အထူးစီးပွားရေးဇုန်များနှင့် မြန်မာ့စီးပွားရေး

သီလ၀ါ အထူးစီးပွားရေးဇုန် အ၀င်ဂိတ် တစ်နေရာကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)သီလ၀ါ အထူးစီးပွားရေးဇုန် အ၀င်ဂိတ် တစ်နေရာကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် မြန်မာအထူးစီးပွားရေးဇုန်
ဥပဒေနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတို့ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင်
စတင် ပြဋ္ဌာန်းခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် မူလပြဋ္ဌာန်းထားခဲ့သည့် အထူးစီးပွားရေးဇုန်ဥပဒေ နှစ်ခုကို
အစားထိုးသည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေသစ်ကို ထားဝယ်၊ သီလ၀ါနှင့် ကျောက်ဖြူ
အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် ကျင့်သုံးရန် ပြည်ထောင်စုလွှတ်တော်က
အတည်ပြုပေးခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း နည်းဥပဒေ ထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံအများစု အထူးသဖြင့် အာရှတိုက်ရှိ နိုင်ငံများသည် အထူးစီးပွားရေးဇုန်ဆိုင်ရာ
မူဝါဒများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျုဟာမြောက် အရေးပါသည့် မူဝါဒအဖြစ်
စဉ်းစားရေးဆွဲခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် Economist စာစောင်က ထုတ်ပြန်ခဲ့သည့် စာရင်းအရ ကမ္ဘာပေါ်တွင်
တရားဝင်မှတ်ပုံတင်ထားပြီးသော အထူးစီးပွားရေးဇုန်ပေါင်း ၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ပြိုင်တည်း အကောင်အထည် ဖော်နေသော အထူးစီးပွားရေးဇုန် သုံးခုတွင်
လုပ်ပိုင်ခွင့် အသီးသီး ရရှိထားသော စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ဆောင်မှုများကို
စောင့်ကြည့်အကဲဖြတ်မှု အစီအစဉ် တစ်ရပ် လုပ်ဆောင်ရန် အရေးကြီးကြောင်း International
Growth Centre(IGC) က ၂၀၁၆ ဖေဖော်ဝါရီလအတွင်း က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင်
ဖော်ပြထားသည်။

နိုင်ငံတိုင်းတွင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ သို့မဟုတ် အလုပ်လက်မဲ့ဦးရေ များပြားနေခြင်း ပြဿနာရပ်များကို
အထူးစီးပွားရေးဇုန်များက မဖြေရှင်းပေးနိုင်ကြောင်း သိထားရန်အရေးကြီးသည်ဟု IGC အစီရင်ခံစာက
ဆိုသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ရသည့် အကြောင်းကို အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးရန် ဆိုသည့်အချက်ဖြင့် အစိုးရက အမြဲချိတ်ဆက်
ပြောလေ့ရှိသည်။

ထိုင်းနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် သွားရောက် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံ၏
ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတွင်
အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ခြင်းက အထောက်အကူ ဖြစ်လာနိုင်မည်လား
ဆိုသည်မှာလည်း မေးစရာဖြစ်သည်။

"မြန်မာနိုင်ငံက ပြောနေကျစကားတစ်ခုက အထူးစီးပွားရေးဇုန်တွေ မထူထောင်နိုင်သေးလို့
သူများနိုင်ငံမှာ သွားအလုပ်လုပ်နေရတယ်။ ထိုင်းမှာ မြန်မာလုပ်သားတွေအများကြီး
အလုပ်လုပ်နေကြတဲ့နေရာ ဒေသတွေမှာ အထူးစီးပွားရေးဇုန်တွေ မရှိပါဘူး။ ဒါပေမဲ့ ဘာကြောင့်
သူတို့ အလုပ်ရကြလဲ။ အထူးစီးပွားရေးဇုန်မရှိလည်း အသေးစား အလတ်စား စက်မှုလုပ်ငန်း၊
ကုန်ထုတ်လုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ပါတယ်" ဟု EARTH မှ
ဒါရိုက်တာ Penchom Saetang  က ပြောသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံသူက ကျွမ်းကျင်လုပ်သား ခန့်အပ်ရာတွင်
မြန်မာနိုင်ငံသားများကို လုပ်ငန်းစတင်ချိန်မှ ပထမနှစ်နှစ်အတွင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊
ဒုတိယ နှစ်နှစ်တွင် ၅၀ ရာခိုင်နှုန်းနှင့် တတိယ နှစ်နှစ်တွင် ၇၅ ရာခိုင်နှုန်း ခန့်အပ်ရမည်ဟု
ပြဋ္ဌာန်းထားသည်။

သို့သော် အဆိုပါအချက်များကို လိုက်နာခြင်းမရှိလျှင် အရေးယူဆောင်ရွက်မည့် ပုံစံကို
ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိသဖြင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သော ကမ္ဘောဒီးယားနှင့် လာအိုတို့တွင်
ကြုံတွေ့နေရသော ဒေသခံများက အောက်ခြေအဆင့် အလုပ်အကိုင်များကိုသာ သက်တမ်းတို
စာချုပ်များဖြင့် လုပ်ကိုင်နေရသည့် အခြေအနေမျိုး ကြုံတွေ့လာနိုင်ခြင်းကိုလည်း တွေးရမည်ဖြစ်သည်။

မြန်မာအစိုးရက အထူးစီးပွားရေးဇုန်သုံးခုကို တစ်ပြိုင်တည်း အကောင်အထည်ဖော်ရာတွင်
စီမံကိန်းများက မျှော်မှန်းထားသည့် ကာလအတွင်း ကုန်ထုတ်လုပ်မှု အမြောက်အမြား မလုပ်နိုင်ပါက
တိုင်းပြည်၏ ပြည်ပ ကြွေးမြီ များလာနိုင်ခြင်းကိုလည်း အထူးစဉ်းစားရန် လိုသည်။

ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း အထူးစီးပွားရေးဇုန်များအတွင်း ၀င်ရောက်
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျှင် အထူးစီးပွားရေးဇုန်ပြင်ပရှိ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်
ရင်းနှီးမြှုပ်နှံနိုင်မှု နည်းသွားနိုင်သည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များကို စီမံခန့်ခွဲရန် အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ဦးဆောင်သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန်းမြင့်ဦးဆောင်သော ဗဟိုလုပ်ငန်းအဖွဲ့နှင့် ထားဝယ်၊
သီလ၀ါနှင့် ကျောက်ဖြူ စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်တို့ကို ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက
ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက
ယခင်အစိုးရက လွှဲပြောင်းပေးခဲ့သော လုပ်ငန်းစတင်နေပြီဖြစ်သည့် သီလ၀ါအထူးစီးပွားရေးဇုန်နှင့်
လုပ်ငန်းစတင် လည်ပတ်နိုင်ခြင်း မရှိသေးသော ထားဝယ်နှင့် ကျောက်ဖြူစီမံကိန်းများကို
ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရာတွင် နိုင်ငံတိုင်း ကြုံတွေ့ရသည့်
မြေယာသိမ်းဆည်းမှုများ၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊
အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်တိုင်းတွင်လည်း
ကြုံ တွေ့နေရသည်။

အထူးစီးပွားရေးဇုန်ဥပဒေတွင် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ပိုင်ခွင့်များသည် အရေးကြီးသည့်
အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာရပ်များအတွက်
တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွင် ရှင်းလင်းစွာ ဖော်ပြမထားပေ။

ထို့ပြင် အရေးပါသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိကြောင်း
International Commission of Jurists မှ ဥပေဒအကြံပေး Sean J Bain က ပြောခဲ့သည်။

"မြေမသိမ်းခင်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက် အရင်လုပ်ရမယ်။
ပြန်လည်နေရာ ချထားရေးလုပ်ငန်းတွေ စီစဉ်ရမယ်။ ဒါပေမဲ့ ဒီမှာတော့ ဘာမှမလုပ်ရသေးခင်မှာပဲ
ဒေသခံတွေရဲ့ မြေကို သိမ်းထားပြီးပြီ"ဟု ၎င်းက ပြောသည်။

စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့်
မြန်မာအထူးစီးပွားရေးဇုန်များ စောင့်ကြည့်ရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင်လည်း
နိုင်ငံတော်အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်များကို ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာ
စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ တာဝန်ယူမှုရှိသည့် စီမံကိန်းများ ဖြစ်လာစေရန် စသည့်
တောင်းဆိုမှုများ ပါဝင်သည်။

စီမံကိန်းကြီးများကို အကောင်အထည်ဖော်ရာတွင် ဒေသခံနှင့် သဘာဝပတ်ဝန်းကျင်
လုံးဝ ထိခိုက်နစ်နာခြင်းမရှိဘဲ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ယခင် အစိုးရက
လွှဲပြောင်းပေးခဲ့သည့် စီမံကိန်းများကို ဆက်ခံရာတွင် အစိုးရသစ်က အကောင်းဆုံးလုပ်ဆောင်ပေးရန်
တာဝန်ရှိသည်ဟု ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဦးသန်းမြင့် ကပြောသည်။

"စီမံကိန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ သို့ပေမဲ့
ဘာမှမလုပ်ဘဲ ဒီတိုင်းနေမလား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဘဲ နေကြတော့မလားဆိုပြီး
စဉ်းစားစရာလည်း ရှိတယ်။ အစိုးရသစ်ကလည်း အစိုးရဟောင်းရဲ့အမွေကို ဆက်ခံတဲ့ နေရာမှာ
ဒီလိုစီမံကိန်းကြီးတွေလည်း ပါလာခဲ့တယ်။ စီမံကိန်းတွေဟာ နှစ်နိုင်ငံဆက်ဆံရေး၊ စာချုပ်စာတမ်းအရ
ချိတ်ဆက်မှုတွေ ရှိနေလို့အလွယ်တကူ ဖျက်ပစ်လို့လည်း မရပါဘူး" ဟု ၎င်းကပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်

ဟက်တာ ၂,၄၀၀ အကျယ်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံရှိ စီးပွားရေးဇုန်များအနက်
အောင်မြင်မှု ရရှိထားသော ဇုန်ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ရေးထိုးခဲ့သည့် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့က ပူးပေါင်း ဆောင်ရွက်ရေး
စာချွန်လွှာအရ နှစ်နိုင်ငံအစိုးရက ကျောထောက်နောက်ခံပြု ပါဝင်နေသည့် ဇုန်လည်းဖြစ်သည်။

မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း အသီးသီးပါဝင်ထားပြီး Zone A အတွက်
မြန်မာအစိုးရအနေဖြင့် ၁၀ ရာခိုင်နှုန်း၊ မြန်မာသီလ၀ါ အက်စ်အီးဇက်ဟိုးဒင်း ပတ်ဘလစ်လီမိတက်
(MTSH) က ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ဂျပန်နိုင်ငံဘက်မှ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က
၁၀ ရာခိုင်နှုန်း၊ Mitsubishi Corporation၊ Mitsubishi Corporation နှင့် Sumitomo Corporation
တို့ ပါဝင်သော ဂျပန်ရင်းနှီးတည်ဆောက်သူများပူးပေါင်း ကော်ပိုရေးရှင်း (MMSTD) က ၃၉ ရာခိုင်နှုန်း
ပါဝင်သည်။

Zone A တွင် ရင်းနှီးမြှုပ်နှံခွင့် ၈၃ ခုအထိ ပေးထား ပြီး စက်ရုံ ၃၃ ခု လည်ပတ်နေပြီဖြစ်ကာ
၄၀ ကျော် တည်ဆောက်ဆဲဖြစ်သည်။

၂၀၁၇ ခုနှစ်အကုန်တွင် စက်ရုံ ၃၀ ထပ်မံလည်ပတ်ရန် ခန့်မှန်းထားပြီး အလုပ်အကိုင်အခွင့်လမ်းပေါင်း
၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားသည်။

ဟက်တာ ၄၀၀ ပေါ်တွင် တည်ဆောက်ထားသည့် Zone A တည်ဆောက်မှု ကုန်ကျစရိတ်ကို
အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထာပြီး ဇုန်တစ်ခုလုံး၏ ကုန်ကျစရိတ်ကို
တွက်ချက်ထားခြင်း မရှိသေးပေ။

ဟက်တာ ၁၀၁ ပေါ်တွင် တည်ဆောက်မည့် Zone B ၏ ပထမဆင့်အတွက်
အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းကို ယခုနှစ်အကုန်တွင် အပြီးသတ်မည်ဖြစ်ကြောင်း
သီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က
ပြောသည်။

Zone B ဒုတိယအဆင့်ကို ဟက်တာ ၂၆၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်

ဟက်တာ ၁,၇၃၅ ပေါ်တွင် အကောင်အထည်ဖော်မည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိ
ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ယခင်အစိုးရ လက်ထက်က တင်ဒါအောင်မြင်ခဲ့သည့်
CITIC ကုမ္ပဏီက ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း (၆၀၇ ဧက)၊ စက်မှုဇုန် (၂၄၄၆ ဧက)နှင့် အဆင်မြင့်အိမ်ရာစီမံကိန်း
(၁,၂၃၅ ဧက)တို့ ပါဝင်ပြီး ဃွှုဃကုမ္ပဏီက ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တို့ တည်ဆောက်ရန်သာ
တင်ဒါအောင်မြင်ခဲ့ပြီး လက်ရှိအချိန်ထိ အဆင့်မြင့်အိမ်ရာ စီမံကိန်းအတွက် တင်ဒါအောင်မြင်ထားသူ
မရှိပေ။

ယခင်အစိုးရ လက်ထက်တွင် ၇ ဒသမ ၂ ဘီလျံ တန်ဖိုးရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက်
CITIC ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ငါးရာခိုင်နှုန်းနှင့် ပြည်တွင်း
ကုမ္ပဏီပေါင်း ၅၃ ခုပါဝင်သည့် မြန်မာ ကျောက်ဖြူအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MKSHC) က
၁၀ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ရန် မူအားဖြင့် သဘောတူခဲ့သည်။

ယခုအစိုးရလက်ထက်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုအတွက် အစုရှယ်ယာပါဝင်မှု
အချိုးအစားကို CITIC ကုမ္ပဏီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် MKSHC ကုမ္ပဏီတို့အကြား ဆွေးနွေးနေပြီး
မြန်မာနိုင်ငံဘက်မှ အများဆုံး ၃၀ ရာခိုင်နှုန်းအထိရရှိရန် အလားအလာ ရှိနေသည်။

ယခင်အစိုးရလက်ထက် သဘောတူခဲ့သည့်မူအတိုင်း ၂ ဒသမ ၃ဘီလျံ တန်ဖိုးရှိ စက်မှုဇုန်အတွက်
CITIC က ၅၁ရာခိုင်နှုန်းနှင့် မြန်မာဘက်မှ ၄၉ရာခိုင်နှုန်း - ကျောက်ဖြူ အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှုကော်မတီမှ တည်ထောင်မည့် ကုမ္ပဏီ (၁၀ ရာခိုင်နှုန်း)နှင့် MKSHC ကုမ္ပဏီ
(၃၉ရာ ခိုင်နှုန်း) တို့ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

ယခုလအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နိုင်ငံတော်အဆင့် အခြေခံမူဘောင်
ရေးဆွဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုသွားနိုင်ဖွယ်ရှိပြီး ယင်းစာချုပ် ချုပ်ဆိုပြီးနောက်
အသေးစိတ်စာချုပ် ခုနစ်ခုကို ညှိနှိုင်း ချုပ်ဆိုရာတွင် တစ်နှစ်ခွဲခန့်ကြာမြင့်နိုင်ကြောင်း
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်က ပြောသည်။

"တရုတ်ဘက်က ရှယ်ယာအချိုးအစားကို ခွဲဝေပေးလို့ ရပေမဲ့ မြန်မာက ဒီငွေကြေးဝန်ထုပ်ဝန်ပိုးကို
တကယ် တာဝန်ယူနိုင်ရဲ့လားဆိုတာ စဉ်းစားရမယ်။ စီမံကိန်း နှောင့်နှေးမှုတွေ ဖြစ်လာတဲ့အခါ
ခန့်မှန်းထားတဲ့အတိုင်း ကုန်ထုတ်လုပ်မှု မလုပ်နိုင်တဲ့အခါ အတိုးတွေကို ဆပ်ဖို့ တောင့်ခံနိုင်ပါ့မလား
ဆိုတာလည်း ရှိသေးတယ်။ ရှယ်ယာ အချိုးအစားညှိနှိုင်းတာတွေ၊ ချေးငွေအတွက် လိုအပ်တဲ့
သဘောတူညီမှု အချက်အလက်တွေကို ညှိနှိုင်းလို့ ပြီးစီးမယ်ဆိုရင်တော့ ဒီလထဲမှာပဲ
နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်တော့မှာပါ" ဟု ၎င်းကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်က တည်ဆောက်ခဲ့သော ရေကာတာငယ်
နှစ်ခု နှင့် ကျောက်ဖြူမြို့နှင့် ၁၀ မိုင်အကွာရှိ စက်မှုဇုန် တည်ဆောက်မည့်နေရာတွင် မြေဧက ၂၅၀
တိုင်းတာထားခြင်းမှလွဲ၍ မြေပြင်တွင် အခြားဆောင်ရွက်ထားမှုများ မရှိသေးပေ။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ လုပ်ငန်းခွင်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ လုပ်ငန်းခွင်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ထားဝယ်အထူးစီးပွားရေးဇုန်

ဟက်တာ ၂၀,၀၀၀ နီးပါးရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် အရှေ့တောင်အာရှ၏
အကြီးဆုံး စက်မှုကုန်သွယ်ရေးဇုန်ကြီးအဖြစ် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့၏ နှစ်နိုင်ငံ
ပူးတွဲဆောင်ရွက်မှုအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံတန်ဖိုး တွက်ချက်ထားသော စီမံကိန်း ကနဦးအဆင့်ကို
ဟက်တာ ၂,၇၀၀ ပေါ်တွင် ရင်းနှီးတည်ဆောက်သူအဖြစ် အီတာလျံထိုင်းကုမ္ပဏီက
၂၀၁၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။

ယင်းနောက် ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီအမည်ဖြင့် အီတာလျံထိုင်းကုမ္ပဏီက ၇၅ ရာခိုင်နှုန်းနှင့်
မက်စ်မြန်မာ ကုမ္ပဏီက ၂၅ ရာခိုင်နှုန်းပါဝင်ကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊
ဇူလိုင်လတွင် မက်စ်မြန်မာကုမ္ပဏီက စီမံကိန်းမှ နုတ်ထွက်သွားခဲ့သည်။

ထိုအချိန်မှစတင်ကာ စီမံကိန်းလုပ်ငန်းများ နှောင့်နှေး လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်
အီတာလျံထိုင်းကုမ္ပဏီ၏ ငွေကြေးအကျပ်အတည်းကြောင့် စီမံကိန်း လုံးဝရပ်ဆိုင်းသွားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် လုပ်ပိုင်ခွင့်များကို Special Purpose Vehicle(SPV) အမည်ရှိ ကုမ္ပဏီသို့
လွှဲပြောင်းလိုက်ပြီး SPV တွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရက ၅၀ ရာခိုင်နှုန်းစီ အချိုးကျ
ပိုင်ဆိုင်ခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ စီမံကိန်းသို့ ဂျပန်နိုင်ငံ ပါဝင်လာချိန်မှစ၍ SPV တွင်
ပါဝင်သည့် ရှယ်ယာနှုန်းများ ပြန်လည်ပြောင်းလဲခဲ့ပြီး မြန်မာအစိုးရဘက်မှ (FERD)၊
ထိုင်းအစိုးရဘက်မှ (NEDA) နှင့် ဂျပန်အစိုးရဘက်မှ (JBIC) တို့က ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းစီ
အချိုးကျ ရှယ်ယာပါဝင်ခဲ့သည်။

အီတာလျံထိုင်းကုမ္ပဏီက စီမံကိန်း ကနဦးအဆင့် ဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထားသည့်
စာချုပ် ကိုးခုရှိသော်လည်း ယခင်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးပြီး စာချုပ်များကို တစ်ခုမျှ
ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

အထူးစီးပွားရေးဇုန်ဥပဒေအရ ကနဦး စာချုပ်သက်တမ်း နှစ် ၅၀ ရရှိထားပြီး စာချုပ်ပါအချက်များကို
လိုက်နာဖြည့်ဆည်းမှုရှိလျှင် ထပ်တိုး ၂၅ နှစ်ပေးနိုင်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာအတွင်းရှိ ပင်လယ်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာအတွင်းရှိ ပင်လယ်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မြန်မာအစိုးရအနေဖြင့် အီတာလျံထိုင်းကုမ္ပဏီ၏ စာချုပ်ပါအတိုင်း လုပ်ငန်းဆောင်ရွက်ရန်
ပျက်ကွက်မှုများကြောင့် ရင်းနှီးတည်ဆောက်သူအသစ်ကို ကမ်းလှမ်းလိုသော်လည်း
ရင်းနှီးတည်ဆောက်သူအသစ် ၀င်လာပါက အီတာလျံထိုင်းကုမ္ပဏီကို စီမံကိန်းအတွင်း
ဆောင်ရွက်ထားမှုများအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ပေးဆောင်ရဖွယ်
ရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက
ပြောသည်။

"စီးပွားရေးဇုန်နဲ့ ဖူနရွမ်ကို ဆက်ပြီးဖောက်ထားတဲ့ ၁၃၈ ကီလိုမီတာ လမ်းအူကြောင်းရယ်၊
မြေယာလျော်ကြေးပေးထားတာတွေရယ် အားလုံး ဘတ် ခြောက်ဘီလျံ ကုန်ကျထားတယ်လို့
ပြောတယ်။ ဒါကလည်း ပြန်တွက်ချက် ရဦးမှာပါ။ သူတို့ကို စီမံကိန်းကနေ ထွက်ခိုင်းဖို့ကလည်း
ရင်းနှီးတည်ဆောက်သူအသစ်က အီတာလျံထိုင်းက လုပ်ထားတဲ့ မြေယာလျော်ကြေးပြဿနာတွေ၊
သူ့ကို ပေးရမယ့် လျော်ကြေးတွေကြောင့် ဘယ်သူမှ ၀င်မလုပ် ချင်ကြဘူး။ ဂျပန်ကလည်း
ကနဦးအဆင့်မှာ လုံး၀၀င်မပါဘူး။ full phase လုပ်တဲ့အခါမှ ၀င်ပါမယ်လို့ပြောတယ်" ဟု
၎င်းကပြောသည်။

လတ်တလောတွင် မြန်မာအစိုးရက ထိုင်းအစိုးရထံမှ ချေးငွေ ဘတ် ၄ ဒသမ ၅ ဘီလျံရယူကာ
အီတာလျံ ထိုင်းကုမ္ပဏီက ဖောက်လုပ်ထားသည့် လမ်းအူကြောင်းကို အဆင့်မြှင့်တင်ရန် နိုင်ငံတကာ
တင်ဒါခေါ်ယူပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။

ယခုအစိုးရလက်ထက်တွင် စာချုပ် ကိုးခုအနက်မှ လမ်း၊ မီးနှင့် ဆိပ်ကမ်းတို့ကို အောင်မြင်အောင်
အကောင်အထည်ဖော်ရေးအတွက် အီတာလျံထိုင်းကုမ္ပဏီကို စီမံခန့်ခွဲမှုကော်မတီက
တွန်းအားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ