောင့် အချို့ပြောင်းလဲရမည့် ကိစ္စများ၊ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ရမည့်
ကိစ္စများ မလုပ်ဆောင်နိုင်ခဲ့ကြောင်း အင်န်အယ်လ်ဒီအစိုးရ၏ စီးပွားရေးအကြံပေးဖြစ်သူ
ဦးရဲမင်းဦးက ဆိုသည်။

အဆိုပါအခြေအနေများကို ပြီးခဲ့သော တစ်နှစ်တာအတွင်း ဖြတ်သန်းခဲ့သည့်အတွက် သက်ဆိုင်ရာ
ဝန်ကြီးများက ၄င်းတို့ဌာန အကြောင်းကို ကောင်းစွာ ကိုင်တွယ်၍စီမံခန့်ခွဲလာနိုင်မည်မှာလည်း
ယခုနှစ်အတွက် အားသာချက်အဖြစ် မျှော်လင့်ရမည် ဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်၍ ပထမတစ်နှစ်တွင် ဦးစားပေးလုပ်ကိုင်ခဲ့ခြင်း မရှိဟု အစိုးရအဖွဲ့
ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့ပြီးသမ္မတရော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပါ နိုင်ငံတော်
စီးပွားရေးကျဆင်းနေသည်ဟု မိန့်ခွန်းတွင်ဝန်ခံမှုကို တွေ့ရသည်။

''နိုင်ငံတော်ရဲ့ အကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦးလုံးက ပြီးခဲ့တဲ့နှစ်က စီးပွားရေး ရပ်တာကို
လက်ခံပြီးဒီနှစ်မှာ အောင်မြင်အောင် လုပ်မယ်လို့ ပြောဆိုနေတာတွေ တွေ့ရတယ်
ဆိုတော့ ရှေ့နှစ်မှာ စီးပွားရေး ကောင်းမှာပါ။ ဒါပေမဲ့ အရှိန်ယူရဦးမှာပါ။ သူတို့စိတ်ထဲမှာ
နိုင်ငံရေးတစ်ခုတည်း မဟုတ်ဘဲ စီးပွားရေးပါ လုပ်သင့်တယ်ဆိုတာ အစိုးရတစ်ဖွဲ့လုံးက
ခေါင်းဆောင်ကနေစပြီး ဟိုအောက်ပိုင်းအထိ လက်ခံသွားပြီလို့ ယူဆတယ်။ သူတို့အားလုံးက
တွန်းတွန်းတိုက်တိုက် လုပ်ကြမယ်ဆိုရင်တော့ စီးပွားရေးက ပြန်တက်လာမှာပါ''ဟု ဦးရဲမင်းဦးက
ဆိုသည်။

သို့သော် လုပ်နိုင်မည့် ကာလနှင့် လုပ်ခွင့်ရသည့်အပေါ် မူတည်၍ စီးပွားရေး
တိုးတက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအနေအထား၊ နိုင်ငံအတွင်း ထွက်ကုန်၊
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုအနေအထား၊ နိုင်ငံအတွင်းရှိ စီးပွားရေး
လုပ်ငန်းရှင်များ၏ လုပ်နိုင်သည် အခြေအနေ စသည့်အချက်များအပေါ် ချိန်ထိုးကာ ၄င်းနှင့်
ထိုက်တန်သည့် ပမာဏတစ်ခုသာ စီးပွားရေးတက်မည်ဟု ဦးရဲမင်းဦးက ဆိုသည်။

''ချက်ချင်းကြီး စီးပွားရေးက အမေရိကန်လို ဖြစ်သွားစရာမရှိဘူး။
စင်ကာပူလိုဖြစ်သွားစရာမရှိဘူး။ ဒါပေမဲ့ အရှိန်လေးရလာအောင် အခုကစပြီး
သွားနေပြီလို့မြင်တယ်။ဒါကို ဆက်လုပ်ပါလို့ အကြံပေးချင်တယ်။

မြန်မာနိုင်ငံအနေနဲ့ ရေနံတွေ အလျှံပယ်ထွက်နေသလား၊ ဂက်စ်တွေ အလျှံပယ်
ထွက်နေသလား။ ကျောက်စိမ်းတွေ၊ သတ္တုတွေ အလျှံပယ် ထွက်နေသလား၊ ဒါတွေ
မထွက်ဘူးဆိုရင် ကျွန်တော်တို့မှာ ပိုက်ဆံ အလျှံပယ် မရှိဘူးလို့ပြောလို့ရတယ်။ ပိုက်ဆံ
မရှိရင် သူများဆီက ဝယ်စားနေတာတွေကို လျှော့သင့်တယ်။ သူများဆီက ဝယ်တာတွေ
ကိုယ့်ဘာသာ ထုတ်စားနိုင်အောင် ကြိုးစားရမယ်''ဟု ဦးရဲမင်းဦးက ပြောသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုကို တတ်နိုင်သမျှ အစိုးရက အားပေးရမည်
ဖြစ်သည်။ထိုသို့အားပေးရာတွင်လည်း နိုင်ငံခြားက ဝင်လာမှုများကို ပိတ်ပင်ခြင်း
မဖြစ်ရပေ။ ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်လာအောင် အစိုးရက အရင်းအနှီးအရ
သော်လည်းကောင်း၊ နည်းပညာအရ သော်လည်းကောင်း၊ အခြားသော အခွင့်အလမ်း
ကူညီထောက်ပံ့မှုများဖြင့်သော်လည်းကောင်း ပြည်တွင်း လုပ်ငန်းရှင်များကို ကူညီ
အားပေးရမည်ဟု စီးပွားရေး အသိုင်းအဝိုင်းက ဆိုကြသည်။

ပြည်တွင်းထုတ်ကုန် ကဏ္ဍကို အစိုးရက ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပါက ပြည်တွင်းလုပ်ငန်းများ
တိုးတက်လာမည်ဖြစ်ရာ စားသောက်ထုတ်ကုန်များကို အခြားနိုင်ငံများမှ ဝယ်ယူစားသောက်ရန်
မလိုအပ်ဘဲ မိမိနိုင်ငံတွင်း ထုတ်ကုန်ဖြင့် စားသောက်နိုင်လာမည်ဖြစ်ကာ ငွေယိုပေါက်များကို
လျှော့ချနိုင်မည်ဖြစ်သည်။

စားသောက်ကုန်၏ အဓိကအချက်သည် အသေးစား အလတ်စားလုပ်ငန်းများ ထုတ်ကုန်
ထုတ်လုပ်နိုင်ရေးသာ ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သော အသေးစား၊ အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်း ကော်မတီတို့အနေဖြင့် မြန်ဆန်စွာ
အသက်ဝင်သင့်ကာ ရည်ရွယ်ချက်အတိုင်း မြန်ဆန်စွာ လုပ်ကြပါက အသေးစား၊
အလတ်စားကဏ္ဍများ အကျိုးရှိမည်ဖြစ်ကြောင်း၊ ထိုသို့အကျိုးရှိ၍ ကုန်ထုတ်လုပ်မှုတက်
လာပါက တိုင်းပြည်အနေဖြင့် ပြည်ပနိုင်ငံများမှ ဝယ်ယူစားသုံးမှုများ လျော့နည်းမည်ဖြစ်ကာ
ပြည်ပသို့ထွက်နေသော ထွက်ငွေများ လျှော့သွားကာ ဝင်ငွေနှင့် ထွက်ငွေ မျှတလာမည်
ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

ထို့ပြင် တိုင်းပြည် စီးပွားတက်ရန် အဓိက အထောက်အပံ့ဖြစ်လာမည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဖိတ်ခေါ်ရာတွင်လည်း အပြောတင် မဟုတ်ဘဲ
ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများကိုလည်း ဖန်တီးပေးရန် လိုအပ်ကြောင်း
စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း လုပ်ငန်းတစ်ခု လုပ်ဆောင်ရာတွင် နိုင်ငံခြားသားများ အနေဖြင့်
ဆက်စပ်သော ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရသည့် ကိစ္စရပ် အဆင့်ဆင့်မှာ
များပြားနေကြောင်း၊ လုပ်ငန်းအဆင့်များ မြန်ဆန်၍ လွယ်ကူ ချောမွေ့အောင်
လုပ်ဆောင်ပေးထားမှသာ အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးမည့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ ဝင်လာမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

''ငြိမ်းချမ်းရေးကိစ္စမှာလည်း ဒေသဖွံ့ဖြိုးမှု နိမ့်ကျလို့ပဲ လက်နက်စွဲကိုင်တာလား။
ငြိမ်းချမ်းရေးကြောင့် ဒေသဖွံ့ဖြိုးမှု နိမ့်ကျတာလား။နှစ်ခုစလုံးက ရောနေပါတယ်။
စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကလည်း ဆက်စပ်နေပါတယ်။လက်နက်ကိုင်ရတဲ့
အကြောင်းရင်းကလည်းလူတွေ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ကြားရေးတို့
ရဖို့လိုတာပေါ့။ ဒါတွေမရှိတော့ လက်နက်စွဲကိုင်တာပေါ့''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
ဆိုသည်။

မည်သို့ပင်ဆိုစေ အစိုးရ၏ ဦးတည်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးသည် စီးပွားရေးနှင့်
နှစ်ဖက်အပြန်အလှန် ဆက်စပ်နေ မှီခိုနေပြီး ငြိမ်းချမ်းရေးရှိမှ စီးပွားရေးကောင်းစွာဖော်
ဆောင်နိုင်မှာဖြစ်သကဲ့သို့ စီးပွားကောင်းမှ ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းက
အထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အတွက် အင်န်အယ်လ်ဒီအစိုးရအနေဖြင့်
စီးပွားရေးကောင်းလာရေးကိုလည်း ဦးစားပေးလုပ်ဆောင်သင့်သည့် အချိန်ကျပြီ
ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ