UBER ရဲ့ တက္ကစီဝန်ဆောင်မှု ရန်ကုန်မှာ အဆင်ပြေမလား

UBER အက်ပလီကေးရှင်းဖြင့် တက္ကစီဝန်ဆောင်မှုပေးမည့် ယာဉ်တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့UBER အက်ပလီကေးရှင်းဖြင့် တက္ကစီဝန်ဆောင်မှုပေးမည့် ယာဉ်တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

စတင်အသုံးမပြုခင်ကတည်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အပြောနဲ့တင် လူများစု
စိတ်ဝင်စားခဲ့ကြတဲ့ Uber ကတော့ တကယ်ပဲရောက်ရှိလို့လာခဲ့ပါပြီ။

အများပြည်သူခရီးသည်ပို့ဆောင်ရေးကို အဆင့်မြှင့်တင်ပြီးတဲ့အခါ တက္ကစီတွေကို
အဆင့်မြှင့်မှာဖြစ်ပြီး နိုင်ငံတကာမှာ သုံးနေပြီဖြစ်တဲ့ Uber အက်ပလီကေးရှင်းကို
တက္ကစီတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ ခဏခဏ
ပြောခဲ့ပါတယ်။

တကယ်တမ်းမှာတော့ Uber မရောက်ခင်ကတည်းက Grab အက်ပလီကေးရှင်းက
တက္ကစီလောကမှာ မိတ်ဆက်ခဲ့ပါတယ်။ Uber မရောက်ခင်ကာလတွေတုန်းကတော့
Hello Cab နဲ့ Oway Ride တို့က ရန်ကုန်မြို့က ခရီးသည်တွေကြားမှာ ရေပန်းစားခဲ့
ပါတယ်။

ဧပြီလနောက်ဆုံးပတ်မှာ Uber က တက္ကစီစီးတဲ့သူတွေကို အမြည်းမိတ်ဆက်တဲ့အနေနဲ့
မေ ၅ ရက်အထိ ကျပ် ၁ဝ,ဝဝဝ ဖိုး အခမဲ့စီးနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တရားဝင်စတင်
မိတ်ဆက်ခဲ့တာကတော့ မေ ၁၁ ရက်မှဖြစ်ပါတယ်။

''ရန်ကုန်မြို့မှာ Uber ကို အခုမှတရားဝင်စတင်မှာဖြစ်ပါတယ်။ ရာပေါင်းများစွာသော
တက္ကစီတွေက လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ဝန်ဆောင်မှုပေး
နေတဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်''လို့
Uber ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ အတွက် ဈေးကွက်ချဲ့ထွင်ရေး အထွေထွေမန်နဂျာ
Mr Sam Bool က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၇ဝ မှာ အသုံးပြုနေပြီဖြစ်တဲ့ Uber က ရန်ကုန်မြို့ဟာ တကယ့်ကို
အရေးပါတဲ့ ဈေးကွက်အဖြစ် သတ်မှတ်ထားပါတယ်။ ရန်ကုန်က တက္ကစီယာဉ်မောင်း
တော်တော်များများက စမတ်ဖုန်းသုံးနေတာက အားသားချက်တစ်ခုဖြစ်ပြီး Uber အက်ပလီ
ကေးရှင်းကို လျင်လျင်မြန်မြန် အသားကျဖို့ အထောက်အကူဖြစ်စေတယ်လို့ Mr Sam Bool 
က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဥရောပခရီးစဉ်မှာ Uber အသုံးပြုမှုကို လေ့လာခဲ့ပြီးတော့
ခရီးသည်တွေရဲ့အမြင်နဲ့ ထင်မြင်ချက်တွေအပြင် တက္ကစီအသင်းတွေရဲ့အခြေအနေကို
လည်း လေ့လာခဲ့တယ်လို့ဆိုပါတယ်။

''အင်္ဂလန် ပြင်သစ် လေ့လာရေးခရီးစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးကို ဘယ်လိုဖွံ့ဖြိုးတိုး
တက်အောင် ဆောင်ရွက်မလဲဆိုတဲ့ အစီအစဉ်နဲ့ ကဏ္ဍပေါင်းများစွာကို လေ့လာခဲ့တယ်။
အဲဒီထဲမှာ ဘတ်စ်ကား၊ ရေကြောင်းအပြင် တက္ကစီတွေကို စနစ်တကျဆောင်ရွက်ဖို့ဆိုတာ
လည်း ပါပါတယ်''လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Uber စတင်မိတ်ဆက်တဲ့ပွဲမှာ
ပြောပါတယ်။

နိုင်ငံတော်တော်များများမှာက တက္ကစီအသင်းတွေ ရှိပြီးသားဖြစ်တာကြောင့် နည်းပညာကို
အသုံးပြုပြီး ခရီးသည်နဲ့ တက္ကစီကို ချိတ်ဆက်ပေးမယ့် ပုံစံကို တက္ကစီအသင်းတွေကတော့
သိပ်ပြီး ကြိုက်ပုံမရဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ စီးနင်းတဲ့သူတွေ
ကတော့ ဝန်ဆောင်မှု ကောင်းတယ်ဆိုရင် နှစ်သက်တယ်ဆိုတဲ့ အနေအထားရှိတယ်လို့
ဆိုပါတယ်။

''စီးနင်းတဲ့သူတွေအတွက်က စရိတ်လည်းပိုသက်သာပြီး သူတို့အတွက် ဝန်ဆောင်မှုလည်း
ပိုကောင်းလို့ နည်းပညာအသုံးပြုတာကို ကြိုက်ကြတယ်။ ကျွန်တော်တို့ဆီမှာ တက္ကစီ
အသင်းဆိုပြီး ခိုင်ခိုင်မာမာမရှိဘူး။ အစိုးရသစ်အဖွဲ့ တာဝန်ယူခဲ့တဲ့ အချိန်ကာလမှာ
တရားဝင် မှတ်ပုံတင်မထားတဲ့ တက္ကစီတွေတောင် တွေ့ရတယ်။ ဒါကြောင့် တက္ကစီ
စီးနင်းရာမှာ အဆင်ပြေစေဖို့ နည်းပညာနဲ့ ပြုပြင်ပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ရပ်
ရှိနေတယ်''လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လက်ရှိခရီးသည်တွေ ကြုံတွေ့နေရတာက တက္ကစီစီးတဲ့သူနဲ့ မောင်းတဲ့သူကြားမှာ
ယုံကြည်မှု အပြည့်အဝမရှိဘဲ အထူးသဖြင့် ညဘက်တွေစီးမယ်ဆိုရင် လုံခြုံမှုမရှိဘူး
ဆိုတာမျိုးက တက္ကစီစီးတဲ့သူနဲ့ မောင်းတဲ့သူကြားမှာ အပြန်အလှန်ဖြစ်နေတာ ဖြစ်ပါတယ်။

''တက္ကစီမောင်းတဲ့သူအတွက် လုံခြုံမှုမရှိသလို စီးတဲ့သူအတွက်လည်း လုံခြုံမှုမရှိဘူးဆိုပြီး
ဖြစ်နေတဲ့အခြေအနေမှာ နည်းပညာတစ်ခုနဲ့ လုံခြုံမှုကိုလည်း ဖြစ်တယ်၊ ဝန်ဆောင်မှုကို
လည်း ကောင်းစေမယ်ဆိုတဲ့ တက္ကစီဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ
လာရောက်ဆောင်ရွက်ဖို့ ကျွန်တော်ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ Uber လည်း တစ်ခုအပါ
အဝင်ဖြစ်ပါတယ်''လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အမေရိကန်မှာအခြေပြုပြီး လူငယ်တွေဦးဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Uber 
အပြင် တခြားတက္ကစီဝန်ဆောင်မှု လုပ်ငန်းလုပ်မယ့်သူတွေကို တိုင်းဒေသကြီးအစိုးအဖွဲ့
ဒါမှမဟုတ် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်
အဖွဲ့ရဲ့သဘောတူညီမှုနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

''နိုင်ငံတကာ ကုမ္ပဏီတွေဘက်က အဆင်သင့်ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့
ဘက်က နည်းပညာနောက်ကျတော့ နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့နားလည်မှု
စာချုပ်လုပ်ဖို့ဆိုတာ အချိန်နည်းနည်းယူရတာမျိုး ရှိပါတယ်''လို့ ဦးဖြိုးမင်းသိန်းက ပြောပါ
တယ်။

နိုင်ငံတကာမှာတော့ Uber က တက္ကစီတွေအပြင် အိမ်စီးကားတွေကိုပါ သူတို့ရဲ့
အက်ပလီကေးရှင်းကို အသုံးပြုပြီး ပြေးဆွဲဖို့အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းလိုက်တာမျိုးတွေ
ရှိပါတယ်။ Uber ကတော့ လက်ရှိ ပြေးဆွဲနေတဲ့ တက္ကစီတွေကိုပဲ ပိုပြီးအသုံးပြုသွားမယ်
လို့ ဆိုပါတယ်။

UBER အက်ပလီကေးရှင်းအသုံးပြုငှားရမ်းနိုင်သော ယာဉ်ကို ကြည့်ရှုနေသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်။ ဓာတ်ပုံ - ပေးပို့UBER အက်ပလီကေးရှင်းအသုံးပြုငှားရမ်းနိုင်သော ယာဉ်ကို ကြည့်ရှုနေသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်။ ဓာတ်ပုံ - ပေးပို့

''ကျွန်တော်တို့ကတော့ ရှိပြီးသား ယာဉ်တွေကိုပဲ အသုံးပြုပြီး အခွင့်အလမ်းကို ဝေမျှတဲ့
ပုံစံမျိုးလုပ်သွားမှာဖြစ်ပါတယ်။ အိမ်စီးကားတွေကို အသုံးပြုမယ်ဆိုရင် ဘယ်လိုပုံစံနဲ့
လုပ်ဆောင်သွားမလဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဆွေးနွေးရဦးမှာ ဖြစ်ပါ
တယ်။ ပုဂ္ဂလိက ကားတွေကိုပါ ဝင်ပြီးပြေးဆွဲစေတယ်ဆိုတာကတော့ ပြိုင်ဆိုင်မှုအတွက်
လုပ်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Uber ကို လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့သူ
ဗတွ တော်တော်များများ တွေ့နေရပြီဖြစ်ပါတယ်''လို့ Mr Sam Bool  က ပြောပါတယ်။

Uber ရဲ့ အက်ပလီကေးရှင်းကို လောလောဆယ်မှာ အင်္ဂလိပ်ဘာသာစကားကို အသုံးပြု
ထားပြီး နောက်ပိုင်းမှာတော့ မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ပေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရာမှာတော့ ယာဉ်မောင်းနဲ့
ခရီးသည်ကိုပဲ အဓိကထားပြီး အက်ပလီကေးရှင်းကို လွယ်ကူစွာ အသုံးပြုနိုင်စေဖို့
နည်းလမ်းပေါင်းစုံ ရှာဖွေထားတယ်လို့ ဆိုပါတယ်။

''တက္ကစီခကိုတော့ ပုံစံသတ်မှတ်ချက်ရှိပြီး တက္ကစီခ ဘယ်လောက်ကျတယ်ဆိုတာကို
ခရီးသည်က ဝင်ကြည့်လိုက်တာနဲ့ ချက်ခြင်းသိနိုင်မယ့် နှုန်းထားမျိုး ပြုလုပ်ထားပါတယ်။
Uber အသုံးပြုတဲ့တက္ကစီတွေကလည်း လက်ရှိ တက္ကစီသမားတွေ ကောက်နေတဲ့ နှုန်းထား
မျိုးပဲဖြစ်မှာပါ''လို့ Mr Sam Bool က ပြောပါတယ်။

Uber ကိုအသုံးပြုဖို့ဆိုရင်တော့ Android ဖုန်းတွေမှာဆိုရင် Play Store နဲ့ IOS ဖုန်းတွေမှာ
ဆိုရင်တော့ Uber လို့ ရိုက်ရှာလိုက်ပြီး ဒေါင်းလုတ်ဆွဲလိုက်လို့ ရပြီဖြစ်ပါတယ်။ အင်တာ
နက်ဖွင့်ထားပြီး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို Uber အက်ပလီကေးရှင်းမှာ ရိုက်ထည့်လိုက်ရင်
ခဏကြာတဲ့အခါမှာ ကုတ်နံပါတ် ပြန်ပို့မှာဖြစ်ပြီး အဲဒီကုတ်နံပါတ်ကို ရိုက်ထည့်ပြီးရင်
စတင်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

ခရီးသည်အနေနဲ့က Uber ကို ဖွင့်လိုက်တာနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို သိရမှာဖြစ်ပြီး
သွားချင်တဲ့နေရာကို မြေပုံပေါ်မှာ ထောက်လိုက်တဲ့အခါ ခရီးသည်ဆီကို ကားရောက်မယ့်
ခန့်မှန်းအချိန်နဲ့ လက်ရှိကားရှိနေတဲ့နေရာကို မြေပုံပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။

Request Uber ကို နှိပ်လိုက်တာနဲ့ တက္ကစီကားမောင်းတဲ့သူက ခရီးသည်ကို ဖုန်းဆက်
လာမှာဖြစ်ပြီး ကိုယ်ရှိနေတဲ့နေရာကို ပြောလိုက်ရုံပဲ ဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံး
အင်တာနက်ဖွင့်ထားဖို့ လိုတယ်ဆိုပေမဲ့ မဖွင့်ချင်လည်း ရပါတယ်။ ခရီးဆုံးခါနီးတော့မှ
အင်တာနက်ပြန်ဖွင့်ပြီး ကျသင့်ငွေကိုကြည့်လို့လည်း ရပါတယ်။

အက်ပလီကေးရှင်းက အသုံးပြုရလွယ်ကူတယ်လို့ ခရီးသည်တော်တော်များများက
ပြောကြပေမဲ့ ခရီးသည် သုံးယောက်လောက်က တညီတညွတ်တည်းပြောကြတာကတော့
Uber နဲ့သွားတာက ပုံမှန်တက္ကစီနဲ့ သွားတာထက် ကျပ် ၁,၅ဝဝ ကနေ ကျပ် ၂,ဝဝဝ
လောက်ထိပိုများနေတာပဲ ဖြစ်ပါတယ်။

''သုံးရတာတော့ တော်တော်လွယ်တယ်။ ကိုယ်သွားမယ့်နေရာက ဘယ်လောက်ကျလဲ
ဆိုတာကိုလည်း ကြိုကြည့်လို့ရတယ်။ ကိုယ်ရှိနေတဲ့နေရာအထိ လာကြိုပေးတယ်
ဆိုပေမဲ့လည်း ဈေးတော့များတယ်''လို့ မြောက်ဒဂုံမှာ နေထိုင်တဲ့ ကိုမြင့်မိုရ်ဟန်က
ပြောပါတယ်။

တခြားနိုင်ငံတွေမှာ Uber ဝင်လာတာကို မကျေနပ်ရတဲ့အကြောင်းရင်းက သာမန်တက္ကစီ
တွေထက် ဈေးလျှော့ပေးတာကြောင့် တက္ကစီဈေးကွက်ပျက်သွားလို့ ဖြစ်ပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံမှာတော့ သာမန်ထက်တောင် ဈေးများနေတာကြောင့် ဒါဟာဘာကြောင့်လဲ
ဆိုတာကို Uber က ပြန်သုံးသပ်သင့်တယ်လို့ ကျောက်မြောင်းက မအိအိခင်က
ပြောပါတယ်။

ယာဉ်မောင်းတွေအတွက် မေ ၁၇ ရက်ကနေ ၁၉ ရက်အထိ တစ်နေကုန် အင်တာနက်
ဖွင့်ထားရင် တစ်နာရီကို ကျပ် ၃,ဝဝဝ ပေးမှာဖြစ်တယ်လို့ မဂိုလမ်းက ယာဉ်မောင်း
ကိုကျော်ကျော် (အမည်လွှဲ)က ပြောပါတယ်။

''ကျွန်တော် မေ ၁ဝ ရက်ကမှ Uber ကိုစဝင်တာဖြစ်ပါတယ်။ မေ ၁၅ ရက်ကနေ ၂၁ ရက်
အတောအတွင်းမှာ ခရီးစဉ် ၁ဝ ခေါက်ပြည့်တိုင်း ကျပ် ၂၅,ဝဝဝ ရမှာဖြစ်ပါတယ်။ ပရိုမိုးရှင်း
ကာလတွေဆိုရင်တော့ ခါတိုင်းထက် ပိုက်ဆံပိုရတယ်။ သာမန်အချိန်တွေဆိုရင်တော့
ဝင်ငွေက ခါတိုင်းနဲ့သိပ်မထူးပါဘူး။ ဒါပေမဲ့ ခရီးသည် လျှောက်ရှာနေစရာ မလိုတာတစ်ခု
တော့သာတယ်''လို့ ကိုကျော်ကျော်က ပြောပါတယ်။

တက္ကစီယာဉ်မောင်းတွေရဲ့ဝင်ငွေကို ကုမ္ပဏီက တစ်ပတ်တစ်ခါ ရှင်းပေးတယ်လို့ သိရပါ
တယ်။ တကယ်လို့ အူဘာမသုံးချင်တဲ့အချိန်တွေမှာ အင်တာနက်ကို ပိတ်ထားလို့ရပြီး
သာမန်အတိုင်း ပြေးဆွဲလို့လည်း ရပါတယ်။

''ကားမောင်းရတာက အဆင်ပြေတယ်။ ဒါပေမဲ့ စစချင်းဆိုတော့ ခရီးသည်တွေက
စမ်းတာလား ဘာလားမသိဘူး။ ကားလှမ်းခေါ်ပြီး တကယ်တမ်းသွားတဲ့အခါမှာ ဖုန်းပိတ်
ထားတာမျိုး လုပ်ပစ်တယ်။ တချို့လည်း ရလားလို့ စမ်းခေါ်ကြည့်တာလို့ ပြောတယ်။
ကျွန်တော်တို့က လမ်းပိတ်ဘာညာနဲ့ သွားပြီးမှ မဟုတ်ဘူးဆိုရင် သက်သက်မဲ့အချိန်ကုန်
တယ်''လို့ ၄င်းကပြောပါတယ်။

တစ်ခါတလေမှာတော့ ခရီးသည်ရှိတဲ့နေရာနဲ့ အဝေးကြီးက တက္ကစီတွေကို အက်ပလီကေး
ရှင်းမှာ ပြနေတာမျိုးဖြစ်တတ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါကတော့ ဘာအမှားအယွင်း
ကြောင့်လည်းဆိုတာတော့ အတိအကျ မသိကြသေးပါဘူး။

အခုဆိုရင် မြန်မာနိုင်ငံမှာ ရှိပြီးသား တက္ကစီဝန်ဆောင်မှုတွေအပြင် နိုင်ငံတကာဝန်ဆောင်
မှုတွေဖြစ်တဲ့ Grab နဲ့ Uber တို့လည်း ရောက်ရှိလို့လာပါပြီ။ ဘယ်ဝန်ဆောင်မှုက
အကောင်းဆုံးလဲဆိုတာကိုတော့ ခရီးသည်တွေကပဲ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ''ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဈေးကွက်
စီးပွားရေးစနစ်ထဲမှာ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ အခွင့်အလမ်းပေးတာ၊ နှိပ်ကွပ်တာမျိုးလုပ်မှာ
မဟုတ်ဘဲ တက္ကစီဝန်ဆောင်မှုအားလုံးကို တန်းတူညီမျှ ပါဝင်ခွင့်ရနိုင်အောင် လုပ်ပေးသွား
မှာပါ''လို့ ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ