ပရိဘောဂလုပ်ငန်းရှင်များ အာရှဈေးကွက်သို့ ပိုမိုဦးတည်လာ

ဥရောပနှင့် အနောက်နိုင်ငံများအတွက်သာ ဦးစားပေးထုတ်လုပ်ခဲ့သော ကမ္ဘာ့ ပရိဘောဂဈေးကွက်
သည် သိသာစွာမြင့်တက်လာသော အာရှ၏အိမ်ခြံမြေဈေးကွက်ကြောင့် လွန်ခဲ့သော ငါးနှစ်ခန့်မှ
စတင်ခါ အာရှဈေးကွက်သို့ ဦးတည်လာခဲ့ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပ
သော အပြည်ပြည်ဆိုင်ရာ ပရိဘောဂပြပွဲသို့ တက်ရောက်လာကြ သော နိုင်ငံတကာမှ ပရိဘောဂ
တင် ပို့ရောင်းချသူများက ပြောသည်။

"ဥရောပစီးပွားရေးကျဆင်းလာကတည်းက ပရိဘောဂထုတ်လုပ်တင်ပို့သူ တွေရဲ့ ထုတ်လုပ်မှုနဲ့
ဈေးကွက်က အာရှကို ဦးတည်လာတယ်။ ဒါပေမဲ့ ပရိဘောဂ တွေရဲ့ ဒီဇိုင်းကတော့ အနောက်နိုင်ငံ
ဒီဇိုင်းကိုပဲ ထုတ်လုပ်ကြတယ်။ ဒါကလည်း လူငယ်တွေရဲ့ အကြိုက်ကြောင့်လည်းပါ ပါတယ်။
နောက်ပိုင်း လူငယ်တွေအကြိုက် ဒီဇိုင်းက အရမ်းခြားနားသွားတယ်။ သူတို့က ရိုးရှင်းပြီး သယ်ယူ
ရလွယ်ကူတာ ကို ကြိုက်ကြတယ်။ ဘာကြောင့်လည်း ဆိုတော့ လူအများစုက တိုက်ခန်းနဲ့ နေကြ
ရလို့ပါ"ဟု HIN LIM ကုမ္ပဏီ၏ အုပ်ချုပ်မှုအရာရှိချုပ် မစ္စတာသောမတ်စ်လင်းမ်က ပြောသည်။

နိုင်ငံတကာဈေးကွက်တွင် အဓိက ပရိဘောဂတင်ပို့ရောင်းချနေသော နိုင်ငံများမှာ တရုတ်၊ အီတလီ၊
ဂျာမနီ၊ ပိုလန်၊ ဗီယက်နမ်၊ ယူအက်စ်၊ ကနေဒါ၊ မက္ကဆီကို နှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။

"ကျွန်တော်တို့ လက်ရှိထုတ်လုပ်နေတဲ့ ပရိဘောဂအားလုံးက အနောက်တိုင်းစတိုင်ပါ။ ဒီဇိုင်နာတွေ
အကုန်လုံးက လက်ရှိ ပရိဘောဂဒီဇိုင်းရေစီးကြောင်းကို ကောင်းကောင်းနားလည်ကြပါတယ်။ ဒီဇိုင်း
တွေက မျက်စိပသာဒဖြစ်ပြီး လှပတဲ့ ဆင်ယင်မှုတွေရှိရမယ်။ ဒါဟာ အာရှ အကြိုက်ဒီဇိုင်းပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ က အာရှရဲ့ကြွယ်ဝတဲ့ ယဉ်ကျေးမှုနဲ့ အနုပညာတွေအပေါ်မှာ အခြေခံတဲ့
ဒီဇိုင်းတွေကို တီထွင်ဖို့ အာသီသနည်း လွန်းကြတယ်။ တကယ်တော့ ကျွန်တော် တို့အနေနဲ့ အံ့ဩ
ဖွယ်ကောင်းလှတဲ့ အာရှ ရဲ့ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို မြင်တွေ့နိုင်ပါတယ်။ အာရှ
တိုက်သား တွေက မတူညီတဲ့ယဉ်ကျေးမှုနဲ့ မတူညီတဲ့ လူနေမှုပုံစံတွေ ရှိကြပါတယ်။ ဒါပေမဲ့
ဒီဇိုင်းနာတွေက တကယ့်ဒီဇိုင်းတစ်ခုကို ဖော်ထုတ်ဖို့ထက် ရှိပြီးသား ပုံစံအပေါ် မှာ အပေါ်ယံမွန်းမံ
ပြင်ဆင်မှုလုပ်လုပ် ဖို့ကိုပဲ အားသာနေကြတယ်"ဟု KDT နိုင်ငံတကာပရိဘောဂထုတ်လုပ်ရေး
လုပ်ငန်း ဥက္ကဋ္ဌ Mr Klaus J. Kummer က မြန်မာတိုင်း(မ်) ကိုပြောသည်။

"တကယ်တော့ အာရှကပရိဘောဂနဲ့ ပတ်သက်လို့ သမိုင်းကြောင်းမရှိခဲ့ပါဘူး။ များသောအားဖြင့်
သူတို့တွေက ကြမ်းပြင်မှာပဲ ထိုင်လေ့ရှိကြတယ်။ ပြီးတော့ ပရိဘောဂတစ်ခုဝယ်ပြီးရင်လည်း
သားစဉ်မြေးဆက်တန်ဖိုးထားသုံး တတ်ကြတယ်။ ဒါဟာ ဥရောပနဲ့ လုံးဝ ခြားနားတဲ့အချက်ပါ။
ဥရောပမှာဆို ခြောက်လတစ်ခါ ဒါမှမဟုတ် တစ်နှစ် တစ်ခါ ပရိဘောဂတွေ လဲတတ်ကြတယ်။
ကျွန်တော့ရဲ့ပရိဘောဂထုတ်လုပ်မှုအတွေ့အကြုံ ၂၇ နှစ်အရပြောရရင် အာရှဟာ ပရိဘောဂ
ထုတ်လုပ်မှုအားမကောင်းဘူး။ ဘာလို့လည်းဆိုတော့ ဒီဇိုင်းမရှိလို့ပါ။ ပုံမှန်အားဖြင့် အာရှပရိဘောဂ
တွေက အရမ်းကြီးမားလေးလံလွန်းပါတယ်။ သစ်သားအပြည့်သုံးထားတဲ့အတွက် တန်ဖိုးကလည်း
သိပ်ကြီးတယ်။ တတ်နိုင်တဲ့ လူတန်းစားတစ်ရပ်ကို ပစ်မှတ်ထားထုတ်တာဟာ မှားယွင်းတဲ့
ဈေးကွက်ရှာဖွေမှုပါ။ တကယ်တော့ နေ့စဉ်သုံးပရိဘောဂလေးတွေကို ဒီဇိုင်းအသစ်တွေနဲ့ ထုတ်နိုင်
မယ်ဆိုပိုကောင်းပါတယ်"ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံထုတ် ပရိဘောဂပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ရော်ဘာပင်မှထုတ်လုပ်ခြင်း
ဖြစ်ပြီး အဆို ပါပရိဘောဂများမှာ ဈေးကွက်တွင် ကျယ်မှုရှိကြောင်း မလေးရှားလုပ်ငန်းရှင်များက
ပြောသည်။

"တကယ်တော့ ရော်ဘာသစ်ဟာ ဘယ်လိုမှ အရည်အသွေးမကောင်းနိုင်ပါဘူး။ ဒါပေမဲ့ ဒီသစ်က
ဈေးနှုန်းသက်သာသလို ကုန်ကြမ်းရှာရတာလည်း လွယ်ကူပြီး ဈေးသက်သက်သာသာနဲ့ သစ်သား
ထည်ပရိဘောဂကို ထုတ်လုပ်နိုင်လို့ ဈေးကွက်မှာ လူသုံးများတယ်" ဟု Mr Klaus J. Kummer
က ပြောသည်။

အာရှပရိဘောဂဈေးကွက်အနေဖြင့် အဓိကရင်ဆိုင်နေရသည်မှာ ဈေးနှုန်း ဖြစ်ပြီး ပရိဘောဂပစ္စည်း
များအတွက် ဈေးကောင်းမပေးနိုင်ကြောင်း ဈေးကွက် လေ့လာသူများက ပြောသည်။

"အာရှမှာက ၀င်ငွေနိမ့်တယ်။ ဒီတော့ ဈေးကောင်းမပေးနိုင်ဘူး။ ဒါဟာ အာရှရဲ့ အားနည်းချက်ပဲ။
ဒါပေမဲ့ အာရှမှာရော အရှေ့တောင်အာရှမှာပါ လူတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေ မြင့်လာတာကြောင့်
နောက်ပိုင်းမှာ ပိုပြီးသုံးနိုင်လာလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပရိ ဘောဂလုပ်ငန်း
အနေနဲ့လည်း မလေးရှား နဲ့ ထိုင်းကို လေ့လာသင့်တယ်။ မလေးရှား က တစ်ကမ္ဘာ့လုံးကို ပစ်မှတ်
ထားထုတ်တယ်။ ခေတ်မီတဲ့ဒီဇိုင်းကို အဓိကထားတယ်။ ထိုင်းကတော့ လက်မှုပညာနဲ့ ယဉ်ကျေးမှု
ဆန်တဲ့ သစ်သားအပြည့်တွေကို ထုတ်လုပ်တာများတယ်။ ဒီတော့အခု မှ စတင်ပွင့်လင်းလာတဲ့
မြန်မာနိုင်ငံ အနေနဲ့ တခြားနိုင်ငံတွေကနေ အများကြီးလေ့လာလို့ရတယ်။ ပရိဘောဂဆိုတာ
တကယ်တော့လူနေမှုစနစ်ကို ရောင်ပြန်ဟပ်စေတဲ့ အရာပဲ"ဟု Arcradius Consulting Sdn Bhd.
၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr IAN Howard Davies က ပြောသည်။

နိုင်ငံတကာ ပရိဘောဂဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိသော တရုတ်နိုင်ငံသည် ဈေးကွက်၏
၃၁ ဒသမ ၃ ရာခိုင် နှုန်းရရှိထားပြီး ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ