Mandalay Yatanar Mall ယခုလ ၇ ရက်နေ့ ဖွင့်မည်

လက်ဝတ်ရတနာပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၈၀ ကျော် ပါဝင်ပြသရောင်းချမည့်
Mandalay Yatanar Mall ကို ယခုလ ၇ ရက်တွင် နိုင်ငံကျော်သရုပ်ဆောင် အနုပညာရှင်များစွာဖြင့်
ဖွင့်လှစ်သွားမည်ဖြစ်သည်။

"ဆိုင်ခန်းပေါင်း ၃၈၀ ကျော်မှာ ၃၀၀ ကျော်လောက်တော့ ရောင်းချပြီးပါပြီ။ ဆိုင်ခန်းတွေအတွက်
မီးအာမခံစနစ်တွေ အလုံးစုံပါဝင်သလို ဘဏ်စနစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ လာရောက်
ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ Locker တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
Yatanar Mall မှာ လာရောက်ဝယ်ယူ အားပေးသူတွေ ပစ္စည်းတွေကို စစ်ဆေးဖို့အတွက်
Certificate တွေလည်း ပေးမှာဖြစ်ပါတယ်" ဟု Relax Business Group ၏
ဒါရိုက်တာ ဦးဇော်မင်းက ပြောသည်။

Mandalay Yatanar Mall တွင် ကျောက်စိမ်း၊ နီလာ၊ မြ၊ ပုလဲ၊ ပတ္တမြား အစရှိသည့်
ကျောက်မျက်ရတနာပစ္စည်း အရောင်းဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်း
အရောင်းဆိုင်များ၊ ကျောက်မျက်ပန်းချီပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီး လုံခြုံရေး စီမံချက်များ
အတွက် စနစ်တကျ ကျွမ်းကျင်သည့် ၀န်ထမ်းများဖြင့် လုံခြုံရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း
Mandalay Yatanar Mall ၏ လုံခြုံရေးအရာ ရှိက ဆိုသည်။

"လုံခြုံရေးအတွက် စောင့်ကြည့်ကင်မရာတွေ မြောက်မြားစွာ တပ်ဆင်ထားတယ်။ အ၀င်အထွက်
ဂိတ်တွေကအစ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေနဲ့ စောင့်ကြည့်နေတယ်။ အရေးပေါ်
မီးအချက်ပေးစနစ်တွေ၊ မီးသတ်ဆေးဘူး၊ မီးသတ်ဘောလုံးတွေ၊ မီးခိုးအချက်ပြစနစ်တွေ
တပ်ဆင်ထားလို့ လုံခြုံရေးအတွက် စိတ်ပူစရာမရှိအောင်ကို ဆောင်ရွက်ပေးထားပါတယ်" ဟု
Mandalay Yatanar Mall ၏ လုံခြုံရေးအရာရှိ ဦးရန်နောင်စိုးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ