ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးပြန်လည်တည်ဆောက်မှု ယာယီဈေးနေရာအဆင်ပြေမှသာ စတင်နိုင်မည်ဖြစ်

ပုစွန်တောင်မြို့နယ်ရှိ ပြန်လည်တည်ဆောက်မည့် ရေကျော်ဈေးတစ်နေရာ။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)ပုစွန်တောင်မြို့နယ်ရှိ ပြန်လည်တည်ဆောက်မည့် ရေကျော်ဈေးတစ်နေရာ။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးကို လူနေတိုက်ခန်းများ ပါဝင်သော အဆင့် မြင့်ဈေးအဖြစ် ပြန်
လည်တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
ကြေညာခဲ့သော်လည်း လက်ရှိအချိန် တွင် ဈေးသူဈေးသားများအတွက် ယာယီဈေးနေရာ အဆင်
ပြေမှသာ တည်ဆောက်ရေးလုပ်ငန်းများစတင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အောင်မြင် ပြည့်စုံ ဆောက်လုပ်
ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောက်လုပ်မည့် အဆိုပါ ဈေးသစ်မှာ ရှစ်ထပ်အဆောက်အအုံ
ဖြစ်ပြီး ဈေးဆိုင်ခန်းများသာမက လူနေအိမ်ခန်းများ၊ ဆိုင်ခန်းများနှင့် စူပါမားကက်တစ်ခုလည်း ပါဝင်
မည်ဖြစ် ကြောင်း ဇန်န၀ါရီ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အဆောက်အအုံ၏ ဒုတိယထပ်ကို ကားစီးရေ ၅၀ ဆံ့ ကားပါကင် ပြုလုပ်မည်ဖြစ်ကြောင်း
ဈေးများဌာနမှ ဌာနမှူး ဦးစံရွှေထွန်းက ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ပြောသည်။

လက်ရှိ ရေကျော်ဈေးအတွင်း ရောင်းချလျက်ရှိသော ဆိုင်ခန်းပိုင်ရှင်များအား မြေညီထပ်တွင်
ဆိုင်ခန်းပြန်ပေးမည်ဟု သိရသော်လည်း ဆိုင်ခန်းပိုင်ရှင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့အကြား
တွင်မူ ယာယီဈေးအတွက် နေရာချထားပေး မှုနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေပြီး
ထို့အတွက် ဆိုင်ခန်းပိုင်ရှင် အများစုက ရွှေ့ပြောင်းမှုကို သဘောမတူကြဟု ရေကျော်ဈေးဆိုင်ခန်း
ပိုင်ရှင်များ က ပြောသည်။

"ကျွန်မတို့ကတော့ မပြောင်းချင်ဘူး။ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် လောလော
ဆယ်တော့ ဆောက်လုပ်ရေးလုပ်နေတဲ့ ကာလအတွင်း ယာယီဈေးကို ပြောင်းပေးဖို့ကို သဘောတူ
ထားတယ်။ ယာယီဈေးအတွက် နေရာကတော့ ကုမ္ပဏီနဲ့ ပြော နေကြတုန်းပဲ။ ဈေးသူဈေးသားတွေ
လိုချင်တဲ့ နေရာက အဆင်မပြေဘူး။ ယာယီဈေးအတွက် နေရာအဆင်မပြေရင်တော့ အဲဒီကို
ပြောင်းပေးဖို့က ခက်တယ်"ဟု စိန်ရှင်အပ်ချုပ်ဆိုင်မှ အမျိုးသမီးက ပြောသည်။

ဆောက်လုပ်ရေးကုမ္ပဏီမှ ဈေးသစ် ဆောက်လုပ်ပြီးလျှင် မူလရေကျော်ဈေး ရှိ ဆိုင်ခန်းပိုင်ရှင်များ
အား ဆိုင်ခန်း ပြန်ပေးမည်ဆိုသော်လည်း လက်တွေ့တည်ဆောက်ပြီးစီးသည့်အချိန်တွင် ဆိုင်ခန်း
မပေးမည်ကို စိုးရိမ်နေကြ ကြောင်း ပုဇွန်တောင်မြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ
ဦးအောင်နိုင်က ဇန်န၀ါရီ ၁၇ ရက်နေ့က မြန်မာတိုင်း(မ်) နှင့် တွေ့ဆုံစဉ်ပြောသည်။

"ဆိုင်ခန်းရှင်တွေဘက်က ပြောင်းပေးလိုက်ရပြီးမှ နောက်ပိုင်းဆိုင်ခန်းပြန်မရ မှာကိုလည်း စိုးရိမ်နေ
ကြသလို ရပ်ကွက်မှာနေတဲ့သူတွေဘက်ကလည်း ယာယီ ဈေးကို နေရာချထားပေးလိုက်ရင် ဈေး
ကမြဲသွားမှာကို စိုးရိမ်နေကြတယ်။ အခု ယာယီဈေးအဖြစ်ချပေးမယ်ဆိုတဲ့ နေရာက လမ်းကျဉ်း
တယ်။ ကားအ၀င်အထွက်ခက်တယ်။ ဈေးသည်တွေကို နေရာချထားပေးလိုက်ရင် ပိုဆိုးသွားမယ်။
နောက်ပြီး ပျံကျဈေးသည်တွေလည်း ရှိတဲ့အခါကျ တရားဝင်ဆိုင်ခန်းပိုင်ရှင်တွေက ဆိုင်ခန်းရသွား
ပေမယ့် ပျံကျတွေက ယာယီနေရာမှာ ကျန်ခဲ့မှာကို စိုးရိမ်ကြတယ်။ အဓိက ယာယီဈေး နေရာက
ခက်နေတာပါ။ အဲဒါလေး အဆင်ပြေရင်တော့ ကောင်းပါတယ်" ဟု ဦးအောင်နိုင်က ပြောသည်။

ဈေးများဌာန၏ စာရင်းအရ ရေကျော်ဈေး၌ ဆိုင်ခန်းပေါင်း ၂၇၂ ခန်းရှိပြီး လက်ရှိဖွင့်လှစ်ထားသော
ဆိုင် ခန်းအရေအတွက်မှာ ၁၇၁ ခန်းရှိသည် ဟု ဆိုသော်လည်း အမှန်တကယ် ဖွင့်လှစ် ရောင်းချ
လျက်ရှိသော ဆိုင်ခန်း အရေအတွက်မှာ ၎င်းထက် လျော့နည်း ကြောင်း သိရသည်။

"ကျွန်တော့်အမြင်ကတော့ ဈေးက လုံခြုံရေးအရလည်း မကောင်းတော့ဘူး၊ အလင်းရောင်လည်း
ကောင်းကောင်းမရဘူး။ အမြင်မှာလည်း မကောင်းတော့ဘူးဆိုတော့ ပြန်ပြင်ဆောက်သင့်နေပါပြီ"
ဟု ဦးအောင်နိုင်က ပြောသည်။

ရေကျော်ဈေးမှာ အင်္ဂလိပ်ခေတ်က စစ်ဂိုဒေါင်အဖြစ် အသုံးပြုခဲ့သော အဆောက်အအုံကို လွတ်လပ်
ရေးရပြီးချိန်၌ ဈေးအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်သက်တမ်း ရှိပြီဖြစ်သည်။

နိုင်ငံပိုင်သတင်းစာတွင် ၁၄ လ အတွင်း အပြီးတည်ဆောက်မည်ဟုဆိုသော်လည်း အဆိုပါ တာဝန်
ရှိသူကမူ စတင်ဆောင်ရွက်ချိန်မှ နှစ်နှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်မည်ဟု ပြော သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ