Friday, 21 November 2014

မြန်မာနိုင်ငံတွင် ထိုင်းမှ ငါးဖမ်းပိုက်စက်ရုံ တည်ထောင်သွားရန်ရှိ

ထိုင်းနိုင်ငံ အခြေစိုက် Mitsui ကုမ္ပဏီက မြန်မာနိုင်ငံတွင် ငါးဖမ်းပိုက်ကွန်စက်ရုံ တည်ထောင်ကာ
လာရောက်ရင်းနှီး မြှုပ်နှံရန်အတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် လာရောက်တွေ့ဆုံခဲ့ပြီး
လုပ်ငန်းလုပ်ကိုင်ရန် စီစဉ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်အမှုဆောင်ဒုဥက္ကဋ္ဌ
ဦးဟန်ထွန်းက ပြောသည်။

"မြန်မာနိုင်ငံမှာ ငါးဖမ်းပိုက်ထုတ်လုပ်တဲ့ စက်ရုံက လုံးဝမရှိသေးဘူး။ ဒီတော့ တခြားနိုင်ငံတွေက
ထုတ်တဲ့ ငါးဖမ်းပိုက်တွေကိုဘဲ ပြည်တွင်းရေလုပ်ငန်း ကဏ္ဍမှာ သုံးဖို့အတွက် အမြဲတမ်း ၀ယ်နေရ
တယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကနေပဲ ၀ယ်ရပါတယ်။ ၀ယ်ရင်လည်း ဈေးက အရမ်းဈေး
ကြီးတယ်။ သိန်းနဲ့ချီပြီးတော့ကို ကုန်တာ။ အခုလို ကိုယ့်နိုင်ငံမှာ စက်ရုံတည်နိုင်ပြီ ဆိုရင်တော့
အရမ်းကို ကောင်းသွားမှာ။ ဈေးနှုန်းလည်း ချိုသာသွားမယ်။ နောက်ပြီး ကိုယ့်နိုင်ငံမှာဆိုရင် ပိုက်
ကွက် အရွယ်အစားကို ငါးလုပ်ငန်းဦးစီးက သတ်မှတ်ထားတဲ့အတိုင်း ထုတ်လုပ်နိုင်ရင် ငါးသယံဇာ
တကိုလည်း ထိန်းသိမ်းထားနိုင်ရာ ရောက်မယ်"ဟု ၎င်းက ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ထိန်းသိမ်းရန်အတွက် သတ်မှတ်ထားသည့် ပိုက်ကွန်ပိုက်
ကွက် အရွယ်အစားမှာ ဒရွတ်ဆွဲပိုက်အတွက် ပိုက်ကွက် အရွယ်အစား နှစ်လက်မဖြစ်ပြီး ပုစွန်ဖမ်း
ပိုက်မှာ ပိုက်ကွက်အရွယ်အစား တစ်လက်မခွဲ ဖြစ်သည်။

"ကိုယ့်နိုင်ငံရဲ့ ငါးလုပ်ငန်းဦးစီးဌာနကတော့ ပိုက်ကွက်အရွယ်အစားတွေ သတ်မှတ်ထားပေမယ့်
ငါးဖမ်းပိုက်ကို တခြားနိုင်ငံကနေ ၀ယ်သုံးရတာဆို တော့ သူတို့ဆီကထုတ်တဲ့ အရွယ်အစားကိုပဲသုံး
ရတယ်။ သူတို့ပိုက်ကွန်တွေက အရမ်းစိပ်တယ်။ ဒီတော့ ငါးဖမ်းရင် ငါးသေးသေးလေးက အစမိ
တော့ ငါးသယံဇတတွေ ထိခိုက်တာပေါ့" ဟု ဦးဟန်ထွန်းက ပြောသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင်၌ ငါးဖမ်းရာတွင် ငါးများမှာ ယခင်ထက် အရွယ်အစားများသေး၍ ဖမ်းဆီး
ရသည့် အချိန်လည်း ပို၍ကြာမြင့်လာကြောင်း မြန်မာ နိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်း
ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

"အခု ပင်လယ်ထဲမှာ ငါးဖမ်းရင်အကောင်တွေက သေးကုန်တယ်။ အဲလို သေးတော့ နိုင်ငံခြားတင်ပို့
ရတာလည်း သိပ်အဆင်မပြေဘူး။ နောက်ပြီး ငါးဖမ်းရင် အရင်ထက် အချိန်အများကြီးပေးပြီး ဖမ်းနေ
ရတယ်။ ငါးမရလည်း ငါးဖမ်း စက်လှေက ကမ်းပြန်မတက်နိုင်ဘူး။ ဆီဖိုးနဲ့တွက်ရင် မကိုက်လို့ပါ" ဟု
၎င်းက ပြောသည်။

ထို့ပြင် ငါးဖမ်းပိုက်ကွန်များအား ပြည်ပ မှ ၀ယ်ယူသုံးစွဲသောအခါတွင် ပိုက်တပ်ဆင်မှု၊ ကြိုးတပ်ဆင်
မှုများ အပါအ၀င် လေးငါးဆယ်သိန်းခန့်ကုန်ကျကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ငါးဖမ်းပိုက်တွေကိုဝယ်ရတာ အရမ်း ဈေးကြီးတယ်။ ဈေးကြီးလို့ဆိုပြီး မ၀ယ်လို့ကလည်း မရဘူး။
ဒီငါးဖမ်းလုပ်ငန်းမှာ ငါးဖမ်းပိုက်ကလည်း အရမ်းအရေး ကြီးတယ်လေ။ လက်ငင်းမ၀ယ်နိုင်လို့
အကြွေးနဲ့ယူရင်လည်း ပြန်ဆပ်ရင် ငါး နဲ့ ပြန်ဆပ်ရတယ်"ဟု လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ငါးဖမ်းပိုက်စက်ရုံအား မြန်မာနိုင်ငံ၌ ၁၉၇၂ ခုနစ်၌ ကမ္ဘာ့ဘဏ်၏ အကူအညီ ဖြင့် ငါးဖမ်းပိုက်ကွန်
စက်ရုံတည်ထောင်ရန် စီစဉ်ခဲ့ဖူးပြီး အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"အဲဒီတုန်းကဆိုရင် စက်ရုံဆောက်ဖို့ နေရာကအစ အားလုံးစီစဉ်ပြီးမှ ပျက်သွားတယ်။ ကြိုးစားတာ
မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ခဲ့တော့ ငါးဖမ်းလုပ်ငန်း နဲ့ ပတ်သက်ရင် တခြားနိုင်ငံကနေ တင်သွင်း
ဝယ်ယူနေရတယ်။ သူများဆီ က၀ယ်ရတော့ ပိုက်ကွက်ထိန်းသိမ်းမှု ပိုင်းကလည်း မလုပ်နိုင်ဘူး။
ကိုယ့်နိုင်ငံ မှာ ထုတ်လုပ်ရင်တော့ ပိုက်ကွက်အရွယ်အစားကို စနစ်တကျထုတ်လုပ်သွား နိုင်မယ်။
ငါးဖမ်းပိုက်စက်ရုံထောင်ဖို့ကလည်း ရင်းနှီးမြှုပ်နှံမှုများသလို အခက်အခဲတွေလည်းရှိတယ်" ဟု
အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း