ရန်ကုန်ရေကြောင်းသယ်ယူပို့ဆောင်ရေး စတင်မည့်အချိန် မပြောနိုင်သေး

ရန်ကုန်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် ပြေးဆွဲမည့် ရေယာဉ်ငယ် နမူနာပုံစံ။ ဓာတ်ပုံ – ပေးပို့ရန်ကုန်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် ပြေးဆွဲမည့် ရေယာဉ်ငယ် နမူနာပုံစံ။ ဓာတ်ပုံ – ပေးပို့

ရန်ကုန်ရေကြောင်းသယ်ယူပို့ဆောင်ရေး (Yangon Water Bus) ကို ၂ဝ၁၇ ခုနှစ်၊ ဇွန်လ
ဒုတိယပတ်တွင် စတင်ပြေးဆွဲရန် ရည်မှန်းထားသော်လည်း ယခုအချိန်ထိစတင်နိုင်ခြင်း
မရှိသေးဘဲ မည်သည့်အချိန်တွင် ပြေးဆွဲမည်ကို အတိအကျ ပြောမရသေးကြောင်း 
တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြစ်နှင့် လှိုင်မြစ်တစ်လျှောက်၊ ငမိုးရိပ်ချောင်းနှင့် ပုဇွန်တောင်ချောင်းအတွင်း
water bus များ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး မြန်မာကျပ်ငွေ ၃၇ ဘီလျံခန့် ကုန်ကျမည့်
စီမံကိန်းဖြစ်သည်။

သင်္ဘောများကို သြစတြေးလျနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသွားမည့်အပြင်
မြန်မာနိုင်ငံရှိ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ နဝရတ်ဒေါက်ကျွန်းတွင်လည်း တည်ဆောက်
လျက်ရှိသည်။

''လက်ရှိမှာ ဆိပ်ကမ်းတွေ ဆောက်လုပ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရုံးပိုင်းဆိုင်ရာ
ခွင့်ပြုချက်ကို စောင့်နေတဲ့အတွက် ပြေးဆွဲခြင်း မပြုသေးတာဖြစ်ပါတယ်။ ဘယ်တော့
ဆွဲမလဲဆိုတာကို အတိအကျပြောခွင့်မရှိသေးပါဘူး''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

သင်္ဘောစီးခကို ကျပ် ၃ဝဝ မှ ၅ဝဝ အထိသတ်မှတ်သွားမည်ဟု မေလ ပထမပတ်က
ကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောခဲ့ပြီး ကတ်ဖြင့် ငွေပေးချေသည့် စနစ်ကို
အသုံးပြုသွားမည်ဟုလည်း ပြောခဲ့သည်။

လက်ရှိတွင် ကတ်စနစ်အတွက် anypay ကတ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရသည်။

''ဖုန်းကနေ ငွေပေးချေလို့ရမယ့် ကျွန်တော်တို့ကိုယ်ပိုင် ကတ်စနစ်ကိုလည်း နောင်ပိုင်းမှာ
ပြုလုပ်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ anypay ကတ်ကို အသုံးပြုသွားမှာဖြစ်ပါ
တယ်။ အမှတ် ၃၇ ဝိုင်ဘီအက်စ်ယာဉ်လိုင်းမှာလည်း အဲဒီကတ်ကိုပဲ အသုံးပြုထား
ပါတယ်။ ဒါကြောင့်ခရီးသည်တွေ ကတ်အမျိုးအစားတစ်ခုတည်းနဲ့ ဘတ်စ်ကားရော၊
သင်္ဘောမှာပါ အသုံးပြုနိုင်အောင် လုပ်တာဖြစ်ပါတယ်''ဟု တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေကြောင်းတက္ကစီပြေးဆွဲရန် ၂ဝ၁၆ ခုနှစ်၊ မေလက
တင်ဒါခေါ်ယူခဲ့ပြီး တင့်တင့်မြန်မာကုမ္ပဏီက အောင်မြင်ခဲ့သည်။

ရေယာဉ်အမျိုးအစား လေးမျိုးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းသုံးခု
ရှိမည်ဖြစ်သည်။ စတင်ပြေးဆွဲချိန်တွင် သင်္ဘောစင်းရေ ၅ဝ မှ ၇ဝ ကြား အသုံးပြုမည်
ဖြစ်ကာ လိုအပ်ချက်အရ ထပ်မံဖြည့်တင်းသွားမည်ဖြစ်သည်။ လမ်းကြောင်းသုံးခုစလုံးကို
၂ဝ၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

သင်္ဘောပြေးဆွဲချိန်ကို နံနက် ၆ နာရီ မှ ညနေ ၆ နာရီအထိသတ်မှတ်ထားပြီး ခရီးစဉ်
သုံးခုစလုံးအတွက် တစ်နေ့လျှင် ခရီးသည် စုစုပေါင်း ၂ဝ,ဝဝဝ ခန့် စီးနင်းရန် မျှော်မှန်း
ထားကြောင်း ကုမ္ပဏီဘက်မှ ဆိုထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ