MAX MYANMAR ကုမ္ပဏီ၏ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာသောင်းဟန်နှင့် အင်တာဗျူး

အောင်ခန့် ။ မြန်မာတိုင်း(မ်)အောင်ခန့် ။ မြန်မာတိုင်း(မ်)

စီးပွားရေးမှာ နောက်ကောက်ကျကျန်နေခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးမှုကို ရှေ့လှမ်းရာမှာ
ဘယ်လိုပုံစံနဲ့ ဦးတည်သင့်သလဲ၊ မေခရိုစီးပွားရေး အခြေအနေမှာ
အဘက်ဘက်က ချွတ်ခြုံကျနေမှုကို
ဘယ်လိုပြင်ဆင်သင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး
စီးပွားရေးပညာရှင် ဒေါက်တာသောင်းဟန်ကို
မြန်မာတိုင်း(မ်)ကတွေ့ဆုံမေးမြန်းထားပါတယ်။

*ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး စီးပွားရေး နောက်ကောက်ကျနေတာဟာ
ကမ္ဘာမှာတင်မက ဒေသတွင်းမှာပါ နိမ့်ကျနေပြီပေါ့။ ဆိုတော့ဖွံ့ဖြိုးရေးအတွက်
အပြောင်း
အလဲအနေနဲ့ သွားတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ သွားသင့်သလဲ၊
ဘယ်လို Model မျိုးက
ပိုသင့်တော် တယ်လို့ မြင်ပါသလဲ။

တတိယနိုင်ငံတွေ စီးပွားရေးကို ပြောင်းလဲဖို့ သွားကြတယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဆိုတာ
ပထမဆုံး စပြောကြတယ်။ FDI ကို အခြေခံတဲ့ Labour intensive low cost ကို များသောအားဖြင့်
သွားကြတယ်။ အဲတော့ အဲဒီ Labour ကို အခြေခံတဲ့ industry တွေကိုသွားတာ။ အဲဒီကနေတစ်ဆင့်
တန်ဖိုးမြင့်ထုတ်ကုန်တွေ (value added change) ဆီကို ဝင်သွားတာ။ အဲဒါကတော့
ခြေလှမ်းတစ်ခုပေါ့။

နောက်တစ်ခုက land ကိုအခြေခံတာ။ ပထမဟာကတော့ လူကိုအခြေခံတာပေါ့။ တကယ်တမ်းတော့
ရိုးရိုးလေးပါ။ လုပ်သားတွေပေါတဲ့အတွက် စက်ရုံတွေတည်မယ်။ မြေကြီးတွေ ပေါတဲ့အတွက်
စိုက်ပျိုးတဲ့ဟာကို စနစ်တကျဖြစ်အောင် လုပ်မယ်။ ပြီးတော့မှ နောက်ဆုံး မြေကြီးကနေ အောက်ကို
ဆင်းသွားတဲ့အတွက် အရင်းအမြစ်တွေရှိတဲ့အတွက် ဒါကိုစနစ် တကျဖြစ်အောင် လုပ်မယ်ဆိုတာမျိုး။
ဥပမာ - သဘာဝဓာတ်ငွေ့ပဲဖြစ်ဖြစ်၊ ကျောက်စိမ်းပဲဖြစ်ဖြစ်၊ သစ်တောတွေပဲဖြစ်ဖြစ်ပေါ့။ ဒါတွေကို
စနစ်တကျလုပ်မယ်ဆိုရင် ဒီသုံးခုပဲ။ မြန်မာက ကံကောင်းတာ သုံးခုစလုံးရှိတယ်။ အဲဒီတော့
ဘယ် model လဲဆိုရင် စောစောကဟာကို ပြန်ခြုံပြီး ကြည့်ကောင်းအောင် ပြောရရင်တော့
manufacturing ကနေ value added ကိုသွားတာသော်လည်းကောင်း၊ အရင်းအမြစ်တွေထဲမှာ
မြေပေါ်မှာပဲရှိတဲ့ စိုက်ပျိုးရေးကဏ္ဍကို အကောင်းဆုံးလုပ်သွားတာသော်လည်ကောင်း၊
နောက်မြေအောက်မှာရှိတဲ့ မြေအောက်သယံဇာတကို အကောင်းဆုံး ရေရှည်ထုတ်သွားတာသော်
လည်ကောင်း ဒီသုံးခုစလုံးက သွားကိုသွားရမယ့်ဟာ။

ကံကောင်းတာ သုံးခုစလုံး သွားလို့ရတယ်။ ဘာပဲလိုတာလဲဆိုရင် စနစ်တကျဆိုတဲ့ဟာပဲ။ ပြီးတော့မှ
ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း အဲဒီသုံးခုပေါ့။ ပြီးမှ ရေရှည်ခံမယ့်ဟာ။ တစ်ယောက်က
ဒီလိုပြောလိုက် လုပ်လိုက်၊ ဟိုတစ်ယောက်က ဒီလိုပြောလိုက် လုပ်လိုက်နဲ့ အားလုံးကို ပျော်စေချင်လို့
လုပ်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့။ ပွင့်ပွင့်လင်းလင်းကတော့ ရှေ့ဆုံးက စရမယ်ထင်တယ်။ ပွင့်လင်းရင်
လူတွေက ရှေ့ရောက်တယ်၊ မရောက်တယ် ဝေဖန်လို့ရတယ်။ ဝေဖန်ရင် အဲဒီနောက်မှာ
လိုက်ပြောင်းလို့ရတယ်။ ဘာဖြစ်နေမှန်း မသိရင် ကျွန်တော်တို့ ပြောင်းလို့မရဘူး။

*ကျွန်တော်တို့မှာ မေခရိုစီးပွားရေး ဟန်ချက်ပျက်မှုကို ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက
ပြောတယ်ပေါ့။ လိုငွေတွေက ကုန်သွယ်ရေးမှာရော၊ ဘဏ္ဍာရေးမှာရော ပိုပြလာတယ်။
တစ်ဖက်မှာလည်း အခွန်က ကျယ်ကျယ်ပြန့်ပြန့် မကောက်နိုင်ဘူး။ နောက် ကြွေးမြီကလည်း
ထူတယ်။ အရန်ငွေကလည်း ကောင်းကောင်းမစုနိုင်ပေါ့။ ဒီလို မေခရိုလယ်ပယ်မှာ
ဖြစ်နေတာတွေက ဦးသိန်းစိန် လက်ထက်ကနေ အခု ဒေါ်အောင်ဆန်းစုကြည်လက်ထက်
အထိပေါ့။ ဒီလိုအဘက်ဘက်ကနေ လိုအပ်ချက်ဖြစ်နေတဲ့ မေခရိုလယ်ပယ်မှာ ကျွန်တော်တို့
ဘယ်လိုကိုင်တွယ်သင့်သလဲ။

လူပြိန်းလိုပဲ ပြောရမယ်ဆို တစ်ခုခုကို လုပ်မယ့်အချိန်မှာ သုံးရတယ်၊ ပိုက်ဆံ စလိုတယ်။
လိုတဲ့အချိန်မှာ အဲဒီပိုက်ဆံ ဘယ်ကရမလဲဆိုတာ ရှိတယ်။ ကျွန်တော်မြင်တာ ဗီယက်နမ်တို့၊
တရုတ်တို့တွေက ကံကောင်းသွားတာက အဲဒီပိုက်ဆံတွေက အလုံးအရင်းကြီးတွေ ဝင်လာတယ်။
ဘယ်ကဝင်လာလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုပေါ့။ FDI ကဝင်တယ်။ နောက် World Bank ၊ ADB ၊
IMF ကလည်း ဝင်တယ်။ အဲဒါတွေ ဝင်မလာလို့ကတော့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။
ဂျာအေး သူ့အမေရိုက် ဖြစ်နေမှာပဲ။ အဲဒီတော့ ဗီယက်နမ်တို့၊ ထိုင်းတို့ သူတို့ အပြောင်းအလဲကာလမှာ
ရသွားတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးမှု ဆိုပါစို့၊ သူတို့ရဲ့အပြောင်းအလဲကာလတစ်ခုကို ၁ဝ နှစ်၊
၁၅ နှစ် သတ်မှတ်ပြီး အဲဒီအချက်အလက်တွေ ဆွဲထုတ်ကြည့်လိုက်ရင် မြန်မာပြည်ထက် အများကြီး
ပိုရတယ်ပေါ့။ အဲဒီဟာကို ကျွန်တော်တို့ဆီက ခေါင်းဆောင်တွေက တောင်းရဲရမယ်၊ ပြောရဲရမယ်။
ဘယ်လိုတောင်းရမယ်၊ ဘယ်သူ့နားကို တောင်းရမယ်၊ ဘယ်လိုဥပမာတွေပေးပြီး တောင်းရမယ်၊
အဲဒီလို တကယ့်ကို လည်လည်ပတ်ပတ်နဲ့ ပြောနိုင်တဲ့ ချက်ပေါင်းစုံက အချက်အလက်ကျကျ
တောင်းနိုင်တဲ့ လူမျိုး၊ အဲဒီလိုလူ လိုပါတယ်။

ကျွန်တော်တို့ဆီက လူကြီးတွေက ဒေါ်လာသန်း ၁ဝဝ၊ ၂ဝဝ ရရင် များလှပြီထင်တာ။
ဥပမာ - ဟိုနေ့က ကနေဒါက ဒေါ်လာ ရှစ်သန်း ကူလိုက်တယ်ဆိုတာမျိုးက မျက်နှာဖုံး
သတင်းကြီးဖြစ်နေတာ ရှက်စရာတောင် ကောင်းတယ်။ တရုတ်ပြည် ကွမ်ကျိုးက
စက်ရုံတစ်ရုံလောက်မှာ သွားပေးတဲ့ ပမာဏလောက်က ကျွန်တော်တို့ဆီမှာ မျက်နှာဖုံးသတင်း
ဖြစ်နေတာ။ တကယ်တမ်း ဖြစ်စေချင်တာ ကနေဒါလိုနိုင်ငံမျိုးက ကျပ်စရာရှိတုန်းက မြန်မာကို
အသားကုန် ကျပ်ခဲ့ပြီးပြီ။ ကူစရာရှိရင် ဂျပန်လိုပဲ ရှစ်ဘီလျံ ကူမယ်ဆိုတာမျိုး ဖြစ်ဖို့လိုတယ်။
ဒါ ကျွန်တော်မြင်တာပေါ့။

*ဒီမှာ အခြေခံအဆောက်အအုံ မပြည့်စုံဘူးပေါ့။ နောက်တော့ စီးပွားရေးလုပ်ဖို့အတွက် 
ရေခံမြေခံပေါ့။ လုပ်သာကိုင်သာရှိမှု အခင်းအကျင်း ဒါတွေ မကောင်းတာ။ ဒါ့ပြင်
ဥပဒေတွေ မပြည့်စုံတာရောပေါ့။ ဒါတွေက ကျွန်တော်တို့ စီးပွားရေးကို မြန်မြန်နဲ့
သွားရမယ့် ခရီးမှာ ဘယ်လောက်ထိ ကာဆီးထားလဲ။

ကျွန်တော်တို့ဆီမှာ တချို့ဟာတွေက အမှတ်ပေး စည်းမျဉ်းနဲ့ဖြေရှင်းနိုင်ရင် ကျွန်တော်တို့ရဲ့
ranking က တက်သွားမယ်ပေါ့။ ဥပမာ - ကျွန်တော်တို့ ranking က ၁၆ဝ ကျော်ရှိတယ်။
အဲဒီ ၁၆ဝ ကျော်မှာ ဘယ်ဟာတွေကြောင့် ၁၆ဝ ကျော် ဖြစ်နေတာလဲ။ လူတွေက ဘယ်ဟာကိုပဲ
ကြည့်လိုက်တာလဲဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေးသွားလုပ်ရင် ease of doing business
(စီးပွားရေးလုပ်သာကိုင်သာရှိမှု) က ၁၆ဝ လောက်ဖြစ်နေတယ်။ ဆိုတော့ မြန်မာက
မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ ease of doing business မှာ မေးခွန်းက ၁ဝ ခုရှိတဲ့အထဲမှာ
တချို့မေးခွန်းတွေက ကျွန်တော်တို့တွေ ဖြေလို့ရတယ်။ ကုမ္ပဏီထောင်လို့ လွယ်လား။ လွယ်အောင်
လုပ်ပေးလိုက်ရင် အဆင့်က တက်သွားရော။ ကုမ္ပဏီဖျက်လို့ လွယ်လား၊ လွယ်အောင်
လုပ်ပေးလိုက်ရင် တက်သွားရော၊ လျှပ်စစ်ဓာတ်အားရတာ လွယ်လား။ လွယ်တယ်ဆို တက်ပြန်ရော။
ဆောက်လုပ်ရေးပါမစ်တွေ လွယ်လား၊ လွယ်တယ်ဆို တက်တယ်။ အဲဒီမှာ မေးခွန်း ၁ဝ ခုထဲမှာ
တချို့ဟာတွေက လုပ်လို့လွယ်တယ်။ တချို့ဟာတွေကတော့ လုပ်ရခက်တယ်။ enforcement of
law တို့ enforcement of contract တို့ တချို့ဟာတွေက နည်းနည်း လုပ်ရခက်တယ်။ အဲဒီတော့
ပြောချင်တဲ့ အဓိပ္ပာယ်က ကျောင်းသားတွေလိုပဲ အမှတ်ပေးစည်းမျဉ်းနဲ့အညီ ကြည့်ပြီးတော့
ကျွန်တော်တို့နိုင်ငံက project team တစ်ခုကိုလုပ်ပြီး အဲဒီ team က doing business မှာ
မြန်မာနိုင်ငံရဲ့ rank ကို ဆွဲတက်သွားအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့လုပ်ရင် မြန်မာရဲ့ team က
ခုန်တက်သွားမယ်။ အဲဒီချိန်ကျရင် လူတွေရဲ့ အမြင်မှာ သြော် ထိပ်ပိုင်း ၁ဝဝ ထဲမှာ ပါသွားပြီဆိုတာမျိုး၊
ရင်းနှီးမြှုပ်နှံသူတွေအတွက် အမြင်ရသွားမယ်။ ကျွန်တော်တို့က အဲဒီလိုမလုပ်ဘဲ လုံးထွေးပြီး
လုပ်နေသလိုဖြစ်နေတယ်။

နောက်တစ်ခုက အခြေခံအဆောက်အအုံ၊ ဒါက မလုပ်လို့ မထည့်လို့ကို မရဘူး။ အဲဒီမှာ ပိုက်ဆံက
ဘယ်ကလာမလဲ။ အစိုးရဆီကလာရင်လာ၊ မလာရင် နိုင်ငံခြားကနေပဲလာမယ်။ ဒါကြောင့်
World Bank တို့၊ ADB တို့ဆီကနေ Loan တွေရအောင်တောင်းဖို့လိုတယ်။ အဲဒါကျ ရွေးဖို့လမ်း
မရှိဘူး။ ဒီမှာ အလွန်လိမ္မာပါးနပ်တဲ့ သံရေး တမန်ရေးကြွယ်ဝတဲ့ စီးပွားရေးနားလည်တဲ့
သွားတောင်းမယ့်သူကလည်း ဟိုဘက်က ပိုက်ဆံထုတ်ပေးမယ့် သူတွေကို ဘယ်လိုပြောမှ
ရတယ်ဆိုတာကို သိတဲ့လူတွေ ဖြစ်ဖို့လိုတယ်။

*အဲဒီလိုလူတွေ ဒီမှာရှိတယ်လို့ မြင်လား။

ကျွန်တော်မြင်တာတော့ နည်းသေးသလားလို့။ သူ့နေရာနဲ့သူ ခွင်မကျဘူးလားလို့။ ဒီမှာ
ရွက်ပုန်းသီးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ထွက်မလာဘူးလားလို့။ ကျွန်တော်
သဘောပေါက်တာကတော့ ငွေကြေး အကူအညီတောင်းတဲ့သူက ဘယ်သူ့နားသွား တောင်းပြီး
ဘယ်သူ့ကို ဘယ်လို ဖုန်းကောက်ဆက်လိုက်ရင် ရမယ်ဆိုတဲ့သူဖြစ်ဖို့ လိုတယ်။
အဲဒီကော်နက်ရှင်တွေ လိုတယ်။ လူမှန်နေရာမှန် ပြောတတ်၊ ဆိုတတ်၊ သံရေး၊ တမန်ရေး ကြွယ်ဝပြီး
ပြောနိုင်ဆိုနိုင် engaged လုပ်နိုင်တဲ့ သူမျိုးတွေဖြစ်ဖို့ လိုတယ်။ နောက်ဆုံးကျ အဲဒီလို
အဆက်အသွယ်တွေနဲ့ အဲဒီပွိုင့်တွေက စကားပြောတာပဲ။ အဲဒီတော့ အခြေခံအဆောက်အအုံက
မလုပ်လို့မဖြစ်ဘူး။ လုပ်တဲ့အချိန်မှာ ပိုက်ဆံကို ရအောင်တောင်းတတ်ပြီးတော့မှ ရအောင်ပေးဖို့
လိုတယ်။ ရလာပြီးရင်လည်း တလွဲမလုပ်ဖို့ လိုတာပေါ့။

နောက် မြန်မာပြည်က ပညာတတ်တွေထက်စာရင် World Bank တို့ ADBတို့ JICA တို့ IMF တို့
စတဲ့ဆီက ရောက်နေတဲ့ လူတွေကပဲကို ရာချီနေပြီထင်တယ်။ ဒီမှာ အားလုံးကလည်း သူတို့က
လက်စွမ်းပြချင်နေကြတာ။ သူတို့ မြန်မာပြည် အပြောင်းအလဲတုန်းက သူတို့ဘယ်လို အကြံပေးခဲ့တာ၊
ဘယ်ကဏ္ဍလေးကို သူတို့ ဦးဆောင်ခဲ့တာဆိုတာမျိုးပေါ့။ အဲဒီလူတွေကို ထိထိရောက်ရောက်
သုံးဖို့ လိုတယ်။ ဒါပေမဲ့ အဲဒီလူတွေကလည်း သူတို့ အကယ်ဒမစ်ဘဝအတွက် လုပ်သွားတာ
မဟုတ်ဘဲ တိုင်းပြည်အပေါ် စေတနာရှိဖို့ လိုတယ်။ နှစ်ဖက်ပေါ့။ သူတို့ရဲ့ carrier မှာ
တကယ်ကောင်းသွားရုံပဲ မဖြစ်သင့်ဘူးပေါ့။

*ကျွန်တော်တို့ Doing business မှာ Rank တက်ဖို့ ဘယ်နေရာတွေမှာ ခက်နေလဲပေါ့။

ကျွန်တော်မြင်တာတော့ အများဆုံး လူတွေပြောကြတာ ကုမ္ပဏီထောင်တဲ့ နေရာပေါ့။
နောက်တစ်ခုကတော့ ပြေလည်သွားပြီဆိုလည်း ပြန်ပြောသင့်တာ လျှပ်စစ်ဓာတ်အားပေါ့။
ဟိုတုန်းကတော့ ခက်တယ်။ ဟုတ်တယ်။ အခုကျတော့ တော်တော်ကြီးကို ပြည့်စုံလာပြီ။
အဲဒီချိန်မှာ Rank က တက်သွားသင့်ပြီ။ ဒီလို Rank တက်သွားလား မသွားဘူးလားဆိုတာကို
ကျွန်တော်တို့ဆီက ဘယ်သူက ကိုင်မလဲ။ ease of doing business မှာ မြန်မာက
တအားကျနေတယ်ဆိုတာက အကြောင်းရင်းတစ်ချက်ဆိုရင် ဒါကို attack လုပ်မယ့် team တစ်ခု
လုပ်ပေးရမယ်။ အဲဒီ team ကမှ ငါတို့ဆီမှာ ဘယ်ဟာကို တိုင်းတာလဲ၊ အဲဒီမေးခွန်းက ဘယ်သူ့ကို
မေးတာလဲ။ သူတို့သွားမေးတဲ့ source တွေကရော မှန်ရဲ့လားဆိုတာမျိုးပါ လိုက်ကြည့်ပြီး
သူတို့ target က ဘာလဲ။ တစ်နှစ်အတွင်း Ranking  ၃ဝ ခုန်တက်ရမယ်ဆို ၃ဝ ခုန်တက်ရမယ်။
ဥပမာ - လျှပ်စစ်ဓာတ်ရသွားတာမျိုးဆို ပြောကိုပြောရမယ်။ တယ်လီဖုန်း ဟိုတုန်းက ရကို မရဘူး၊
အခုပေါလိုက်တာ။ ဒီ Ranking တွေ တက်ဖို့လိုတယ်။ အင်တာနက်တွေ ကောင်းသွားတာ
တက်ဖို့လိုတယ်။ ကျွန်တော်တို့ Investment law တွေ ထွက်လာတာဟာ ကျွန်တော်တို့
တက်ဖို့လိုတယ်။ အဲဒီလိုတက်တော့ Doing business က အပေါ်ကို တက်လာမယ်။

ကျွန်တော်တို့ တိုင်းပြည်က ကိုယ့်တိုင်းပြည်ရဲ့ Brand image ကိုလည်း တင်ဖို့လိုတယ်။
ဥပမာ - FDIင်္ တွေဘာတွေ ဝင်လာတာမျိုး။ ကျွန်တော်တို့ CNN လိုမျိုး ကြည့်လိုက်၊ ဖိလစ်ပိုင်တို့၊
မလေးတို့၊ အင်ဒိုတို့ဆို တောက်လျှောက် ကြော်ငြာနေတာ။ ကျွန်တော်တို့ မြန်မာပြည် ကြော်ငြာတစ်ခု
မတွေ့ဖူးသေးဘူး။ This is the last frontier ဆိုတဲ့ဟာမျိုးနဲ့ မြန်မာဆိုတဲ့ဟာမျိုး CNN မှာ
တစ်ခါတွေ့ဖူးလား။ လုပ်တတ်ကိုင်တတ်ဖို့လိုတယ်။ ကျွန်တော်ထင်တာ အဲဒါပဲ။ ဒါပေမဲ့
ဒါကအပြစ်မဟုတ်ပါဘူး။ ဟိုတုန်းကကျ အင်းစိန်ထဲ ဝင်ရမလား၊ ထွက်ရမလားဆိုတာနဲ့ပဲ
နေခဲ့တဲ့အချိန်မှာ အားလုံးကလည်း ခံပြင်းတဲ့ ဒီနိုင်ငံရေးဒဿနတွေကိုပဲ အပြင်းအထန် လေ့လာခဲ့တာ။
အဲဒီအချိန်မှာ တကယ့်တိုင်းပြည်ကို run မယ့်ဟာကို လေ့လာချိန်မရခဲ့ဘူး။ အခုကျတော့ ဒုန်းဆို
တာဝန်ရှိတဲ့သူတွေ ဖြစ်လာတော့ နေ့ချင်းညချင်း မဖြစ်နိုင်တော့ဘူး ဖြစ်လာတာ။ အဲတော့
သူတို့လုပ်နိုင်တာက နိုင်ငံတကာအဖွဲ့တွေ မြန်မာပြည်က ပညာရှင်တွေ၊ ပြန်လာမယ့်သူတွေ၊
ပြီးတော့ မြန်မာပြည်ကို စေတနာထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းက လူတွေကို ရွေးရွေးပြီးတော့မှ
သူတို့ကို ကျွန်တော်တို့က ခေါ်သုံးနိုင်ဖို့လိုတယ်။

*နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ဦးစားပေးလွန်းတယ်
ထင်ရတယ်ပေါ့။ တစ်ဖက်မှာကျ စီးပွားရေးကို ထဲထဲဝင်ဝင် မလုပ်နိုင်သေးဘူးပေါ့။ သူတို့
ကိုယ်တိုင်လည်း စီးပွားရေးတန့်ခဲ့တယ်ပြောတယ်ပေါ့။ ဒီလတ်တလောမှာ စီမံဘဏ္ဍာ

ဝန်ကြီးက ထပ်ပြောတယ်၊ ဒီနှစ်တော့ စီးပွားရေးဟာ လမ်းကြောင်းပေါ်ကနေ
ထောင်တက်
တော့မယ်ဆိုတာမျိုး။ ဆိုတော့ လက်ရှိဖြစ်နေတာနဲ့ အဲဒီလောက်
သွားနိုင်မလားပေါ့။

အဖြေနှစ်ခုပြောရမယ်ဆိုရင် တစ်ခုက အကောင်းမြင်တာတော့ ကောင်းပါတယ်။ လူကြီးတွေ
အနေနဲ့ကတော့ အကောင်းဘက်ကို ပြောမှာပါ။ ဝန်ကြီးပြောတာလည်း ကြားပါတယ်။
ပြေးလမ်းပေါ်မှာ ပြေးနေတာ အပေါ်ကို တက်တော့မယ်ပေါ့။ အကောင်းမြင်တဲ့ စကားပေါ့။

ဒါပေမဲ့ တကယ်လက်တွေ့ကျဖို့လည်း လိုတယ်။ ကိုယ့်ဆီမှာ တိုင်းတာလို့ရတဲ့ ဘာတွေပြီး
သွားပြီလဲဆိုတာ တစ်တွဲတည်း လာရမယ်။ ဥပမာ - စီးပွားရေးပေါ်လစီ ၁၂ ချက် အသေးစိတ်လည်း
ထွက်လာပြီ။ ကျွန်တော်တို့က အဲဒီအပေါ်မှာပဲ လိုတဲ့ဟာတွေ ထွက်လာပြီ ဆိုတာပါလာရမယ်။
ပြီးတော့မှ investment law ဆိုလည်း ကျွန်တော်တို့ ထွက်လာပြီ။ Financial Institution Law
ဆိုလည်း ကျွန်တော်တို့ ထွက်လာပြီ။ အာမခံဆိုလည်း ဖွင့်ပေးတော့မှာ။ ကျွန်တော်ထင်ပါတယ်။
ဒေါ်စုတို့ကျတော့ နိုင်ငံရေး ပြိုကွဲခဲ့လို့ တိုင်းပြည်အဲဒီလိုဖြစ်ရတာဆိုတာမျိုးဟာ အမာရွတ်တစ်ခုလို
ဖြစ်နေပါလိမ့်မယ်။ အဲဒီတော့ အဲဒါအဆင်ပြေသွားရင် တစ်နွယ်ငင် တစ်စင်ပါ အကုန်လုံး
လိုက်လာလိမ့်မယ်လို့ တွေးတယ်ထင်ပါတယ်။ အေးချမ်းသွားရင် စီးပွားတက်လာမယ်လို့ တွေးတာ။
ဆိုတော့ နှစ်ခုစလုံးဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ နိုင်ငံရေးတည်ငြိမ်မှ စီးပွားတက်တာဖြစ်သလို
စီးပွားရေးတကယ်တက်သွားရင်လည်း နိုင်ငံရေးက လိုက်ငြိမ်သွားတာ။ ဒါလေးကို balance ဖြစ်ဖို့
လိုတယ်ပေါ့။

* တခြား ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲဗျ။

အဓိက ကတော့ ဒီနှစ်မှာ ဘာဖြစ်မယ်၊ နောက်နှစ်မှာ ဘာဖြစ်မယ်၊ အချို့ကိစ္စတွေ သူတို့ ဆုံးဖြတ်လို့
ရတယ်။ ဥပမာ - insurance industry ကို ဒီနှစ်အတွင်းမှာ ဖွင့်မယ်။ နောက်နှစ်ကျရင်တော့
ဥပမာ - Education ကိုဖွင့်မယ်။ နောက်နှစ်ကျရင် ဆေးရုံတွေ ဆောက်ခွင့်ပေးမယ်ဆိုတာမျိုး
ပေါ်လာရင် ပြည်တွင်းလုပ်ငန်းရှင်တွေရော ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေရောက စနစ်တကျ
ပြင်လို့ရသွားပြီ။ အဲဒါက တိုင်းပြည်ကို ပိုပြီးငြိမ်တဲ့ sustainable growth ပေါ့။ အဲဒီ trend ကို
သွားစေလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ပြီးတော့ တကယ်ဖွင့်တဲ့အချိန်မှာလည်း အသီးအပွင့်ကို
တိုင်းပြည်ကလူတွေ ခံစားစေချင်တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ