တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပြည်သူများ နေထိုင်မှုအတွက်သာ ဦးစားပေးသင့်

တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်များပြားနေသည့် ရန်ကုန်မြို့တော်တွင်တန်ဖိုးနည်းအိမ်ရာများက
ဘဏ္ဍာငွေရှာဖွေခြင်းထက် အိမ်ရာလိုအပ်နေသော ပြည်သူများအတွက်သာ ဦးစားပေး
တည်ဆောက်သင့်ကြောင်းYoma Strategic Holding ၏အမှုဆောင် ဒါရိုက်တာနှင့်
အိမ်ရာဖော်ထုတ်တည်ဆောက် ရေးအကြီးအကဲ ဦးသိမ်းဝေက ပြောသည်။

အစိုးရက တန်ဖိုးနည်းအိမ်ရာများကို တည်ဆောက်ပြီး အများပြည်သူကို ပြန်လည်
ရောင်းချပေးနေသည့် ပုံသဏ္ဍာန်မှာ လုပ်နည်း လုပ်ဟန်များ လွဲချော်နေသည့်အပြင်
တန်ဖိုး နည်းအိမ်ရာများကတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာငွေရှာဖွေခြင်းထက် ပြည်သူများ
နေထိုင်ရေးအတွက်သာ ဦးစားပေးသည့် မူဝါဒများ ချမှတ်လုပ်ကိုင်ရန်လိုအပ်ကြောင်း
၎င်းကပြောသည်။

"တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် တာဟာ အစိုးရက ပြည်သူတွေအတွက်
နေစရာပေးရမယ်ဆိုတဲ့ ဦးတည်ချက်ကိုပဲ သွားသင့်ပါတယ်။ နိုင်ငံအတွက် ပိုက်ဆံရှာ
တဲ့ ပုံစံမျိုးမလုပ်သင့်ပါဘူး။ အစိုးရက မြေစိုက်ထုတ်ပေးပြီး ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေနဲ့
ပူးပေါင်းလုပ်ဆောင်မှ ဖြစ် နိုင်ပါလိမ့်မယ်" ဟု ဦးသိမ်းဝေက မြန်မာတိုင်း(မ်)ကို ပြောသည်။

တန်ဖိုးနည်းအိမ်ရာ တည်ဆောက်လို သည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါဖိတ်ခေါ်ကာ
အကုန်အကျအနည်းဆုံးနှင့် အရည်အသွေးအကောင်းဆုံး ဆောက်လုပ်ပေးနိုင်မည့် ကုမ္ပဏီများ
ကို လုပ်ငန်းလုပ်ကိုင်စေခြင်းဖြင့် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအမြောက်အမြား
ဆောက်လုပ်နိုင်မည်ဖြစ်ပြီး ရိုးမအုပ်စုကလည်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းများအတွက်
အစိုးရက တင်ဒါဖိတ်ခေါ်လာပါက ၀င်ရောက် ယှဉ်ပြိုင်သွားရန် အဆင့်သင့် ပြင်ဆင်ထားပြီး
ဖြစ်ကြောင်း ပြောသည်။ ရိုးမအုပ်စုသည် မြန်မာနိုင်ငံတွင် အဆင့် မြင့် အိမ်ရာစီမံကိန်း
အမြောက်အများကို ဖော်ထုတ်လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး FMI အိမ်ရာ၊
ပန်းလှိုင်အဆင့်မြင့် အိမ်ရာနှင့် သန်လျင်ကြယ်စင်အိမ်ရာစီမံကိန်း များကို ဖော်ထုတ်လုပ်ကိုင်
ခဲ့သည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
၏ ခန့်မှန်းတွက် ချက်မှုများအရ လူဦးရေ ၅ ဒသမ ၂၁ သန်း နေထိုင်နေသည့် ရန်ကုန်မြို့တော်တွင်
အိမ်ရာ လိုအပ် သူပေါင်း ၁ ဒသမ ၈ သန်းခန့် ရှိနေသည့်အတွက် နိုင်ငံတော်က တန်ဖိုးမျှတ
အိမ်ရာ စီမံကိန်းများ၊ အငှားချအိမ်ရာစီမံကိန်းများကို လုပ်ဆောင်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေး မှူး ဦးထွန်းမြင့်အောင်က ပြောသည်။

အစိုးရစီမံကိန်းများ ဆောက်လုပ်လျက် ရှိသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများက တိုက်ခန်းများကို
တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချပေး လျက်ရှိပြီး ၀ယ်ယူသူများက
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်အပြင်
လက်ငင်းငွေပေးချေစနစ်ဖြင့် ၀ယ်ယူနိုင်သော်လည်း လစဉ်ပေးသွင်းရမည့်ငွေပမာဏ
များပြားကာ အိမ်ရာလိုအပ်နေသူများအတွက် လောက်ငအောင် ဖြည့်ဆည်းနိုင်မှု မရှိသေး
သည့်အတွက် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ဦးထွန်းမြင့်အောင်က ပြောသည်။ "ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာတင်ထားတာ ကြာလှပါပြီ။ နေစရာ
အိမ်မရှိလို့ ငှားနေနေရတဲ့အပြင် အိမ်ငှားခဈေးတွေကလည်း တဖြည်းဖြည်းတက်လာလို့
အဆင်မပြေပါဘူး။ တန်ဖိုးနည်း အိမ်ခန်းရမယ့်နေ့ကိုဘဲ မျှော်လင့်နေပါတယ်" ဟု လှိုင်မြို့နယ်တွင်
တိုက်ခန်းငှားနေထိုင်သည့် ဒေါ်တင်မာအောင်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ