Monday, April 24, 2017

ညောင်တုန်းတွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်သွားမည်

မြန်မာ့အခြေခံ အဆောက်အအုံ လုပ်ငန်းစု (The Infrastructure of Myanmar Group) က
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ တွင် ဒေသခံများ နေထိုင်မှု အဆင်ပြေစေရန်
တန်ဖိုးနည်းအိမ်ရာတစ်ခု တည်ဆောက်သွားမည်ဟု ပြောသည်။

ယင်းတန်ဖိုးနည်းအိမ်ရာကို မြေဧက ၂၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း
၂,၅၆၀ ခန့်ပါဝင်မည်ဖြစ်သည်။ အလျား ပေ ၂၀ နှင့် အနံ ပေ ၃၀ ရှိမည်ဖြစ်ပြီး စုစုပေါင်း စတုန်းပေ
၆၀၀ ကျယ်ဝန်းမည် ဖြစ်သည်။ ယင်းအိမ်ရာ စီမံကိန်းသည် ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့်
မနီးမဝေးတွင်တည်ရှိပြီး မလက်တိုချောင်းအနီးတွင် တည်ရှိသည်။ "စီမံကိန်းက နှစ်နှစ်အတွင်း
အပြီး တည် ဆောက်သွားမှာပါ။ အစိုးရဘဏ်ဖြစ်တဲ့ ကမ္ဘာ့ရတနာလို ဘဏ်မျိုးနဲ့ ချိတ်ဆက်ပြီး
ဒေသခံတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရောင်းချ ပေးသွားမှာပါ" ဟု မြန်မာ့အခြေခံအဆောက် အအုံလုပ်ငန်းစုမှ
ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ ညောင်တုန်းမြို့သည်
ဧရာဝတီတိုင်းတွင် တည်ရှိပြီး၊ လှိုင်သာယာမြို့နယ်မှ သွား ရောက်ပါက ကားဖြင့် ၄၅ မိနစ်ခန့်သာ
သွားရောက်ရပြီး ရန်ကုန်မှ မိုင် ၃၀ ခန့်သာ ကွာဝေးသည်။ "ဒီအိမ်ရာစီမံကိန်းမှာ ဆေးခန်း၊
ကျောင်း၊ ကစားကွင်းနဲ့ ဓမ္မာရုံစတာတွေပါဝင်မှာပါ။ အဓိကကတော့ဒေသခံဝယ်လက်တွေကို
ရည်ရွယ်တည်ဆောက်တာပါ။ အစိုးရ ၀န်ထမ်းတွေလည်း ၀ယ်မယ်ဆို အရစ်ကျစနစ်နဲ့
ရောင်းချပေးသွားမှာပါ" ဟု ဦးသန်းဦး က ပြောသည်။

တိုက်ခန်းတစ်ခန်းလျှင် ကျပ် သိန်း ၈၀ ခန့် ဖြင့် ရောင်းချမည်ဖြစ်ပြီး လာမည့် ဇွန်လတွင်
စတင်ရောင်းချပေးမည်ဖြစ်သည်။ ယင်း အိမ်ရာစီမံကိန်းကို တည်ဆောက်ရန်အတွက်
တိုင်းဒေသကြီးအစိုးရ၏ သဘောတူညီမှုကို လည်း ရရှိပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
"သိန်း ၈၀ ဆိုတော့ ဒေသခံတွေအတွက် နည်းနည်းတော့ များနေတာပေါ့နော်။ အရစ်
ကျစနစ်နဲ့ ရောင်းချပေးမယ်ဆိုတော့ မဆိုး ပါဘူး" ဟု ညောင်တုန်းဒေသခံတစ်ဦးဖြစ်သူ
ကိုကျော်စွာက ပြောသည်။ ၂၀၁၂ ခုနှစ်က စတင်၍ မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ
မြင့်တက်လာခြင်း ကြောင့် နေထိုင်ရေးအခက်အခဲဖြစ်လာ သဖြင့် အစိုးရသည် ရွှေလင်ပန်း၊
ဧရာဝဏ် စသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ခဲ့သော်လည်း
ယင်းအိမ်ရာများ ၌ပင် တိုက်ခန်းဈေးနှုန်းများကြီးမြင့်နေ သေးသည့်အတွက် သာမန်လူများအတွက်
အိမ်ရာပိုင်ဆိုင်ဖို့ရန် အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ