မောင်တောဒေသတွင် ရေချိုငါးမွေးကန်များ တူးဖော်ပေးလျက်ရှိ

ဒေသတွင်းငါးစားသုံးမှုကို အထောက်အကူပြုစေရန် မောင်တောခရိုင်အတွင်းရှိ
တိုင်းရင်းသားကျေးရွာများတွင် ငါးမွေးမြူရေးကန် ၈၂ ကန် တူးဖော်ပေးလျက်ရှိကြောင်း
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညွန့်ဝေက ယခုလ ၁ ရက်တွင် ပြောသည်။

မောင်တောခရိုင်အတွင်းတွင် တရားဝင်မှတ်ပုံတင်ထားသော ကမ်းနီး၊ကမ်းဝေးငါးဖမ်းစက်လှေ ၃ဝဝ
နီးပါးခန့်ရှိပြီး၊ ပဋိပက္ခဖြစ်ပွားခဲ့သော ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နောက်ပိုင်းတွင်
လုံခြုံရေးအခြေအနေအရ ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခြင်း လုပ်ငန်းကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

''ဖမ်းဆီးထုတ်လုပ်ရေးမှာ လုံခြုံရေးအရ ပင်လယ်ပြင်ထွက်ပြီး ဖမ်းခွင့်ကို ပိတ်ပင်ထားတယ်။
ဒါကြောင့် ဒေသတွင်း စားသုံးမှုကိုပါ ထိခိုက်လာတယ်။ ဖမ်းဆီးထုတ်လုပ်ရေး လုပ်လို့မရရင်
မွေးမြူထုတ်လုပ်ရေး လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်''ဟု ဒေါက်တာညွန့်ဝေက
ဆိုသည်။

မောင်တောဒေသတွင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများရှိသော်လည်း
ရေချိုငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ မရှိသေးကြောင်း၊ အဆိုပါလုပ်ငန်းအပေါ် ဒေသခံများက
စိတ်ဝင်စားမှု သိပ်မရှိကြောင်း မောင်တောဒေသခံ ဦးခင်မောင်သန်းက ပြောသည်။

''ဒေသတွင်းမှာ အရင်ကလည်း ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့တာမရှိတော့ ဒေသခံတွေအတွက်
သိပ်ပြီးအကျိုးရှိမယ်လို့ တော့ မထင်ဘူး။ စနစ်တကျနဲ့ သေသေချာချာလုပ်ပေးဖို့တော့လိုတယ်။
ဒီတိုင်းပဲ ပြီးစလွယ်လုပ်ရင် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး'' ဟု ဦးခင်မောင်သန်းက ဆိုသည်။

မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားကျေးရွာ ၉၆ ရွာအနက် မြေပြန့်ဒေသရှိကျေးရွာ
၈၂ ရွာတွင် ငါးမွေးမြူရေးကန်များ တူးဖော်ပေးမည်ဖြစ်ပြီး၊ လက်ရှိအချိန်တွင် ငါးမွေးမြူရေးကန်
သုံးခုတူးဖော်ပြီးဖြစ်သည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ