ကြက်ဥဈေးများ ယခုလအတွင်း မြင့်တက်လာ

မတ်လဆန်းပိုင်းတွင် မြင့်တက်ခဲ့သည့် ကြက်သားဈေးကြောင့် ကြက်များအား ဈေးကွက်အတွင်းပိုမို
ရောင်းချခဲ့သည့် အကျိုးဆက်ကြောင့် ကြက်ဥထုတ်လုပ်မှုကျဆင်းကာ ကြက်ဥဈေးများပါ မြင့်တက်
လာခဲ့ကြောင်း ဘဲဥ၊ ကြက်ဥ ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဂျိုးဇက် က ပြောသည်။

"ကြက်သားဈေးကောင်းတော့ မွေးမြူရေးသမားတွေက ကြက်တွေကို အရင်ထက်ပိုပြီး ထုတ်ရောင်း
ကြတယ်။ မျိုးဟောင်းတွေပါ ထုတ်ရောင်းကြတယ်။ အဲဒီတော့ ကြက်ဥဥဖို့ ကြက်ကောင်ရေလည်း
ကျသွားတယ်။ ၃၀ ရာခိုင်နှုန်း လောက်ကျသွားတယ်လို့ ခန့်မှန်းရတယ်။ ကြက်ဥကလည်း ၂၀
ရာခိုင်နှုန်း နီးပါး လောက် အထွက်လျော့သွားတယ်။ အဲဒါကြောင့် ကြက်ဥဈေးက တက်သွားတာပါ"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအနေအထားအရ ကြက်မတစ်ကောင်သည် ဥမှပေါက်ပြီး လေးလမှ ၁၉ လ
အတွင်း ကြက်ဥ အလုံးရေ ၂၈၀ ခန့်ထိ ဥနိုင်ကြောင်း မြန်မာနိုင်ငံအသားတိုး ကြက်ထုတ်လုပ်
ရောင်းချသူများအသင်း ဥက္ကဋ္ဌဒေါက်တာ လှလှသိန်းက ပြောသည်။

"ကြက်တွေ အကြောင်းပြုစုရေးသား ထားတဲ့ စာအုပ်တွေထဲမှာတော့ အလုံးရေ ၃၈၀ အထိဥနိုင်
တယ်လို့ ရေးထားတယ်။ ဒါပေမဲ့ ဒီနှုန်းက မြန်မာနိုင်ငံနဲ့ဆိုရင် အဲဒီလောက်မထွက်ဘူး။ အခုလို
ရာသီ ဥတုပူပြင်းတဲ့ အချိန်ဆိုပိုတောင် အထွက် လျော့သေးတယ်။ နောက်ပြီး ကြက်သား ဈေး
ကောင်းလို့ ထုတ်ရောင်းတာများတော့ မျိုးသစ်ပြန်သွင်းရင် ကြက်ဥက ချက်ချင်းရဦးမှာ မဟုတ်ဘူး။
ဒီအခိုက်အတန့်ကတော့ ကြက်ဥအထွက်နည်းဦးမှာပဲ။ ကြက်ဥအထွက် နည်းရင်တော့ ဈေးက
မြင့်မှာပဲလေ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လက ဖောက်သည်ဈေး တစ်လုံး ၇၅ ကျပ်မှ ၈၀ သာရှိသော်လည်း လက်ရှိတွင် ၉၀ မှ
၉၅ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာစီပီလိုက်စတုဒ် ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ
ဦးမျိုးသန့်က ပြောသည်။

"ခြံသမားတွေဆီက ၀ယ်ရင်တော့ တစ်လုံးကို ၉၀ လောက်ရတယ်။ လက်လီ ဈေးကတော့ ၁၂၀
လောက်ရှိတယ်။ လက်ကားဆိုရင်လည်း ၁၁၀၊ ၁၂၀ လောက် ရောင်းကြတယ်။ အခုလိုဈေးတက်
တာ ရာသီဥတုပူလို့ ကြက်ဥအထွက် လျော့တာလည်းပါသလို သင်္ကြန်နားနီး လို့ ၀ယ်လိုအားတက်
တာလည်းပါမှာပါ။ နောက်ပြီးခြံသမားတွေက ကြက်သား ဈေးကောင်းတော့ ကြက်တွေကို အကုန်
ထုတ်ရောင်းပြီး မျိုးသစ်ပြန်ထည့်ကြတော့ ကြက်ဥလိုသလောက်မရဘူး"ဟု ၎င်းက ပြောသည်။

"သင်္ကြန်လောက်ထိတော့ ဈေးဆက်တက်ဖို့ရှိတယ်ထင်တယ်။ ဒီလိုဈေးတက်ပေမယ့်လည်း ၀ယ်လို
အားအရမ်းတက်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်လလောက်ဆိုရင် ဘဲဥတွေက ပေါ်
လာတော့မှာ။ အဲဒီအခါကျရင် စားသုံးသူတွေကလည်း ဈေးနည်းတဲ့ပစ္စည်း ကိုစားမှာပဲ။ ကြက်ဥဈေး
တက်ရင် ဈေးနည်းတဲ့ ဘဲဥကို စားမှာပဲ။ မနှစ်ကတော့ သင်္ကြန်မှာ ကြက်ဥရောင်းအားကောင်းတယ်။
ဈေးက တစ်လုံးမှ ဖောက်သည် ဈေး ၇၀ နဲ့ ၇၅ ကျပ်လောက်ပဲရှိတာကိုး"ဟု ကြက်ဥရောင်းဝယ်ရေး
သမားတစ်ဦး က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ