ကျောက်မျက်ပြပွဲ လေးရက်အတွင်း ယူရို သန်း ၂၅၀ နီးပါး ရရှိထား

နေပြည်တော်၌ လက်ရှိ ကျင်းပနေသော ကျောက်မျက်ပြပွဲတွင် ခင်းကျင်းပြသရောင်းချနေသည့် ကျောက်စိမ်းများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ၀င်းအောင်နေပြည်တော်၌ လက်ရှိ ကျင်းပနေသော ကျောက်မျက်ပြပွဲတွင် ခင်းကျင်းပြသရောင်းချနေသည့် ကျောက်စိမ်းများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ၀င်းအောင်

နေပြည်တော်တွင် ပြုလုပ်နေသည့် (၅၄) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲမှ ရောင်းရငွေ
ယူရို သန်း ၂၄၀ ကျော် ရရှိထားပြီဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး
ဦးမင်းသူက မြန်မာတိုင်း(မ်)ကို ပြောသည်။

ကျောက်စိမ်းတွဲများကို ဩဂုတ် ၆ ရက်မှ စတင်ရောင်းချခဲ့ပြီး ၉ ရက် မနက်ပိုင်းအထိ လေးရက်တာ
နီးပါးတွင် စုစုပေါင်း ကျောက်စိမ်းအတွဲ ၃,၄၄၃ တွဲ ရောင်းချခဲ့ရပြီး ၀င်ငွေ ယူရို ၂၄၈ ဒသမ ၈၆ သန်းထိ
ရရှိထားသည်ဟု ၎င်းက ပြောသည်။

ဩဂုတ် ၆ ရက်တွင် ကျောက်စိမ်းအတွဲ ၉၉၈ တွဲရောင်းချခဲ့ရပြီး ယူရို ၅၀ ဒသမ ၄၈ သန်း၊ ၇ ရက်တွင်
၇၅၃ တွဲ ရောင်းချခဲ့ရပြီး ယူရို ၇၁ ဒသမ ၈၂ သန်း၊ တတိယနေ့ ဖြစ်သည် ၈ ရက်တွင် ၈၅၇ တွဲ
ရောင်းချခဲ့ရပြီး ရငွေ ယူရို ၇၈ ဒသမ ၄၂ သန်း ရရှိထားသည်။

လေးရက်မြောက်နေ့ ဩဂုတ် ၉ ရက်တွင် ညနေ ၅ နာရီမှ စာရင်းချုပ် မည်ဖြစ်ပြီး မနက်ပိုင်းထိ
စာရင်းအရ ၈၃၅ တွဲရောင်းချထားပြီး ယူရို ၄၈ ဒသမ ၁၄ သန်း ရရှိထားကြောင်း ဦးမင်းသူက
ပြောသည်။

ယခုကျင်းပသော ကျောက်မျက်ပြပွဲတွင် တရုတ်ကုန်သည်များ တက်ရောက် ၀ယ်ယူမှုသည်
ယမန်နှစ်ထပ် ၁,၅၀၀ နီးပါး ပိုလာပြီး ကျောက်စိမ်းရောင်းချရမှုတွင်လည်း ၀ယ်လိုအား ကောင်းပြီး
ဈေးပိုရကြောင်း ပြည်တွင်းက တက်ရောက်ဝယ်ယူသည့် ကျောက်ကုန်သည်များနှင့် ၀န်ကြီးဌာန
တာဝန်ရှိသူများက ပြောသည်။

"လက်ရှိအခြေအနေအရ ရောင်းချရမှုက ဈေးနှုန်းသင့်တယ်။အရမ်းကြီး ကောင်းတယ်လို့တော့
ပြောမရဘူး။၂၀၁၀ ၊၂၀၁၁ ခုနှစ် အချိန်တုန်းက ကျောက်စိမ်းဈေးက အရမ်းမြင့်ခဲ့တာ။ အဲဒီတုန်းက
ဈေးနဲ့ ယှဉ်ရင်တော့ မမီဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ပွဲတွေနဲ့ယှဉ်ရင် ကျောက်တွေက
ဈေးပိုသင့်တယ် "ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး
ဦးရဲထွဋ်က ပြောသည်။

အဆိုပါပြပွဲသည် ကျောက်စိမ်း၊ ကျောက်မျက်ရောင်းချရာတွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပြီး
ဈေးအများဆုံးပေးသည့် ကုန်သည်ကို ရောင်းချခြင်း ဖြစ်သည်။

ကျောက်စိမ်းကို အချောထည် ပြန်လည်ထုတ်လုပ်မှုအပေါ် ရရှိမည့်ဈေး ကွာဟသွားခြင်းကြောင့်
ပြည်တွင်းကုန်သည်များက တရုတ်ကုန်သည်များနှင့် ယှဉ်ပြိုင်၍ ဈေးမပေးနိုင်ကြောင်း ပြည်တွင်း
ကျောက်စိမ်းကုန်သည် ဦးဝင်းအောင်က ဆိုသည်။

"လောလောဆယ်တော့ ၀ယ်လိုအားကောင်းတယ်။ ကျောက်ကောင်းတွေ ဗမာတွေ သိပ်မရဘူး။
တရုတ်ကုန်သည်တွေ ရတာများတယ်။ ဈေးကွက်ကောင်းတယ် ပြောရမယ်။ လောလောဆယ်
ရောင်းထားတဲ့အပေါ်မှာ ယူရို ၂ သန်းကျော်ပေးထားတဲ့ ကျောက်တွေပါတယ်"ဟု
၎င်းက ပြောသည်။

ယခု ပြပွဲတွင် တင်ပြရောင်းချသည့် ကျောက်စိမ်း အတွဲများထဲမှ အရည်အသွေးကောင်း ကျောက်စိမ်းတွဲ
၂၂ တွဲပါဝင်ပြီး အခြေခံဈေးနှုန်း အနိမ့်ဆုံး ယူရို တစ်သန်းအထက်နှင့် အခြေခံဈေး သုံးသန်း၊ လေးသန်း၊
ရှစ်သန်းနှင့် အမြင့်ဆုံး အခြေခံဈေး ယူရို ၁၂ သန်းထိ ပါဝင်ကြောင်း သိရသည်။

အခြေခံယူရိုဈေး တစ်သန်းကျော် သတ်မှတ်ထားသည့် အရည် အသွေးမြင့် ကျောက်စိမ်းတွဲများ
ဩဂုတ် ၁၀ ရက်တွင် စတင်ရောင်းချ မည်ဖြစ်ပြီး ယင်းနေ့တွင် ယူရို သန်း ၁၀၀ ကျော်ရရှိမည်ဟု
ခန့်မှန်းထားကြောင်း ဦးရဲထွဋ်က ပြောသည်။

(၅၄) ကြိမ်မြောက်ပြပွဲတွင် နိုင်ငံတော်သို့ အထူးကုန်စည်ခွန်နှင့် ရတနာပြပွဲ ၀န်ဆောင်ခများ
ပေးသွင်းရန် သတ်မှတ်ထားပြီး ရောင်းရငွေ တန်ဖိုးအပေါ် သတ်မှတ်ကောက်ခံမည့်
အထူးကုန်စည်ခွန်မှာ ကျောက်စိမ်းအရိုင်းအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းအတွက်
၁၀ ရာခိုင်နှုန်း၊ ၀န်ဆောင်ခအနေဖြင့် သုံးရာခိုင်နှုန်းဖြစ်ပြီး ကျောက်မျက်လက်ဝတ်ရတနာ
အချောထည်များအတွက် အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း၊ ၀န်ဆောင်ခ တစ်ရာခိုင်နှုန်း
သတ်မှတ်ထားသည်။

ကျောက်မျက်ရတနာကဏ္ဍမှ ရငွေသည် သတ္တုကဏ္ဍရငွေတွင် ပါဝင်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ၅၅ ဒသမ ၈၄၅ ရာခိုင်နှုန်းမှ ၈၈ ဒသမ ၁၃၈ ရာခိုင်နှုန်းအတွင်း
ရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ၅၄ နှစ်ရှိပြီ ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ