တိုးချဲ့ကောက်ရန် လိုအပ်နေသည့် အခွန်ဝင်ငွေ

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြင်ကွင်းတစ်ခုကို ယခုနှစ်ဆန်းပိုင်းအတွင်းက တွေ့မြင်ရစဉ်။ အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြင်ကွင်းတစ်ခုကို ယခုနှစ်ဆန်းပိုင်းအတွင်းက တွေ့မြင်ရစဉ်။ အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရသစ်၏ ပထမဆုံး ဘဏ္ဍာနှစ် 
၂ဝ၁၆–၁၇ တွင် အခွန်အခကောက်ခံရရှိမှု ပမာဏသည် လျာထားချက်ထက် ၁ဝ 
ရာခိုင်နှုန်းနီးပါး ပိုမိုကောက်ခံရရှိခဲ့သည်။

သို့သော်အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးတွင် အာဆီယံနိုင်ငံများအောက် နိမ့်ကျနေခြင်း၊ နိုင်ငံ၏
လိုငွေပြမှုပမာဏနှင့်ယှဉ်လျှင် နည်းပါးနေသေးခြင်းတို့ကြောင့် အခွန်အရင်းအမြစ်များ
ထပ်မံဖော်ထုတ်ပြီး အခွန်ပိုမိုရရှိနိုင်စေရန် လွှတ်တော်က လိုလားလျက်ရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၆-¼၁၇ ဘဏ္ဍာနှစ်၏ ပထမ ခြောက်လပတ် အခွန်အစီရင်ခံစာနှင့်
ဒုတိယ ခြောက်လပတ် အခွန်အစီရင်ခံစာတို့ကို လေ့လာသုံးသပ်ပြီးနောက် ပြည်ထောင်စု
လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဇူလိုင် ၄ ရက်တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရာတွင် အထက်ပါ အကြောင်းအရာကို ထည့်သွင်း
တင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးမှာ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈၂
ရာခိုင်နှုန်း၊ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅၉ ရာခိုင်နှုန်း၊ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင်
၇ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၉ ဒသမ ၈၅ ရာခိုင်နှုန်းဖြစ်သည်ကို
တွေ့ရသည်။ တစ်နှစ်ထက် တစ်နှစ်တိုးလာသည်ကို တွေ့ရသည်။

ယခု ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ရရှိမှုကို လျာထားခဲ့သည်မှာ နိုင်ငံအသားတင်
ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ ၇ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိသည်။ ဒေသတွင်းဖွံ့ဖြိုးမှု
နိမ့်သည့် ကမ္ဘောဒီးယားနိုင်ငံသည်ပင် အခွန်နှင့် ဂျီဒီပီအချိုးမှာ၂ဝ၁၄ ခုနှစ်က ၁၄ ဒသမ ၆
ရာခိုင်နှုန်းရှိပြီး လာအိုနိုင်ငံက ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ထိုင်းနိုင်ငံက ၁၆
ရာခိုင်နှုန်း ဖြစ်သည်။

လက်ရှိအချိန်တွင် သွယ်ဝိုက်ခွန် အမျိုးအစားဖြစ်သည့်ကုန်သွယ် လုပ်ငန်းခွန်သည်
အခွန်တိုးတက် ကောက်ခံရရှိရန် အလားအလာ အကောင်းဆုံးဖြစ်နေကြောင်းအထက်ပါ
ပူးပေါင်းကော်မတီမှ ဦးအောင်မင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

''သွယ်ဝိုက်ခွန်ဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်မှာ ပြည်သူတွေရဲ့ စားသုံးမှုအပေါ် အခြေခံ
ကောက်ခံခြင်းဖြစ်တာကြောင့် Tax Base ကျယ်ပြန့်ပြီး ဖိဖိစီးစီး ကောက်ခံနိုင်တာနဲ့အမျှ
တိုးတက်ရရှိနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

အထူးသဖြင့် စားသောက်ဆိုင်များတွင် စားသုံးသူများထံမှ ၄င်းတို့၏ စားသောက်သည့်
ပမာဏ၏ကုန်သွယ်လုပ်ငန်းခွန် (ငါးရာခိုင်နှုန်း)ကို ကောက်ခံသည့်အပိုင်းတွင် အခွန်လစ်
ဟာမှုများ ရှိနေကြောင်းလည်း ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။ ဘောက်ချာတွင် အခွန်
တံဆိပ်ခေါင်းမကပ်ဘဲ ငွေရှင်းနေခြင်းကို ၄င်းက ဆိုလိုခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်အခ
ကောက်ခံရရှိငွေအဖြစ် ကျပ် ၆,၅၁၂ ဒသမ ၇ဝ၃ ဘီလျံလျာထားခဲ့သော်လည်း နှစ်ကုန်
တွင်ကောက်ခံရရှိခဲ့သည့် ပမာဏသည် ထိုလျာထားချက်ထက် ၆ဝ၉ ဘီလျံကျော် ပိုမိုရရှိ
ခဲ့ကာ စုစုပေါင်း ၇,၁၂၂ ဒသမ ၃ဝ၄ ဘီလျံအထိ ကောက်ခံရရှိခဲ့ကြောင်း တွေ့ရသည်။

သို့သော် ဦးအောင်မင်းက ''အခွန်နဲ့ ဂျီဒီပီအချိုးမှာ အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး
ဖြစ်ပါတယ်။ ဒါကြောင့် အခွန်ဝင်ငွေ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်
နေဆဲဖြစ်ပါတယ်''ဟု ပြောသည်။

၎င်းထောက်ပြခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက်
ကျပ် ၁,၇၅၆ ဒသမ ၄၅၇ ဘီလျံ လျာထားခဲ့ခြင်းဖြစ်ပြီး ကျပ် ၁,၈၇၇ ဒသမ ၈၅၁ ဘီလျံ
ရရှိခဲ့သောကြောင့် ကျပ် ၁၂၁ ဒသမ ၃၉၄ ဘီလျံပိုမို ကောက်ခံရရှိခဲ့ကြောင်း တွေ့ရသည်။

သို့သော် ထိုသို့ လျာထားချက်ထက် ကျော်လွန်ကောက်ခံရရှိခဲ့ခြင်းသည် နိုင်ငံပိုင်လုပ်ငန်း
များက၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်များအတွင်း ရယူခဲ့သော ဝန်ဆောင်
မှုများအတွက် ကျသင့်အခွန်ကို ယခုနှစ်တွင်မှ စုစည်းပေးသွင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း
ပြောကြားခဲ့သည်။

နောက်ထပ် လျာထားချက်ထက် ပိုမိုကောက်ခံရရှိခဲ့သည့် အခွန်အမျိုးအစားတွင် အထူး
ကုန်စည်ခွန်လည်း ပါဝင်နေပြီး ၄င်းအခွန်အမျိုးအစားအတွက် ကျပ် ၆၈၇ဒသမ ၂၉၉ ဘီလျံ
လျာထားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်၂ဝ၁၆ ခုနှစ်၊ ဧပြီလတွင် စတင်သက်ရောက်ခဲ့သော
အထူးကုန်စည်ခွန် ဥပဒေနှင့်အညီ အထူးကုန်စည်များအပေါ် ထိထိရောက်ရောက်
ကောက်ခံနိုင်ခဲ့ခြင်းနှင့် အရက်၊ စီးကရက်၊ ဝိုင်တို့အပေါ် ပုံသေနှုန်းဖြင့် အခွန်နှုန်း
သတ်မှတ်ကောက်ခံခဲ့ခြင်းတို့ကြောင့် လျာထားပမာဏထက် ကျပ် ၃ဝ၆ ဒသမ ၉၃၅ ဘီလျံ
ခန့် ပိုမိုကောက်ခံရရှိခဲ့ကာ စုစုပေါင်း ကျပ် ၉၉၄ ဒသမ ၂၃၅ ဘီလျံရရှိခဲ့ခြင်းဖြစ်ကြောင်း
တွေ့ရသည်။

ထို့ပြင် မော်တော်ယာဉ်နှင့် သက်ဆိုင်သော အခွန်၊အခ များတွင်လည်း လျာထားချက်ထက်
ပိုမိုကောက်ခံနိုင်ခဲ့သည်ကို တွေ့ရသည်။ သွင်းကုန်အတွက် လိုင်စင်ခ လျာထားချက်တွင်
ကုန်ပစ္စည်းအမယ် (အမည်) အချို့ကိုလိုင်စင် ကင်းလွတ်ခွင့် ပြုခဲ့သော်လည်း မော်တော်
ယာဉ်ပါမစ်လုပ်ငန်းကို ပိုမိုဆောင်ရွက်နိုင်ခဲ့သောကြောင့် ကျပ်၅ ဒသမ ၇၆၂ ဘီလျံ
လျာထားရာမှ ကျပ် ၇ ဒသမ ၆၉ဝဘီလျံ ရရှိခဲ့ကာ ကျပ် ၁ ဒသမ ၉၃ ဘီလျံ ပိုမိုကောက်ခံ
ရရှိခဲ့သည်။ ထိုကဲ့သို့ပင် မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ
အခငွေတွင်လည်း ပြည်ပတင်သွင်း ကနဦးယာဉ်များ လာရောက် ဆောင်ရွက်မှုများခြင်း၊
ယာဉ်မောင်းလိုင်စင် ရယူသူများပြားခြင်းနှင့် နှစ်လဲမှတ်ပုံတင်စီးရေ များပြားခဲ့ခြင်းတို့
ကြောင့် ကျပ်၂၂၉ ဘီလျံ လျာထားသော်လည်း ၃၅၂ ဘီလျံကျော်အထိတိုးတက်ရရှိ
ခဲ့ကြောင်း တွေ့ရသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသောအခွန်သည် ပြီးခဲ့သည့်နှစ်အတွင်း
လျာထားချက်ထက်ဘီလျံ ၂၆ဝ ခန့် ပိုမိုရရှိခဲ့သော်လည်း ၂,၆ဝဝ အမ်အိပ်ခ်ျဇက်
လှိုင်းနှုန်းစဉ်တင်ဒါ အောင်ကုမ္ပဏီများနှင့် စတုတ္ထမြောက် အော်ပရေတာတို့ထံမှ လှိုင်းနှုန်း
အခွန်အခများများစွာ ရရှိခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ပြည်သူ့ငွေ
စာရင်းကော်မတီမှ ဦးခင်ချိုက ပြောသည်။

''သူက လျာထားချက်ထက် ပိုရတာဟုတ်တယ်။ ဒါပေမဲ့ခုနက ပြောတဲ့ တင်ဒါတွေကြောင့်ပဲ
အဓိက ပိုရလာတာ''ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကောက်ခံသော အခွန်အခအမျိုးအစား
၂၁ မျိုးရှိနေပြီး လျာထားချက်ထက် ပိုမိုရရှိခဲ့သော အခွန်အမျိုးအစား ၁၇ မျိုး ရှိကာ
လေးမျိုးမှာမူ လျာထားချက်ကို ပြည့်မီခဲ့ခြင်းမရှိပေ။ အဆိုပါ လျာထားချက်မပြည့်မီခဲ့သော
အခွန်များတွင် အခွန်ပမာဏ ကြီးမားသည့် ဝင်ငွေခွန်၊ အကောက်ခွန်၊ ရေနံနှင့်
သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်နှင့် ရေအားအရင်းအမြစ်မှ
လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့်ဓာတ်အားခ(အခွန်)
တို့ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်ပြထားချက်အရ
သိရှိရသည်။

မြန်မာနိုင်ငံသည် အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးတွင် ဒေသတွင်းနိုင်ငံများကြား အနိမ့်ဆုံးဖြစ်လျက်ရှိသည်။ Source - World Bankမြန်မာနိုင်ငံသည် အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးတွင် ဒေသတွင်းနိုင်ငံများကြား အနိမ့်ဆုံးဖြစ်လျက်ရှိသည်။ Source - World Bank

ဝင်ငွေခွန်တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက် ကျပ်၂၃၈၇ ဒသမ ၅၉၉ ဘီလျံကောက်ခံ
ရရှိရန် လျာထားခဲ့သော်လည်း နှစ်ကုန်တွင် ကောက်ခံရရှိခဲ့သည့် ပမာဏမှာမူ ကျပ် ၂၃၂၃
ဒသမ ၆၆၈ ဘီလျံသာ ရရှိခဲ့သောကြောင့် လျာထားချက်အောက် ကျပ် ၆၃ ဒသမ ၉၃ဝ
ဘီလျံ လျော့နည်းခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ လျော့နည်းရရှိခဲ့ခြင်းသည် စည်းကြပ်မှုလွတ်ကင်းနေသော ဝင်ငွေများ ကောက်ခံရရှိ
မှုတွင်၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အခွန်ရာခိုင်နှုန်းတိုးမြှင့်
ကောက်ခံသောကြောင့် ကောက်ခံရရှိမှု လျော့နည်းခြင်းနှင့် အခြားလုပ်ငန်းများ ခေါင်းစဉ်
အောက်က လျော့နည်းကောက်ခံရရှိခြင်း တို့ကြောင့်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ထို့ပြင် အကောက်ခွန်တွင်လည်း ကျပ် ၄၉ဝ ဘီလျံ ကောက်ခံရရှိရန် လျာထားခဲ့ရာ
ကျပ် ၄၈ဝ ဒသမ ၁၈၆ဘီလျံသာ ကောက်ခံရရှိခဲ့ကာ လျာထားချက်အောက် ကျပ် ၉ ဒသမ
၈၁၃ ဘီလျံ လျော့နည်းခဲ့ကြောင်း တွေ့ရသည်။ အကောက်ခွန်တွင် လျာထားချက်အောက်
လျော့နည်းရရှိခဲ့ခြင်းသည် ကုန်သွယ်မှုပမာဏ နည်းပါးလာသောကြောင့် အခွန်ရငွေ
လျော့နည်းခဲ့ခြင်းဖြစ်သော်လည်း ထိုအတွက် ဒုတိယဝန်ကြီးက သီးခြားရှင်းလင်း
တင်ပြခဲ့ခြင်း မရှိပေ။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်လျော့နည်း
ရရှခဲ့ခြင်းမှာမူ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများနှင့် အစိုးရအကြား ကနဦးသဘောတူညီမှု
လက်မှတ်ရေးထိုးကြေး (Signature Bonus) ခန့်မှန်းခြေတွင် လုပ်ကွက်၂၆ ကွက်
အတွက် ထည့်သွင်းလျာထားခဲ့သော်လည်း အမှန်ဝင်ငွေ စာရင်းတွင် လုပ်ကွက်
ခြောက်ကွက်အတွက်သာ ရရှိခဲ့သောကြောင့် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း
ခဲ့သည်။ အဆိုပါအခွန် အမျိုးအစားကိုကျပ် ၆ဝ၄ ဒသမ ၂၁၁ ဘီလျံ ကောက်ခံရရှိရန်
လျာထားခဲ့သော်လည်း ၄၄၈ ဒသမ ၉၄၂ ဘီလျံသာ ကောက်ခံရရှိခဲ့ကာ လျာထားချက်
အောက် ၁၅၅ ဒသမ ၂၇ ဘီလျံခန့် လျော့နည်းခဲ့ကြောင်း တွေ့ရသည်။

ရေအားအရင်းအမြစ်က လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့်
ဓာတ်အားခမှာမူ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ရွှေလီ (၁)နှင့်
တာပိန် (၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများက ရရှိသောအခမဲ့ဓာတ်အားအတွက်
Royalty Fees ပေးသွင်းငွေ လျော့နည်းရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင်
ဖော်ပြထားသည်။ အဆိုပါအခအတွက် လျာထားချက်မှာ ကျပ် ၁ဝ ဒသမ ၄၂၆ ဘီလျံ
ဖြစ်သော်လည်း ၉ ဒသမ ၇၈၂ ဘီလျံသာ ရရှိခဲ့ကာ ကျပ် ၆၄၃ သန်းလျော့နည်းရရှိခဲ့သည်။

အခွန်အမျိုးအစားပေါင်း ၂၁အထိ ရှိနေသော်လည်း အခွန်အမျိုးအစားကြီး ခုနစ်ခုက
သာလျှင် အဓိကဖြစ်ပြီး စုစုပေါင်း အခွန်ရငွေ၏ ၉၇ ရာခိုင်နှုန်းကျော်ကို ၄င်းခုနစ်ခုက
ရရှိနေကြောင်း ပူးပေါင်းကော်မတီက တင်ပြထားသည်။ ထိုခုနစ်မျိုးတွင် ကုန်သွယ်လုပ်ငန်း
ခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်၊ အကောက်ခွန်၊ သယ်ယူပို့ဆောင်ရေးခွန် (မော်တော်
ယာဉ်များနှင့်ဆက်စပ်သည့်အခွန်)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက်
ကောက်ခံသည့် အခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုအခွန်တို့ ဖြစ်ကြောင်း ဖော်ပြ
ထားသည်။

အဆိုပါ ခုနစ်မျိုးအနက် ဆက်သွယ်ရေးဝန်ဆောင်မှုခွန်သည် လှိုင်းနှုန်းစဉ်များရောင်းချစဉ်
တွင်သာ ပမာဏများများ ရရှိနိုင်သကဲ့သို့ အကောက်ခွန်နှင့် မော်တော်ယာဉ်များဆိုင်ရာ
အခွန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ကောက်ခံသည့် အခွန်များသည်လည်း
နိုင်ငံတော်၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ မူဝါဒ၊ ကမ္ဘာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပေါက်ဈေးတို့
အပေါ်တွင် မူတည်နေသောကြောင့် အခွန်ပိုမို တိုးတက်ရရှိလာရန် ကုန်သွယ်လုပ်ငန်း
ခွန်ကို ပိုမိုကြိုးစား ဆောင်ရွက်သင့်ကြောင်းလွှတ်တော်က အကြံပြုထားသည်။

အထူးသဖြင့် ကုန်သွယ်လုပ်ငန်းခွန်သည်သက်ဆိုင်ရာ လုပ်ငန်း၏ စုစုပေါင်းဝင်ငွေကိုပါ
ခန့်မှန်းသိရှိနိုင်သောကြောင့် ပိုမိုအလေးထားသင့်သည်ဟု ဆိုသည်။

''ကုန်သွယ်လုပ်ငန်းခွန်မှတစ်ဆင့် လုပ်ငန်း၏ စုစုပေါင်း ဝင်ငွေကိုပါ ခန့်မှန်းသိရှိနိုင်မည်
ဖြစ်ရာ ဝင်ငွေခွန်များ ပြည့်ပြည့်ဝဝ ရရှိရေးကိုပင် အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရ
ပါတယ်''ဟု ဦးအောင်မင်းက ပြောကြားခဲ့သည်။

နိုင်ငံတော်တွင် အခွန်တိုးတက် ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်သော်လည်း အခွန်နှုန်း
များတိုးမြင့်ကောက်ခံခြင်းထက် အခွန်အရင်းအမြစ်များ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့
ကောက်ခံရေးကိုသာ ဆောင်ရွက်စေလိုကြောင်းလည်း ၄င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ