အိမ်ခြံမြေဈေးကွက် အငြိမ်သက်ဆုံး နှစ်ဖြစ်ခဲ့သည့် ၂၀၁၅

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အသစ်ဆောက်လုပ်ထားသော ကွန်ဒိုအဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။အောင်ခန့်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အသစ်ဆောက်လုပ်ထားသော ကွန်ဒိုအဆောက်အအုံတစ်လုံးကို တွေ့ရစဉ်။အောင်ခန့်/မြန်မာတိုင်း(မ်)

လွန်ခဲ့သည့်နှစ်နှစ်တာအတွင်း အိမ်ခြံမြေအရောင်းအ၀ယ်နှင့် ဈေးနှုန်းများ အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့သည်အထိ ဈေးကွက်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်
အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက် သိသိသာသာ လျော့ကျခဲ့ပြီး၊ ယမန်နှစ်များနှင့် နှိုင်းယှဉ်ပါက ဈေးကွက်အငြိမ်သက်ဆုံးနှစ်လည်းဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ်ထက်
အငှား ဈေးကွက်ပိုမိုဖြစ်ထွန်းခဲ့ပြီး၊ ရန်ကုန်အိမ်ခြံမြေ အငှားလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း
ထိဖြစ်ခဲ့ကာ အရောင်းအ၀ယ်ဈေးကွက်မှာမူ ၄၀ ရာခိုင် နှုန်းခန့်သာ ရှိခဲ့သည်ဟု အိမ်ခြံမြေ
အကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

"၂၀၁၅ ထဲမှာတော့ အရောင်းအ၀ယ်ထက်စာရင် အငှားဈေးကွက်က ပိုများတယ်။ ရာခိုင်နှုန်းနဲ့
တွက်ရင် ဈေးကွက်ထဲမှာ အရောင်းအငှားဖြစ်တဲ့ပမာဏက အငှားက ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး
အရောင်းက ၄၀ ရာခိုင်နှုန်းလောက်ပဲရှိတဲ့အတွက် အငှား လုပ်ငန်းက ပိုများတယ်လို့ သတ်မှတ်လို့
ရပါတယ်။ ၂၀၁၅ မှာ အားလုံးက အရောင်းအ၀ယ်ကို စောင့်ကြည့်နေတဲ့ အနေအထားတွေရှိတယ်။
တကယ် မဖြစ်မနေ၀ယ်မယ့်ရောင်းမယ့် သူတွေလောက်ပဲ အရောင်းအ၀ယ် လုပ်ကြတယ်။
အငှားဈေးကွက်က တော့ အရင်နှစ်တွေလိုပဲ ပုံမှန်ပဲသွားနေပါတယ်" ဟု စိုင်းခွန်နောင်အိမ်ခြံမြေ
အကျိုး ဆောင်လုပ်ငန်းက ဦးဟိန်းဇံက ပြောသည်။

အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးဖြစ်ပေါ် ခဲ့သည့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များနှင့် နှိုင်းယှဉ်ပါက
၂၀၁၅ ခုနှစ် အိမ်ခြံမြေ အရောင်း အ၀ယ်ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်
ဟုလည်း ၎င်းကပြောသည်။

"၂၀၁၅ မှာ အိမ်ခြံမြေဈေးနှုန်းတွေက အရမ်းအတက်အကျတော့ မကြမ်းပေမယ့် အရင်အမြင့်
ဆုံးဖြစ်ထားတဲ့ ဈေးထက်ကို ၂၀ ရာခိုင်နှုန်းလောက်တော့ ကျသွားတယ်။ ဥပမာ - ဝေဇယန္တာ
လမ်းမလိုနေရာမျိုးတွေမှာ အမြင့်ဆုံးဈေး ဖြစ်သွားတုန်းက ပေ ၄၀x၆၀ တစ်ကွက်ကို
ကျပ်သိန်းပေါင်းနှစ်သောင်း ၀န်းကျင်လောက်ဖြစ်သွားတယ်။ ဒါပေမဲ့ ၂၀၁၅ ထဲမှာကျတော့
နည်းနည်းလေးလျော့ပြီးတော့ သိန်းတစ်သောင်းခွဲ၊ တစ်သောင်းခြောက်ထောင် အဲဒီလောက်ပဲ
အရောင်းအ၀ယ်တွေ သွားဖြစ်တော့တယ်" ဟု ဦးဟိန်းဇံက ပြော သည်။ ၂၀၁၅ ခုနှစ်တွင်
အိမ်ခြံမြေ အငှား ဈေးကွက် ပုံမှန်အနေအထားတွင် ရှိနေသော်လည်း အငှားဈေးနှုန်းအနေ
အထားမှာ နှစ်စဉ် နှစ်တိုင်း မြင့်တက်သည့် အစဉ်အလာအတိုင်း ယခုနှစ်တွင်လည်း
ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင် နှုန်းခန့်ထိ မြင့်တက်လာခဲ့သည်။

"အငှားဈေးနှုန်းက အကျသိပ်မရှိဘူး။ ပုံမှန် အတိုင်းဆို အငှားဈေးနှုန်းက စီးပွားရေး
လုပ်ကွက်ကောင်းတဲ့ နေရာမျိုးဆို တစ်နှစ် တစ်နှစ်ကို ငါးရာခိုင်နှုန်းလောက်ကနေ ၁၀
ရာခိုင်နှုန်းလောက်ထိကို တက်နေကျဆိုတော့ ဒီနှစ်ကလည်း အငှားဈေးကွက်က အရောင်း
ထက်ပိုကောင်းသလို ဈေးနှုန်းက လျော့သွား တယ်ဆိုတာက တက်နေတာပဲ ရှိတယ်" ဟု
ဦးဟိန်းဇံက ပြောသည်။ အိမ်ခြံမြေ အငှားဈေးနှုန်းများသည် အရောင်းအ၀ယ် ဈေးနှုန်းများ
ကဲ့သို့ တစ်ရှိန် ထိုး အတက်အကျမဖြစ်ပေါ်ဘဲ ပုံမှန်အနေ အထားဖြင့် လူနေအခန်းနှင့်
ရုံးခန်းအငှား များမှာ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းခန့် ပျမ်းမျှ မြင့်တက်နေသည်ဟုလည်း
အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။

၂၀၁၅ ခုနှစ်၏ အိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေ ငှားရမ်းမှု နှုန်းကောင်းမွန်သည့်အတွက်
ငှားရမ်းမှုနှုန်းများထဲတွင် ရုံးခန်း၊ ဆိုင်ခန်း၊ စားသောက်ဆိုင် နှင့် ဘားဆိုင်များ ဖွင့်လှစ်ရန်
အတွက် မြေ၊ အဆောက်အအုံနှင့်တိုက်ခန်း ငှားရမ်းမှုနှုန်း မှာ ယခုနှစ်တွင် မြင့်လာခဲ့သည်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှ စတင်၍ အိမ်ခြံမြေဈေးကွက် အေးလာခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရွေးကောက်ပွဲအခြေအနေများကြောင့်လည်း ဈေးကွက်ငြိမ်
သက်မှုကို ပိုမိုဖြစ်ပေါ်စေခဲ့သည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် ၂၀၁၅ နှစ်ကုန်
သည့် ဒီဇင်ဘာ နောက်ဆုံး ပတ်ထိပင် ရင်းနှီးမြှုပ်နှံသူများမှာ အရောင်းအ၀ယ်လုပ်ငန်း
များအတွက် စောင့်ကြည့်ဆဲ အနေအထားဖြင့်သာ ပြီးဆုံးခဲ့ပြီး အစိုးရ အပြောင်းအလဲ
ကာလတွင် အိမ်ခြံမြေများ အပေါ် (မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း) ၀ယ်ယူ ရင်းနှီးမြှုပ်နှံမှုမှာ
ယခင်ကထက် လျော့နည်းလာကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။

"အရင်က အရောင်းအ၀ယ်လုပ်နေတာ တွေက ၀ယ်ပြီးရင် ပြန်ရောင်းတဲ့အခါ အချိန်သိပ်စောင့်
ဆိုင်းစရာမလိုပဲ ကိုယ်လိုချင်တဲ့ဈေးသတ်မှတ်ချက်အတိုင်း အကျိုးအမြတ် တစ်ခုပြန်ရတယ်။
ဒါပေမဲ့အခုက ရောင်းချင် တဲ့သူတွေကတော့ များပါတယ် ၀ယ်မယ့်သူ တွေကလည်း ဒီနှစ်က အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာများတော့ စောင့်ကြည့်ကြ တယ်။ ပြီးတော့ အရင်လို
အရောင်းအ၀ယ်မသွက်ဘူး စောင့်ရတယ်။ အဲဒီတော့ လူတွေက ငွေပြန်မဖော်နိုင်မှာကို
စိုးရိမ်ပြီး အရင်း အနှီးများတဲ့ ဒီအိမ်ခြံမြေကို ၀ယ်ဖို့က အရင်က ထက် တုံ့ဆိုင်းလာတာကြောင့်
ဒီနှစ်ဈေးကွက် က အေးသွားတာပါ" အိမ်ခြံမြေလုပ်ငန်း လုပ် ကိုင်သူတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်တွင် အစိုးရ၏ စီမံကိန်း အသစ်များ အကောင်အထည်ဖော်ရန် ပေါ်ပေါက်ခဲ့သော်လည်း
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များကဲ့သို့ စီမံကိန်းနေရာ များရှိ အိမ်ခြံမြေအရောင်းအ၀ယ်များမှာ
လှုပ်ခတ်မှုမရှိခဲ့ပေ။ လက်ရှိ နှစ်ကုန်ပိုင်း ဈေးကွက်အခြေအနေသည် သိန်းရာချီတန်သည့် ခြံ၊
မြေကွက်များနှင့် သိန်း သောင်းချီသည့် အကွက်ကြီးများ၏ အရောင်းအ၀ယ်များမှာ အနည်း
ငယ်ဖြစ် ပေါ်ခဲ့သော်လည်း ဈေးကွက်အတွင်း တွင် လက်ချိုးရေတွက်နိုင်သည့် အနေ
အထားလောက်သာ ဖြစ်ခဲ့သည်။

လာမည့် ၂၀၁၆ ခုနှစ်တွင်မူ ရန်ကုန်မြို့ ၏ အိမ်ခြံမြေဈေးကွက်မှာ ပြန်လည် ဦးမော့လာနိုင်မည်
ဖြစ်သည့်အပြင် အစိုးရ သစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များမှာလည်း ပြန်လည်
ဝင်ရောက်လာနိုင် မည် ဖြစ်သည့်အတွက် အရောင်းအ၀ယ် များမှာ ရာနှုန်းပြည့် ပြန်လည်ကောင်း
မွန် လာနိုင်သည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က ပြောသည်။

"၂၀၁၆ အိမ်ခြံမြေကတော့ ပြန်ကောင်း လာမယ့် အနေအထားရှိပါတယ်။ ဒါပေမဲ့ သေချာတာကတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကတော့ အားလုံး အပြောင်း
အလဲ ဖြစ်ပြီးသွားတဲ့အချိန် နောက်ပိုင်းမှာ ပိုဝင်လာမယ်။ အဲဒီနောက်ပိုင်းဆို အခုကျ
နေတဲ့ ဈေးကွက်က ရာနှုန်းပြည့်ပြန်ကောင်း လာမယ့် အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့
ဈေးနှုန်းတွေကတော့ အရင်းတုန်းကလို အဆမတန်တက်တာတွေတော့ မရှိလောက်
တော့ဘူး၊ ဈေးကွက်ကတော့ ပြန်ကောင်း လာမယ့် သဘောမှာရှိပါတယ်။ ၂၀၁၆ က
တော့ သေချာပေါက် အိမ်ခြံမြေ ပြန်ကောင်း လာမှာပါ" ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ