ဟီလ်တန်ဟိုတယ်လုပ်ငန်း၏ မြန်မာတွင်ပထမဆုံး ဟိုတယ်ကို နေပြည်တော်တွင် ဖွင့်လှစ်

ကမ္ဘာ့ကျော် ဟိုတယ်စီမံခန့်ခွဲရေးလုပ်ငန်းဖြစ်သည့် (Hilton Worldwide) နှင့် ပြည်တွင်းမှဧဒင်
လုပ်ငန်းစုတို့ ပူးပေါင်းလုပ်ကိုင်မည့် (Hilton Nay Pyi Taw)ဟိုတယ်အား အောက်တိုဘာ ၁၇ရက်
တွင် စတင်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။

နေပြည်တော်ဒက္ခဏသီရိမြို့နယ်ရှိ မြေဧက၁၀၀ခန့်တွင်တည်ဆောက်ထားသည့် သင်္ဂဟဂါးဒင်း
ဟိုတယ်အား အမေရိကန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံးစာရင်းဝင်ဟိုတယ်စီမံခန့်ခွဲရေးလုပ်ငန်း Hilton
Worldwide ၏ စီမံခန့်ခွဲမှု နှင့်ပူးပေါင်း၍ Hilton Nay Pyi Taw အဖြစ်ပြောင်းလဲဖွင့်လှစ်လိုက်ခြင်း
ဖြစ်ကာ မြန်မာနိုင်ငံတွင် ဧဒင်နှင့် Hilton Worldwide တို့ပူးပေါင်းဆောင်ရွက်မည့် ဟိုတယ်စီမံကိန်း
ငါးခုအနက်မှ ပထမဆုံးဖြစ်သည်။

Hilton Nay Pyi Taw  အတွက်ဧဒင်လုပ်ငန်းစုက အမေရိကန်ဒေါ်လာသန်း၅၀ရင်းနှီးမြှုပ်နှံထားပြီး
Hilton နိုင်ငံတကာအဆင့်စီမံခန့်ခွဲမှုကို ၀န်ဆောင်မှုပေးရန်ပူးပေါင်းခြင်းဖြစ်သည်။

" သူတို့မှာ နိုင်ငံတကာဈေး ကွက်ထဲမှာဈေးကွက်ရှာဖွေနိုင်တဲ့အင်အား၊အချိတ်အဆက်အကြီးကြီး
ရှိတယ်။ ကျွန်တော်တို့အနေနဲ့ကြတော့ နိုင်ငံတကာအတိုင်းအတာနဲ့ ဈေးကွက်ရှာဖွေဖို့ဆိုတာ
မလွယ်ဘူးလေ။ ကျွန်တော်တို့လုပ်တတ်တာက ဟိုတယ်ဆိုရင် ၀န်ဆောင်မှုကောင်းအောင်လုပ်ဖို့
ကိုပဲသိတာလေ။ သူတို့မှာက နိုင်ငံတကာကော်ပိုရိတ် အဖွဲ့အစည်းတွေနဲ့အချိတ်အဆက်အများကြီး
ရှိတယ် "ဟု ဧဒင်လုပ်ငန်းစုဥက္ကဌ ဦးချစ်ခိုင်က ပြောသည်။

"ကျွန်တော်တို့နဲ့သူတို့ရဲ့သဘောတူညီချက်ထဲမှာ အချိန်ကာလဘယ်လောက်ကြာရင် အမြတ်
အစွန်းရရှိရ မယ်ဆိုတာမျိုးပါပါတယ်။ ဒီအတွက်စိုးရိမ်စရာမရှိပါဘူး။ အမြတ်အစွန်းမရတဲ့ကာလ
ကိုတော့ တစ်နှစ်ခွဲလောက်လို့ မှန်းထားပါတယ်"ဟု ၎င်းကပြောသည်။

" လွန်ခဲ့တဲ့၅၁ နှစ် တုန်းကလည်း ဂျပန်မှာ ဟီတန်ရဲ့ပထမဆုံးဟိုတယ်ကို စပြီးဖွင့်တော့ လူတွေက ဘာလို့လုပ်ရတာလဲဆိုပြီးမေးကြပါတယ်။ဒီလိုပဲအခုဘာဖြစ်လို့နေပြည်တော်မှာဖွင့်ရတာလဲဆိုတာ
ကိုပြောရရင် မြန်မာနိုင်ငံရဲ့ရှေ့ တိုးတက်လာမယ့် အနာဂတ်ကိုရည်ရွယ်ပြီးလုပ်တယ်လို့ဘဲပြောရ
မှာပါ"ဟု Hilton Worldwide ၏အရှေ့ တောင်အာရှဒေသဆိုင်ရာ လုပ်ငန်းလည်ပတ်ရေး ဒုတိယ
ဥက္ကဌ မစ္စတာဝီလီယံကော်စလေက မြန်မာတိုင်း(မ်)ကို ပြောသည်။

Hilton Nay Pyi Taw တွင် သမ္မတအဆင့်ပုဂ္ဂိုလ်များတည်းခိုရန်ဆောင်ရွက်ထားသည့်
Presidential Suite နှစ်ခန်းအပါအ၀င် စုစုပေါင်းအခန်း ၂၀၂ခန်းပါဝင်သည်။ လက်ရှိအချိန်တွင်
နေပြည်တော်၌ ဟိုတယ် စုစုပေါင်း ၅၉လုံးရှိကာ အခန်းပေါင်း၅၄၄၅ရှိပြီဖြစ်သည်။ အများစုသည်
နိုင်ငံတကာအဆင့်ရှိ ၀န်ဆောင်မှုများကို ပေးနိုင်သည့်ဟိုတယ်များဖြစ် ကြောင်း ဟိုတယ်နှင့်ခရီး
သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်က Hilton Nay Pyi Taw ဖွင့်ပွဲတွင်
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ