နှစ် ၃ဝ ချေးငွေဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်းများ မကြာခင် ဖော်ဆောင်သွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျူးကျော်များ နည်းပါးသွားရန်အတွက် ၄င်တို့ဝယ်ယူ
နေထိုင်နိုင်မည့် အိမ်ရာစီမံကိန်းများကို ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း
ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒုတိယသမ္မတ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး အပါအဝင် ပြည်ထောင်စု
ဝန်ကြီးအချို့နှင့် စီးပွားရေး လုပ်ငန်းရှင်များ ယခုလ ၁ဝ ရက်က ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ တွေ့ဆုံစဉ် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

''ကျူးကျော်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အိမ်ရာ စီမံကိန်းတွေကို ဆောင်ရွက်နေပါတယ်။
အိမ်ရာစီမံကိန်းအတွက်လည်းညှိနှိုင်းဆောင်ရွက်တာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။
အဲဒါကတော့ ဘဏ်ချေးငွေကို နှစ်ရှည်ချေးငွေ ရနိုင်ဖို့အတွက် ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ အိမ်ရာဝယ်ယူရာတွင် ဘဏ်ချေးငွေကို နှစ်ရှည်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး
အစိုးရက ဗဟိုဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိပါက
အိမ်ခန်း ဝယ်ယူရန်အတွက်ချေးငွေကို နှစ်ရှည်ပေးနိုင်မည် ဖြစ်သည်။

''ဒါကလည်း ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ချေးငွေကို နှစ်ရှည်ချေးငွေပေးနိုင်မှ
ကျူးကျော်တွေဟာ အရှင်းဆုံးပြောရင် ကနဦး ငွေပေးချေရမယ့် ပမာဏ (Down Payment)
မပေးနိုင်ဘူး။ သူတို့ဟာ အလုပ်လုပ်တယ် သူတို့အခန်းဖိုး ပေးနိုင်မယ်။ အဲဒီလို သူတို့ကို
နှစ် ၃ဝ လောက် ချေးငွေ ချပေးနိုင်မယ်ဆိုရင် ဒီချေးငွေနဲ့ အိမ်ဝယ်နိုင်မယ်''ဟု
ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ဘဏ်ချေးငွေကို နှစ် ၃ဝ ချေးငွေ ထုတ်ချေးနိုင်ရန် စီစဉ်ထားကြောင်းနှင့်
ကျူးကျော်များက ယင်းချေးငွေဖြင့် အိမ်ခန်းဝယ်ယူကာ တစ်ဆင့်ချင်း ပြန်လည်ပေးဆပ်သည့်
ငွေများဖြင့် အဆိုပါ အိမ်ခန်းများကို တည်ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများကို
ပြန်လည်ပေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေ
အဆင်ပြေပါက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရန်ကုန်မြို့ ပတ်ချာလည်တွင် ယင်းအိမ်ရာ
စီမံကိန်းများကို ဆောက်လုပ်သွားမည် ဖြစ်သည်။

ထို့ပြင် ညှိနှိုင်းမှု အောင်မြင်ပါက လာမည့် ဧပြီလကုန်တွင် အိမ်ရာစီမံကိန်းများ၏
ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်သွားနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့အနေဖြင့် ယင်းအိမ်ရာ ဖော်ဆောင်မည့် စီမံကိန်းများတွင် ၆၄ ရာခိုင်နှုန်းခန့်
ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

''ဒီအခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်လို့ ရပြီဆိုရင် ကျွန်တော်တို့ ရန်ကုန်တိုင်းထဲမှာ
အိမ်ရာစီမံကိန်းတွေကို ရန်ကုန်မြို့ ပတ်ချာလည်မှာ တည်ဆောက်ဖို့ အဆင့်သင့် ဖြစ်နေမှာ
ဖြစ်ပါတယ်။ မကြာခင်မှာ ဧပြီလကုန်ပိုင်းလောက်ကနေစပြီး တည်ဆောက်ရေးလုပ်ငန်းကို
စတင်ကြတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒီအခြေအနေပေါ်မှာ ၆၄
ရာခိုင်နှုန်းလောက် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်
ဆောက်လုပ် ရောင်းချနေသည့် တန်ဖိုးနည်းအိမ်ခန်းများကိုမူ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်ကာ အရစ်ကျရောင်းချပေးလျက်ရှိပြီး
တန်ဖိုးနည်း အိမ်ခန်းပေါင်း ၂,ဝဝဝ ကျော် ရောင်းချရန်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ