Friday, 31 October 2014

နှစ်ဆန်းတွင် လျှပ်စစ်လျှော့ချမှု စက်ရုံလုပ်ငန်း အခက်တွေ့နိုင်

၂၀၁၃ ခုနှစ်မှ စတင်ခါ စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက်
ကာ အလှည့်ကျ စနစ်ဖြင့်သာ  ပေးဝေမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က
ကြေညာထားခြင်းကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်မှု မရှိနိုင်တော့သည့်အတွက် မြန်မာ
နိုင်ငံရှိ စက်ရုံလုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲ များစွာတွေ့နိုင်ပြီး  သားငါး၌လည်း အဆင် မပြေမှုများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များက
ပြောသည်။

"တကယ်လို့ စက်မှုလက်မှုလုပ်ငန်း တွေကို မီးဖြတ်မယ်ဆိုရင် သားငါးကဏ္ဍ မှာတော့ တကယ့်
ကို ဒုက္ခရောက်မှာ။ဘာဖြစ်လို့လဲဆိုတော့။ သားငါးဆိုတာ ပုပ်သိုးတတ်တဲ့ အရာတွေပါ။
ဒီသားငါးတွေကို ဖမ်းတဲ့အချိန်ကနေ သေသွားတဲ့အချိန်ထိ တစ်ချိန်လုံးအအေးပေးနေရတာ။
အဲဒါကို လျှပ်စစ်ပျက်သွားရင် ဒီထုတ်လုပ်မှုရဲ့ အရည်အသွေးလည်း ကျသွားမယ်။ ဒီအရည်
အသွေးတွေ ကျသွားရင် နိုင်ငံခြားတင်ပို့မှု ကလည်း ကျသွားမှာပဲ။ ကိုယ့်ပြည်တွင်းမှာ စားသုံး
လို့ အဆင်ပြေပေမယ့် နိုင်ငံခြားကို တင်ပို့ဖို့ဆိုရင်တော့ အေးခဲပြီး အအေးခန်းစက်ရုံတွေရှိမှ
ရမယ်။ အဲဒါတွေ မရှိတော့ရင် နိုင်ငံတော်ရဲ့ စီးပွားရေးလည်း ထိခိုက်လာနိုင်တယ်" ဟု
အအေးခန်း စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် စက်ရုံလုပ်ငန်းရှင်အများစုမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နောက်ပိုင်း
ရုန်းကန်ခဲ့ရပြီး ၂၀၀၉-၁၀ ခုနှစ်များတွင်လည်း နိုင်ငံတကာငွေ ကြေးပြဿနာများကြောင့်
ငါးဈေးများ လျော့ကျမှုနှင့် ကြုံတွေ့ခဲ့ရသည့်အပြင်  ၂၀၁၀-၁၁ တွင် ငွေလဲလှယ်နှုန်းများမှာ
ကျပ် ၁,၃၀၀ မှ ကျပ် ၆၈၀ ထိကျဆင်း ခဲ့သည့်အတွက် ထက်ဝက်နီးပါခန့်အရှုံး  ပေါ်ခဲ့ပြီး ယခု
အခါတွင်လည်း ထပ်မံ၍ လျှပ်စစ်မီးများ ဖြတ်တောက်ခြင်းခံရလျှင်စက်ရုံများရပ်တည်မှု၌
များစွာ ထိခိုက်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ဒီကစ္စတွေက စက်ရုံတိုင်းခံစားနေရတဲ့ ပကတိအခြေအနေပါ။ ငွေလဲလှယ် နှုန်းတွေကျတဲ့
၂၀၁၀-၁၁ တုန်းကလည်း ကျွန်မတို့တွေက ငွေဈေး ကျပ် ၁,၃၀၀ နဲ့ မှန်းပြီး ကုန်ကိုထုတ်လုပ်
ထားတာ ဒေါ်လာတစ်သန်းဖိုးရင်းရင် ဒေါ်လာ ငါးသိန်းဖိုးလောက်ပဲ အဖတ်တင်တော့ တယ်။
ဒီလိုသာ သုံး၊ လေးနှစ်ဆက်တိုက် သွားနေရင် ကျွန်မတို့လိုလုပ်ငန်းရှင်တွေ ဆက်လက်ရပ်
တည်ဖို့ကို ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။ နောက်ပြီး ကျွန်မတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေက
နိုင်ငံခြားကိုပို့တာဖြစ်တဲ့အတွက် အရည်အသွေးမီဖို့ အရမ်းအရေးကြီးတယ်။ ကျွန်မတို့ရဲ့
ကုန်ကြမ်းကလည်း အရည်အသွေးပြည့်မီဖို့က လျှပ်စစ်မီး ၂၄ နာရီရနေဖို့လိုတယ်"ဟု 
Anawa Devi Fishing and General Trading Co-operative Ltd ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ
ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ထို့ပြင် ယင်းကုမ္ပဏီမှာ ငါးကုန်ထုတ် သမ၀ါယမကုမ္ပဏီဖြစ်သည့်အတွက် ကုမ္ပဏီသည်
ကြွယ်ဝချမ်းသာလွန်း၍ ရပ်တည် နေခြင်းမဟုတ်ဘဲ   ကုမ္ပဏီ၏ ရှယ်ယာရှင်များမှာလည်း
စက်ရုံဝန်ထမ်း များသာ ဖြစ်သည့်အတွက် စက်ရုံအား မှီခိုအသက်မွေးနေသော မိသားစုပေါင်း
များစွာရှိနေသည့် ကုမ္ပဏီရပ်တန့်မှုနှင့် ကြုံတွေ့ရလျှင် မိသားစုပေါင်းများစွာ ထိခိုက်နိုင်ကြောင်း
၎င်းက ပြောသည်။

"အခုပြောနေကြတာကတော့ မီးဖြတ် ခဲ့ရင်လည်း အခြေခံလူတန်းစားတွေကို မီးမဖြတ်ပဲ စက်မှု
လက်မှုလုပ်ငန်းတွေကို ပဲမီးဖြတ်မယ်လို့ ပြောနေကြတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ စက်ရုံ
လုပ်တဲ့သူတွေ က သူဌေးမို့လို့ဆိုပြီး ပြောနေကြတယ်။တကယ်တမ်းကျတော့ ကျွန်မတို့တွေက
ချမ်းသာလို့ လုပ်နေတဲ့သူတွေမဟုတ်ဘူး။ ကျွန်မတို့စက်ရုံ တည်ထားတဲ့ ဒေါပုံမြို့နယ်ဟာ
အင်မတန်ဆင်းရဲပြီး ပညာနည်းတဲ့သူတွေနေတဲ့ နေရာဖြစ်တယ်။ ဒါပေမယ့် ကျွန်မစက်ရုံ
တည်ထားတဲ့အတွက် အဲဒီကလူတွေအလုပ်အကိုင်ရတဲ့အပြင် အခုစက်ရုံသက်တမ်း ၁၅ နှစ်
လောက်မှာ ဒီလူတွေဟာ အင်မတန်တော်တဲ့ ငါးအသားလွှာပညာရှင်တွေဖြစ်နေပြီ။ ကျွန်မက
ပိုက်ဆံရှိလို့ စက်ရုံတည်တာမဟုတ်ဘူး ဆင်းရဲတဲ့ အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို
မြှင့်တင်ချင်လို့ တည်တာလို့ခံယူထား တယ်။ နောက်ပြီး ရှယ်ယာရှင်တွေက လည်း ကျွန်မ
ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်မတို့စက်ရုံလုပ်ငန်းရှင် တွေကချမ်းသာလို့ မီးဖြတ်
တာဆိုရင် တော့ ကျွန်မလက်မခံနိုင်ဘူး" ဟု ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ယခင်နှစ်များတွင်လည်း လျှပ်စစ်သုံးစွဲမှု အခက်အခဲများကြောင့် ၀န်ကြီးဌာန ၏ညွှန်ကြားချက်
များအရ လျှပ်စစ်မီး လွယ်ကူစွာ သုံးစွဲနိုင်ရန်အတွက် ဖွဲရုံများ တည်ဆောက်ကာ စက်ရုံသို့
လျှပ်စစ်မီး သွယ်တန်းမှုများအား စက်ရုံများမှ ကိုယ် တိုင်အကုန်အကျခံကာ ပြုလုပ်မှုများရှိ
ခဲ့ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ကျွန်မတို့ကို ဖွဲရုံကိုယ့်ဘာသာကိုယ် ထောင်ဆိုလို့ ထောင်ခဲ့တယ်။ ဖွဲရုံကနေ စက်ရုံကို
တိုင်တွေထူပြီး သွယ်ခဲ့တယ်။အဲတုန်းကလည်း သိန်း ၁၀၀ ကျော် လောက်ကုန်သွားတယ်။
အဲလို ရေရှည် တည်တံအောင်လုပ်ပြီးမှ အခုမီးဖြတ် မယ်ဆိုတော့ မဖြစ်သင့်ဘူးလို့ ထင်မိပါ
တယ်"ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း