အိမ်ခြံမြေ အငှားဈေးကွက် သွက်လာ

ဈေးကွက်တောင်းဆိုမှု ကောင်းမွန်သော မြို့သစ်ရှိ အိမ်ရာများကို တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)ဈေးကွက်တောင်းဆိုမှု ကောင်းမွန်သော မြို့သစ်ရှိ အိမ်ရာများကို တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

မြို့တွင်း နှစ်ထပ်တိုက် ငှားရမ်းခ တစ်လ ကျပ် ၇ဝဝ,ဝဝဝ ဈေးခေါ်နေ

မန္တလေးမြို့ အိမ်ခြံမြေ အငှားဈေးကွက်မှာနေရာကောင်းတွေရဲ့ ခေါ်ဈေးနှုန်းတွေက
မြင့်မားနေဆဲဖြစ်ပြီး ဈေးကွက်တောင်းဆိုမှုကောင်းကာ ပုံမှန်လည်ပတ်နိုင်စွမ်းရှိကြောင်း
မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တချို့ထံက သိရပါတယ်။

အိမ်မြေ အရောင်းအဝယ်ဈေးကွက်အနေနဲ့ သွက်လက်ခြင်းမရှိသေးပဲ ဈေးနှုန်းအနိမ့်တန်း
တွေမှာသာ အများဆုံးအရောင်းအဝယ်ဖြစ်နေပေမဲ့ အငှားဈေးကွက်မှာတော့ နေရာကောင်း
တွေမှာ ဈေးကွက်လိုအပ်ချက်ကောင်းမွန်ဆဲဖြစ်ပါတယ်။ အဆောက်အအုံအနေအထားကို
ထည့်မတွက်သေးပဲ နေရာကောင်းရင် ကောင်းသလို တစ်လကို အောက်ထစ် ပျမ်းမျှ ကျပ်
၁ဝ သိန်းအထိ ဈေးပေးနိုင်ဖို့ လိုအပ်ကြောင်း အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။

အချက်အချာကျတဲ့ မြို့တွင်းပိုင်းမှာဆိုရင် လူနေထိုင်ဖို့လောက်ပဲ ရမယ့် သင့်တင့်တဲ့အကျယ်
အဝန်းနဲ့ နှစ်ထပ်အဆောက်အအုံကို တစ်လ အနိမ့်ဆုံး ကျပ် ခုနစ်သိန်းခန့်ဈေးခေါ်နေကြပြီး
အလုပ်ဖြစ်ဖို့လည်း မခက်ခဲကြောင်း သိရပါတယ်။ လမ်း ၈ဝ ကိုမူသေထားပြီး မြို့ကို
အရှေ့နဲ့အနောက် ခွဲခြားပြောရရင် လတ်တလော အနေအထားမှာလမ်း ၈ဝ အရှေ့ပိုင်း
မြို့အရှေ့ဘက်ခြမ်းကအနောက်ဘက်ထက် ပျမ်းမျှအားဖြင့် ခေါ်ဈေးပိုကောင်းမွန်နေတယ်
လို့ ဈေးကွက်သတင်းတွေအရ သိရပါတယ်။

ကုမ္ပဏီတွေ၊ ဘဏ်လုပ်ငန်းလိုမျိုး လုပ်ငန်းကြီးတွေ လုပ်ကိုင်နိုင်မယ့် အချက်အချာနေရာ
မျိုးတွေဆိုရင်တော့ နေရာ အကျယ်အဝန်းကို လိုက်ပြီး တစ်လကို ပျမ်းမျှ အောက်ထစ်
ကျပ်သိန်း ၂ဝ အထက်မှာ ခေါ်ဈေးရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ မြို့တွင်းမှာသာ
မဟုတ်ပဲ အခုအခါ မြို့သစ်ဧရိယာအတွင်းမှာပါ လမ်းကောင်းရင် ကောင်းသလို၊
အဆောက်အအုံကောင်းရင် ကောင်းသလို တစ်လကို ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၃ဝ
ဝန်းကျင်အထိ ဈေးခေါ်လာတာတွေ ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အငှားဈေးကွက်ဟာ အရောင်းအဝယ်ဈေးကွက်နဲ့ ယှဉ်ရင် ပုံမှန်လည်ပတ်နိုင်စွမ်းရှိနေလို့
နေရာကောင်းရင် အိမ်ရှင်တွေဘက်က ကြိုက်ဈေးရတဲ့အထိ အချိန်ယူဈေးခေါ်နိုင်စွမ်းလည်း
ရှိနေပါတယ်။ ဒီအနေအထားမှာ လက်ရှိမှာ ငှားရမ်းလိုသူတွေအနေနဲ့ နှစ်ရှည်ချုပ်နိုင်ရင်
ပိုကောင်းမွန်ပေမယ့် အိမ်ရှင်တွေဖက်က တန်ဖိုးကို နှစ်အလိုက် ရာခိုင်နှုန်းနဲ့တိုးယူတာ၊
ဒါမှမဟုတ် နှစ်တိုသာ ငှားရမ်းတာမျိုးနဲ့ အလုပ်လုပ်လိုတာများပြီး အငှားဈေးကွက်ဟာ
အရောင်းအဝယ်ဈေးကွက်ထက် ရှေ့က ဦးဆောင်နေဦးမယ်လို့ အကျိုးဆောင်အများစုက
သုံးသပ်ကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ