ဝိုင်ဘီအက်စ် ယာဉ်လိုင်းများအတွက် အစိုးရက ကားစီးရေ ၂,ဝဝဝ တင်သွင်းပြီး

ဝိုင်ဘီအက်စ် ယာဉ်လိုင်းများအတွက် ကားသစ်များကို ပြည်သူ့ရင်ပြင်တွင် တွေ့ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)ဝိုင်ဘီအက်စ် ယာဉ်လိုင်းများအတွက် ကားသစ်များကို ပြည်သူ့ရင်ပြင်တွင် တွေ့ရစဉ်။ ဥာဏ်ဇေထက် / မြန်မာတိုင်း(မ်)

အများပြည်သူသယ်ယူပို့ဆောင်ရေး (ဝိုင်ဘီအက်စ်) ယာဉ်လိုင်းများတွင် ထည့်သွင်း
အသုံးပြုရန် ကားစီးရေ စုစုပေါင်း ၂,ဝဝဝ ခန့် အစိုးရက တင်သွင်းပြီးဖြစ်ကြောင်း 
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

''အခုဆိုရင် အစိုးရက တင်သွင်းတဲ့ ကားစီးရေ ၂,ဝဝဝ နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက
ဘတ်စ်ကားစီးရေ ၆ဝဝ လောက် တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒီကားသစ်တွေကို
ကားဟောင်းတွေနေရာမှာ တဖြည်းဖြည်း အစားထိုး အသုံးပြုသွားမှာ ဖြစ်ပါတယ်'' ဟု
၎င်းက ပြောသည်။

ယခုလ ၉ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်ပြည့်
သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

ဝိုင်ဘီအက်စ်ကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ကားစီးရေ
မလုံလောက်မှုကြောင့် ယခုအချိန်ထိ အခက်အခဲကြုံနေရဆဲဖြစ်သည်။ သို့သော်
တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတကာအဆင့်မီ ခရီးသည်ပို့ဆောင်ရေးဖြစ်လာစေရန်
တဖြည်းဖြည်း ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဇွန် ၂ဝ ရက်တွင် ၁၉၉၅ မော်ဒယ်အောက် ယာဉ်များဖြစ်သော စီးတီးဘတ်စ်၊
မီနီဘတ်စ်၊ ဘီအမ်၊ ဒိုင်နာ အစရှိသော ခရီးသည်တင်ကားများအားလုံး ပြေးဆွဲမှုရပ်တန့်
ရမည်ဖြစ်ပြီး အရည်ကျို စက်ရုံသို့ အပ်နှံရမည်ဖြစ်သည်။ အဆိုပါယာဉ်များ အပ်နှံပြီးပါက
လူစီးစလစ်များရရှိမည်ဖြစ်ပြီး အဆိုပါစလစ်ကို ရောင်းချကာ ကားသစ်များတင်သွင်းနိုင်မည်
ဖြစ်သည်။

''ရန်ကုန်လိုင်စင် စလစ်နဲ့ ကားသစ်တွေ တင်သွင်းတာက သူတို့ကားဟောင်းတွေ
ရောင်းတာထက် ပိုပြီးအခွင့်အလမ်းရရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဒီအခြေအနေမှာ
ယာဉ်ပိုင်ရှင်တွေဘက်ကလည်း နောက်ဆုတ်သွားလို့ရတဲ့ အခြေအနေဖြစ်သလို
ဆက်လက်ပါဝင်မယ်ဆိုရင်လည်း ကုမ္ပဏီတွေမှာ အစုရှယ်ယာအဖြစ်နဲ့ ပါဝင်ခွင့်ရမှာ
ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသေးစားနဲ့ အလတ်စား လုပ်ရှင်တွေပါ ဖွံ့ဖြိုးတိုးတက်
အောင် ခေါ်ဆောင်သွားရမှာဖြစ်ပါတယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မကြာသေးခင်က ဘက်စုံမြင်ကွင်းကုမ္ပဏီက တင်သွင်းလာသော Foton အမျိုးအစား
ဘတ်စ်ကားသစ်များကို အမှတ် ၅၆ ယာဉ်လိုင်းနှင့် အမှတ် ၂ဝ ယာဉ်လိုင်းတို့တွင်
ပြေးဆွဲနေပြီဖြစ်သည်။ ထို့ပြင် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကိုအခြေပြုကာ
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်သို့ ပြေးဆွဲမည့် အမှတ် ၈၃ ယာဉ်လိုင်းသစ်တွင် အစီးရေ ၇ဝ
မှ ၁ဝဝ ကြား အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ခရီးသည် နှစ်သန်းကျော်မှာ ခရီးသည်တင် ဘတ်စ်ကားများကို အားထား
နေရပြီးဆက်လက်၍လည်း အားထားနေရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရက
ဘတ်စ်ကားစနစ်ကို စတင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

''စနစ်ကိုပြောင်းတာဖြစ်လို့ ဘတ်စ်ကားတွေကိုပြောင်းရတာ လွယ်ပါတယ်။ ဒါပေမဲ့
ဝိုင်ဘီအက်စ်မှာက ဘတ်စ်ကားတွေတင်မဟုတ်ဘဲ လူတွေပါ အပြောင်းအလဲလုပ်ဖို့လိုတဲ့
အတွက် အချိန်ယူနေရတာ ဖြစ်ပါတယ်။ ဇွန် ၁၆ ရက်မှာဆိုရင် ဝိုင်ဘီအက်စ်က
ငါးလပြည့်ပြီ။ ကားသစ်တွေလည်း ဝင်လာပြီဖြစ်ပြီး ယာဉ်လိုင်းတွေမှာလည်း စတင်ပြေးဆွဲ
နေပြီဖြစ်လို့ ဆက်ပြီးစောင့်ကြည့်ကြပါ။ အချိန်က စကားပြောသွားပါလိမ့်မယ်''ဟု
ဒေါ်နီလာကျော်က ပြောသည်။

ဧပြီလအတွင်းက လွှတ်တော်အမတ် ၂၆ ဦးကဝိုင်ဘီအက်စ်၏ အားနည်းချက်များကို
လွှတ်တော်တွင် ထောက်ပြဆွေးနွေးခဲ့ကြသည်။ ၄င်းနောက် ဝိုင်ဘီအက်စ်နှင့်ပတ်သက်၍
နောက်ထပ်ပြောကြားခြင်းမပြုရန် တိုင်းဒေသကြီးဝန်ကြီးချုပ်က တားမြစ်ထားသည်ဟူသော
သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော် အဆိုပါကိစ္စမှာ မဟုတ်မှန်ကြောင်း
ဝန်ကြီးချုပ်က ရှင်းလင်းပွဲတွင် ပြောသည်။

''ကျွန်တော့်အနေနဲ့ပြောချင်တာက သိပ်လည်းဆန္ဒမစောကြပါနဲ့။ အပြောင်းအလဲကိုလည်း
မကြောက်ကြပါနဲ့။ အပြောင်းအလဲကို ဆောင်ရွက်နေချိန်မှာ အပြောင်းအလဲကို ဘယ်လို
လိုက်ပါမလဲဆိုတာပဲ တွေးစေချင်တယ်။ လွှတ်တော်ကိုလည်း ကျွန်တော်က ဘာမှ
ထိန်းချုပ်ထားခြင်းမရှိသလို မလွှမ်းမိုးနိုင်ပါဘူး။ ဝန်ကြီးတွေကို ဝိုင်ဘီအက်စ်နဲ့ပတ်သက်ပြီး
မဖြေခိုင်းဘူးဆိုတာ လူတွေက ကျွန်တော့်ကို အထင်ကြီးနေခြင်းသာဖြစ်ပါတယ်''ဟု
ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး
ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) ကိုဖွဲ့စည်းထားရှိပြီး ရန်ကုန်မြို့တွင်း အများပိုင်
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်စ်ကားများ ပြေးဆွဲသည့်
အများပိုင်ကုမ္ပဏီများကို ကြီးကြပ်လျက်ရှိသည်။

အဆိုပါ အများပိုင်ကုမ္ပဏီများ၏ လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းရန် အလတ်စား
ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီထားရှိရန် လိုအပ်သည့်အတွက်  Yangon Fund Co.,Ltd ကို
ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းရန်ရှိကြောင်းလည်း
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ