ရန်ကုန်မြို့ လျှပ်စစ်လိုအပ်မှု အရေးပေါ် အချိန်များတွင် ရွေ့လျားဓာတ်အားပေးစက် အသုံးပြုမည်

မြို့တွင်းဓာတ်အားပေးမှုစနစ်အရ ဗိုလ်ချုပ်လမ်းပေါ်တွင် သွယ်တန်းထားသော ကြိုးများကို တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)မြို့တွင်းဓာတ်အားပေးမှုစနစ်အရ ဗိုလ်ချုပ်လမ်းပေါ်တွင် သွယ်တန်းထားသော ကြိုးများကို တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားလိုအပ်မှု အရေးပေါ် အချိန်များတွင် ဓာတ်အား အလျင်အမြန်ဖြည့်တင်းရန်
၂၅ မဂ္ဂါဝပ်ရှိသည့် ရွေ့လျားနိုင်သော လျှပ်စစ်ဓာတ်အားပေးစက် TM2500 ကို အသုံးပြုသွားမည်
ဖြစ်ကြောင်း GE Myanmar မှ သိရသည်။

အဆိုပါ TM2500 လျှပ်စစ်ဓာတ်အားပေးစက်သည် အလွယ်တကူရွှေ့ပြောင်းနိုင်ရန် ဘီးများဖြင့်
ဒီဇိုင်းပြုလုပ်ထားပြီး ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားလိုအပ်မှု အမြင့်မား ဆုံးကာလတွင် လိုအပ်သော
ဓာတ်အား အလျင်အမြန် ဖြည့်တင်းရန်ရည်ရွယ်၍ အစိုးရနှင့် စာချုပ်ချုပ်ဆိုပြီးနောက် ရက် ၆၀ အတွင်း
GE က ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"ပုံမှန်ထုတ်လုပ်နေတဲ့ Normal Generation ကာလအတွင်းမှာ အကြောင်းတစ်စုံတစ်ရာကြောင့်
စက်တွေ ချို့ယွင်းလို့ ရပ်သွားခဲ့ရင်လည်း အရေးပေါ် ၀င်မောင်းပေး လို့ရတယ်။ လက်ရှိ Generation နဲ့
မလုံမလောက်ဖြစ်နေတဲ့ဟာမျိုးမှာလည်း အရေးပေါ် ၀င်ရောက်ပြီးတော့ မောင်းနှင်ပေးလို့ရတယ်။
လိုအပ်တဲ့ ဓာတ်အားကို ဖြည့်ပေးလို့ရတယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီဟာကို နိုင်ငံတော်သမ္မတရဲ့
အထူးရန်ပုံငွေကနေ လုပ်လိုက်တာ"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း
အမှုဆောင်အရာရှိချုပ် ဦးထွန်းကြွယ်က မြန်မာတိုင်း(မ်)ကိုပြောသည်။

နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ငွေကျပ် ၃၀ ဘီလျံ (ကန်ဒေါ်လာ ၂၂ သန်း) သုံးစွဲသွားမည်
ဖြစ်သည်။

ယခုစက်ကို GE နှင့် အကျိုးတူမိတ်ဖက် Golden Green Energy ကုမ္ပဏီလီမိတက်တို့က
ယခုလ ပထမပတ်တွင် ရန်ကုန်တိုင်းအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး လျှပ်စစ်ဝန်ကြီးဌာနအောက်ရှိ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က
စီမံသွားမည်ဖြစ်သည်။

စက်မှ ဓာတ်အားထုတ်လွှတ်နိုင်မှုသည် အိမ်ပေါင်း ၁၆၀,၀၀၀ အသုံးပြုသည့်ပမာဏနှင့် ညီမျှသော
လျှပ်စစ်ဓာတ်အားကို ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု အမြင့်ဆုံးပမာဏမှာ မဂ္ဂါဝပ် ၂,၅၀၀ ဖြစ်ပြီး
၂၀၂၀ ခုနှစ်တွင် မဂ္ဂါဝပ် ၄,၅၀၀ နီးပါးအထိ တိုးတက်မြင့်မား လိုအပ်လာနိုင်ကြောင်း၊ ထိုပမာဏ၏
၅၀ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံ၏ စက်ရုံအလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းနှင့် အများပြည်သူ ၀န်ဆောင်မှု
လုပ်ငန်း အများဆုံးတည်ရှိရာ ရန်ကုန်မြို့၌ လိုအပ်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ပေးဝေနိုင်မှု ထက် ကျော်လွန်နေသောကြောင့် လျှပ်စစ်ဓာတ်အား
ပြတ်တောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ အလျင်အမြန် တိုးတက်လာနေသည့်
ရန်ကုန်လျှပ်စစ်ဓာတ်အားကို အချိန်တိုအတွင်း ပိုမိုရရှိရန် လိုအပ်လျက်ရှိသည်။

"ဓာတ်အားပေးစက်ရုံကြီးတွေ တည်ဆောက်ဖို့ဆိုရင် နှစ်တွေ အများကြီးလိုအပ်တာမို့
TM2500 ကတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးရေး ရေတိုရေရှည် စီမံကိန်းတွေအတွက်
အထူးသင့်လျော်ပြီး အထောက်အပံ့ကောင်း ပေးသွားနိုင်မှာပါ"ဟု GE Myanmar ၏ Chief Country
Representative ဖြစ်သူ Andre Lee က ပြောသည်။

TM2500 သည် နောက်တွဲယာဉ် တပ်ဆင်နိုင်ပြီး အလွယ်တကူရွှေ့ပြောင်းနိုင်သော ဓာတ်ငွေ့သုံး
တာဘိုင် လျှပ်စစ်ဓာတ်အားပေးစက်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ မွမ်းမံပြင်ဆင်ချိန်
ဓာတ်အားထုတ်လုပ်မှု လျော့နည်းသည့်ကာလများတွင် လိုအပ်သော ဓာတ်အားကို
ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ