Monday, April 24, 2017

အတွေ့အကြုံမရှိတဲ့ ဝန်ကြီးတွေ များနေရင်တော့ အလုပ်လုပ်ရတာ ခက်ပါတယ်

လက်ရှိ အစိုးရသက်တမ်း တစ်နှစ်ပြည့်ပြီးချိန်တွင် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း
ယခင်နှစ်များနှင့် ယှဉ်လျှင် ကျဆင်းခဲ့သည်။ အစိုးရသစ်အပေါ် စီးပွားရေးနယ်ပယ်မှ
လုပ်ငန်းလုပ်ကိုင်သူများက အားမလို အားမရ ဖြစ်နေကြသည်။ ယင်းအခြေအနေများနှင့်
ဆက်စပ်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း၊ အစိုးရရေးရာ
ကော်မတီဥက္ကဋ္ဌဦးအေးသီဟကို မြန်မာတိုင်း(မ်) က တွေ့ဆုံမေးမြန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

အင်န်အယ်လ်ဒီ အစိုးရသက်တမ်း တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့
အစိုးရသစ်အပေါ် ဘယ်လိုမြင်ပါသလဲ။ နိုင်ငံတကာနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့အသံကို
အစိုးရက နားထောင်ပေးပါသလား။

တစ်နှစ်ပြည့်သွားပြီဆိုတော့ ပထမဆုံးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့
ထင်ထားတာထက် စီးပွားရေးခြေလှမ်းတွေ တကယ့်ကိုပဲ နှေးကွေးလွန်းပါတယ်။ စီမံကိန်းရေး
ဆွဲတာ ခြောက်လလောက် အချိန်ယူပြီး နောက် ခြောက်လမှာ အဲဒီစီမံကိန်းတွေ ချပြဖို့
မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ မူဝါဒပိုင်းဆိုင်ရာမှာ ဒီထက် ပိုမိုရှင်းလင်းဖို့
ကျွန်တော်တို့ မျှော်လင့်ပါတယ်။

အစိုးရသစ်ကို ကြည့်လိုက်တဲ့ အခါကျတော့ စွမ်းဆောင်နိုင်သလားလို့ မေးရင်မစွမ်းဆောင်နိုင်
ခဲ့ဘူးလို့ပဲ ဖြေရမှာပါ။အစိုးရသစ်အနေနဲ့ ဘာကြောင့် အချိန်တွေ ဆွဲနေသလဲဆိုတာ ကျွန်တော်
မသိပါဘူး။ စီးပွားရေး အသိုင်းအဝိုင်းက အချို့လုပ်ငန်းရှင်တွေကတော့ ပိုပိုပြီးသာ
စိတ်မရှည်ဖြစ်လာနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်တို့ စိုးရိမ်စိတ်တွေ၊ စကားသံတွေ နားထောင်သလားဆိုတော့ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်
လုပ်ငန်းတွေ စတင်တဲ့ အောက်တိုဘာ လကစလို့ လစဉ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်
ဥက္ကဋ္ဌ ဦးကျော်ဝင်းနဲ့ ကျွန်တော်တို့ တွေ့ပါတယ်။ ကျွန်တော်တို့ ပြောတာတွေ သူတို့ အသေအချာ
နားထောင်ပါတယ်။ သို့သော် အဲသလို နားထောင်ပြီးသွားတဲ့အခါ အဲဒီကနေကို
တိုးတက်မလာတာကဖြင့် မေးခွန်းထုတ်စရာပါပဲ။

ဖိုရမ်ဆွေးနွေးပွဲတွေ လုပ်တယ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ လုပ်တယ်။
သို့သော်လက်တွေ့ဆောင်ရွက်မှုကဖြင့် ဘာမှမရှိသလောက်ပဲဆိုတဲ့ အခြေအနေပါ။

 

ယခင်အစိုးရနဲ့ နှိုင်းယှဉ်ရင် ယခုအစိုးရရဲ့ စွမ်းဆောင်မှုကို ဘယ်လိုမြင်သလဲ။ ယခင်အစိုးရက
ဆက်ဆံရတာ ပိုမိုလွယ်ကူပါသလား။

အရင်အစိုးရက အရှိန်အဟုန်ရနေပြီ။အစိုးရက အရှိန်ရနေတော့ စီးပွားရေးလုပ်ငန်းတွေလည်း
နောက်က အမီလိုက်လာတာပေါ့။ အခု အစိုးရသစ်က အရှိန်အဟုန် မရသေးဘူး။ ဒါကြောင့်
အစိုးရသစ်ဟာ အခု ဒီ အခိုက်အတန့်လေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီး အရှိန်အဟုန်ရလာမယ့်
အချိန်ကို ကျွန်တော်တို့အားလုံး မျှော်လင့်နေကြပါတယ်။

အရင်အစိုးရရဲ့ လုပ်နည်း လုပ်ဟန်တွေကို ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား ဆိုတော့
အလုပ်လုပ်ရတာ ပိုမို လွယ်ကူပါတယ်။ အခုတော့ အတော့်ကို မရှင်းမလင်း ဖြစ်နေတယ်။
မူဝါဒတွေက မရှင်းလင်းသလိုလုပ်ငန်းဆောင်ရွက်မှုကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး။
လိုင်စင်တွေ ခွင့်ပြုချက်တွေဟာ အရမ်းကို အချိန်ကြန့်ကြာပြီး ကိစ္စအတော်များများမှာ
မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ရလဒ်ကတော့ လုပ်ငန်းတွေမှာ အရွေ့မရှိဘူးဆိုတာမျိုး
ဖြစ်လာတယ်။

 

ယခင်အစိုးရနဲ့ နှိုင်းယှဉ်ရင် အခု အစိုးရလက်ထက်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု
ကျဆင်းသွားရခြင်းက အခုလို မရေမရာ ဖြစ်နေရတဲ့ အကြောင်းရင်း
တစ်စိတ်တစ်ပိုင်းလို့ဆိုနိုင်ပါသလား။

ဟုတ်ပါတယ်။ အရင် အစိုးရရဲ့ အရှိန်အဟုန်ပေါ်မှာ ဆက်ပြီးလုပ်ရမှာ။ အစိုးရသစ်ရဲ့
ပထမ ခြောက်လအတွင်း လူတွေ အရမ်းစိတ်အားတက်ကြွနေပြီး ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်
ဖြစ်နေကြတယ်။ သက်တမ်း ခုနစ်လ၊ ရှစ်လထဲဝင်လာတဲ့ အချိန်မှာ လူတွေက စိတ်မရှည်ကြ
တော့ဘူး။ အဲဒီအချိန်အထိ ဘာမှ ပြတ်ပြတ်သားသား မရှိတဲ့အခါ အားလုံး ပိုပြီး ရှင်းရှင်းလင်းလင်း
ဖြစ်တဲ့အချိန်အထိ သူတို့ စောင့်ချင်လာကြတယ်။ အဲဒီအချက်က ပြည်ပတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေခဲ့ပါတယ်။

ကျွန်တော်တို့ ဒီထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။
အဲဒါက အမှန်ပဲ မဟုတ်လား။ အခြေခံ အဆောက်အအုံလိုမျိုး အချို့ကဏ္ဍတွေမှာ ဆိုရင်
ပြည်ပရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့အလွယ်တကူ ဖိတ်ခေါ်နိုင်၊ ဆွဲဆောင်နိုင်မယ်။
ဥပမာ ပြည်တွင်းလုပ်ငန်းရှင်တွေ မလုပ်နိုင်တဲ့ အကြီးစား အခြေခံ အဆောက်အအုံမျိုးပေါ့။
အဲဒီလို ကဏ္ဍမျိုးတွေ ကျွန်တော်တို့ တံခါးဖွင့်ပေးသင့်တယ်။

အခြေခံအဆောက်အအုံ မကောင်းတဲ့ အချက်ဟာ ဘယ်လောက် အရေးပါသလဲ။ အခြေခံ
အဆောက်အအုံ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရရဲ့ ဆောင်ရွက်မှုဟာ
လုံလောက်ပါသလား။

နိုင်ငံတိုင်း နိုင်ငံတိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံလို ဧရိယာကျယ်ဝန်းတဲ့
နိုင်ငံတိုင်းမှာ အခြေခံ အဆောက်အအုံဟာ အလွန်ပဲ အရေးကြီးပါတယ်။ ခင်ဗျား စက်ရုံတစ်ရုံ
တည်မယ်၊ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုပါစို့။ အဲဒီ လုပ်ငန်းတစ်ခုတည်းအပေါ်မှာပဲ ခင်ဗျား အာရုံ
စူးစိုက်ထားချင်မှာပဲ။ ဘာမှမဆိုင်တဲ့ အခြေခံအဆောက်အအုံတို့၊ အခြား ကုန်ကျစရိတ်တို့နဲ့
ခင်ဗျား ခေါင်းခဲချင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ စက်ရုံတွေ တိုးမလာခင်၊ ရင်းနှီးမြှုပ်နှံမှုတွေ
များပြားမလာခင်၊ အခြေခံအဆောက်အအုံဆိုတာ အရင် တိုးတက်လာရမှာ။ အဲဒါ အတော့်ကို
အရေးကြီးပါတယ်။

အစိုးရသစ်ဟာလည်း အားလုံးကို ကိုင်တွယ်ဖို့ ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ အခြေခံ
အဆောက်အအုံ စီမံကိန်းကြီးတွေ ပေါ်ထွက်မလာဘူး။ သူတို့ စီမံချက်တွေ ဆွဲတော့
ဆွဲခဲ့တယ်၊ သို့သော် အကောင်အထည် မဖော်ဖြစ် သေးဘူးပေါ့။

 

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အစိုးရနဲ့ဗျူရိုကရေစီယန္တရားက အတူတကွ အလုပ်လုပ်တယ်။
လက်ရှိ အစိုးရသစ်မှာကျအဲဒီလို မမြင်ရဘူး။ ဒီအချက်ဟာ စီးပွားရေးလုပ်ငန်းအပေါ် ဘယ်လို
အကျိုးသက်ရောက်ပါသလဲ။

စောစောက ကျွန်တော်ပြောခဲ့တဲ့စကားကို ပြန်ကောက်ရရင် မူဝါဒနဲ့ လုပ်ငန်းစဉ်ဟာ
ရှင်းလင်းပြတ်သားတဲ့အခါ အကောင်အထည်ဖော်လို့ ရပါတယ်။ အဲဒါတွေ မရှင်းမလင်း
ဖြစ်နေရင်၊ အတွေ့အကြုံမရှိတဲ့ ဝန်ကြီးတွေ များနေရင်တော့ အလုပ်လုပ်ရတာ ခက်ပါတယ်။
အဲဒီအခြေအနေကို ကနေ့ ကျွန်တော်တို့ မြင်နေရတယ်။ အလုပ်မဖြစ်ဘူး၊ အရွေ့ မရှိဘူး။

ဝန်ကြီးတွေက ပြတ်ပြတ်သားသား အပြည့်အဝ အဆုံးအဖြတ် မပေးဘူး။ ဒီလို ရှင်းလင်းတဲ့
လမ်းညွှန်မှု မရှိတဲ့အခါ ဘာအလုပ်မှ မပြီးနိုင်၊ အားလုံး ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရပါတယ်။

 

ဒါဆိုရင် ဝန်ကြီးသစ်တွေအနေနဲ့ လုပ်ငန်းတွေနဲ့ ယဉ်ပါးလာပြီး အရှိန်အဟုန် ဘယ်တော့
ရလာမယ်လို့ မျှော်လင့်ပါသလဲ။လာမယ့်နှစ်အတွင်းမှာ လုပ်ငန်းတွေ ကျွမ်းကျင်လာနိုင်မလား။

စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးဟာ အကောင်းမြင်သမားတွေ
ဖြစ်ပါတယ်။ အနှေးနဲ့ အမြန် ဆိုသလို ဝန်ကြီးတွေ လုပ်ငန်းကျွမ်းကျင်လာမယ်လို့
မျှော်လင့်ပါတယ်။ သို့သော် လက်တွေ့ကျကျ ချဉ်းကပ်မယ်ဆိုရင်တော့ ဒီလိုဖြစ်ဖို့ဆိုတာ
ဝန်ကြီးတစ်ဦးချင်းရဲ့ စွမ်းရည်နဲ့ အတွေ့အကြုံအပေါ် မူတည်နေတယ်။ တချို့ဟာ တကယ့်ကို
စွမ်းရည်ထက်မြက်တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ သို့သော် တချို့ မစွမ်းဆောင်နိုင်
တဲ့သူတွေကျတော့ တခြားနည်းလမ်းတွေကို စဉ်းစားရမှာပါ။

 

မြန်မာကုမ္ပဏီများ ဥပဒေသစ်က ၁၉၁၄ မြန်မာကုမ္ပဏီများ အက်ဥပဒေကို အစားထိုးမှာ
ဖြစ်ပါတယ်။ အဲဒီလို အစားထိုးမှုက ရင်းနှီးမြှုပ်နှံမှု ရပ်ဝန်းကို ဘယ်လို သက်ရောက်မှု
ရှိနိုင်ပါသလဲ။

အခု ဥပဒေသစ်အပေါ် ကျွန်တော်အများကြီး အကောင်းမြင် မျှော်လင့်ထားပါတယ်။ ဒါ
ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ရာမှာ ယခုနှစ်အတွင်း အကြီးမားဆုံး ဥပဒေရေးရာ
အပြောင်းအလဲကြီးလို့လည်း ကျွန်တော် ထင်တယ်။ ဘာလို့ ကျွန်တော် အဲဒီလို ပြောရသလဲ
ဆိုတော့ ယခင် ဥပဒေဟောင်းအရကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားက အစုရှယ်ယာတစ်စု
ပါဝင်ရုံနဲ့တင် အဲဒီကုမ္ပဏီဟာနိုင်ငံခြားသားပိုင်ကုမ္ပဏီ ဖြစ်သွားတယ်။

အခု ဥပဒေသစ်အရ မြန်မာကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသား အစုရှယ်ယာ ၃၅ ရာခိုင်နှုန်း
အထိ ပါဝင်ခွင့်ပြုထားပါတယ်။ ဒါကြောင့်မို့လို့ မြန်မာကုမ္ပဏီအများစုဟာ မိမိတို့
အစုရှယ်ယာ တစ်စိတ်တစ်ပိုင်းကို မဟာဗျူဟာ မိတ်ဖက် နိုင်ငံခြားသားတွေဆီ
ယခုနှစ်ကစလို့ ရောင်းချနိုင်တော့မှာပဲ ဖြစ်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်မှုအပိုင်းရဲ့ ပြဿနာတွေ၊ ရှင်းလင်းပြတ်သားမှု မရှိတာတွေ ခင်ဗျား
ဆွေးနွေးသွားတယ်။ အဲဒီ အချက်တွေအပြင် အစိုးရသစ်အနေနဲ့ လာမယ့် ဘဏ္ဍာနှစ်မှာ
ချက်ခြင်း အရေးယူ ဆောင်ရွက်သင့်တဲ့ ကိစ္စ နှစ်ခု၊ သုံးခုလောက် ဆက်လက်
ဆွေးနွေးပေးနိုင်မလား။

အစိုးရသစ်အနေနဲ့ အားလုံးကို ချက်ခြင်း အောင်မြင်အောင်လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။
ဒါပေမဲ့ ကျွန်တော် သဘောမတွေ့တဲ့ တစ်ချက်က အခွန်တွေ တိုးမြှင့်ကောက်ခံနေတဲ့
အချက်ပါ။ ကနေ့ဆို အခွန်ခေါင်းစဉ် အသစ်တွေ အများကြီး ကျွန်တော်တို့ တွေ့လာရတယ်။
အခွန်ဆိုတဲ့ အဓိပ္ပာယ်ကိုယ်၌က စီးပွားရေးစနစ်ထဲ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေး အရင်းအနှီးကို
သိမ်းဆည်း ထိန်းချုပ်ခြင်းပဲ။

အစောပိုင်းကာလတွေမှာ အခွန်ကို နည်းနည်း လျှော့ပေါ့ပေးတာ ပိုကောင်းပါမယ်။ စီးပွားရေး
တိုးတက်လာတဲ့ အချိန်ကျမှအခွန်ကောက်ပေါ့။ ပြည်သူတွေအနေနဲ့ ဝင်ငွေတိုးတက်လာတာနဲ့အမျှ
အခွန်ဆောင်ချင်လာကြမှာပါ။ လူတွေအတွက် မုန့်ကြီးကြီး လုပ်မပေးနိုင်သေးခင်၊ မုန့်သေးသေးလေး
ရှိစဉ်မှာပဲ အဲဒီထဲက ခင်ဗျားက ဖဲ့ယူလိုက်တဲ့အခါ လူတိုင်းအတွက် အနည်းနဲ့ အများ အခက်အခဲ
ဖြစ်မှာပါပဲ။

 

အမေရိကန် ကုန်သည်ကြီးများ အသင်းအတွက် ဘာထူးခြားတဲ့ စီမံကိန်းများ ရှိပါသလဲ။

ကျွန်တော်တို့မှာ အဖွဲ့ဝင်ကုမ္ပဏီ ၁၇ဝဝန်းကျင် ရှိပါတယ်။ မနှစ်က အမေရိကန်
စီးပွားရေးအရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ကတည်းက ကျွန်တော်တို့အသင်းရဲ့
လှုပ်ရှားမှု ပိုများလာခဲ့တယ်။ ရှေ့ကိုလည်းအစိုးရနဲ့ ပိုပြီး တက်တက် ကြွကြွဆွေးနွေးသွားပါမယ်။
ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးပွဲတွေတော့ စတင်ခဲ့ ပြီးပါပြီ။ အခု ပြည်နယ်နဲ့တိုင်းဒေသကြီး
အစိုးရတွေနဲ့ ဆက်လက် ဆွေးနွေးသွားပါ့မယ်။ လာမယ့် မေလနှောင်းပိုင်းမှာ ကျွန်တော်တို့
အသင်း မန္တလေးကိုသွားပြီး၊ မန္တလေးနဲ့ စစ်ကိုင်းဒေသက အစိုးရအဖွဲ့၊ လုပ်ငန်းရှင်တွေနဲ့
တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။

မနှစ်က အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ နေပြည်တော် ခရီးစဉ်ဟာ အတော့်ကို
အောင်မြင်ခဲ့တယ်။ ကုမ္ပဏီပေါင်း ၃ဝက ထိပ်တန်းအမှုဆောင်အရာရှိတွေ ပါဝင်ခဲ့ပြီး
ဝန်ကြီးဌာန ၁၂ ခုနဲ့ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒါ့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းနဲ့လည်း တွေ့ဆုံခဲ့တယ်။ အဲဒီလို တွေ့ဆုံမှုမျိုးတွေကို အခြား မြို့ကြီးတွေမှာ
ထပ်မံလုပ်သွားဖို့ ကျွန်တော်တို့အစီအစဉ်ရှိပါတယ်။

ဇော်ညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ