ဆွေသဟာသုံးစွဲသူများအတွက် အင်တာနက်အသုံးပြုခ နှင့် စာတိုပို့ ခ လျှော့ချ

မြန်မာဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဆွေသဟာအစီအစဉ် အသုံးပြုသူများအတွက်
အောက်တိုဘာလ ၁ ရက်နေ့ မှ စတင်ကာ အင်တာနက်အသုံးပြုခ ၁ မီဂ္ဂါဘိုက်ကို ၆ ကျပ်
နှုန်းဖြင့်ကောက်ခံသွားမည်ဖြစ်ပြီး စာတိုပို့ ခ (မက်ဆေ့) တစ်စောင်လျှင် ၁၀ ကျပ် ဖြင့်
ပြောင်းလဲ ကောက်ခံ သွားမည်ဖြစ်သည်။

ယခင်က ဆွေသဟာအသုံးပြုသူများသည် အင်တာနက်အသုံးပြုခကို ၁ မိဂ္ဂါဘိုက်လျှင်
၇ဒသမ၅ ကျပ်ဖြင့် အသုံးပြုခဲ့ရပြီး စာတိုတစ်စောင် (မက်ဆေ့) အား ၁၅ ကျပ်ဖြင့်အသုံးပြု
ခဲ့ရသည်။ "မြန်မာပြည်သူပြည်သားတွေက ဖုန်းနဲ့ အီးမေးလ်ပို့ တာတွေ၊ ဓာတ်ပုံပို့ တာတွေနဲ့
ဝက်ဆိုက်ကြည့်တာတွေ လုပ်တာများလာတဲ့အတွက် ဒေတာအသုံးပြုမှုဟာ အခုဆို အရမ်းမြင့်
တတ်လာပါတယ်။အခုသတ်မှတ်ပေးလိုက်တဲ့ အင်တာနက် Package နဲ့ မက်ဆေ့ ဈေးအသစ်က သုံးစွဲသူများအတွက်ပိုပြီး ဈေးသက်သာသာနဲ့ အချင်းချင်းဆက်သွယ် နိုင်အောင် ကူညီနိုင်မှာပါ" ဟု
MPT-KSGM Joint Operations ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr. Takashi Nagashima က
ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၅ ဇန်န၀ါရီလ ၁၂ ရက်နေ့ တွင် ဆွေသဟာအစီအစဉ်
စတင်မိတ်ဆက်စဉ်က အင်တာနက်အသုံးပြုခအား ၁ မီဂ္ဂါဘိုက်လျှင် ၁၅ ကျပ်ဖြင့် ကောက်ခံခဲ့ပြီး
မတ်လ ၄ ရက်နေ့ မှ စတင်ကာ ၁ မီဂ္ဂါဘိုက်လျှင် ၇ဒသမ၅ ကျပ်ဖြင့် ပြောင်းလဲကောက်ခံခဲ့ရာ
အောက်တိုဘာလ ၁ ရက်နေ့ မှစတင်ကာ ၁ မိဂ္ဂါဘိုက် အား ၆ ဖြင့်ကောက်ခံမည်ဖြစ်ပြီး
ယခုအခါ အမ်ပီတီ၏ ဆွေသဟာအစီအစဉ်အသုံးပြုသူ ၈ သန်းကျော်ရှိနေပြီဖြစ်သည်။

ယခုအခါ ဆက်သွယ်ရေးအော်ပရေတာများသည် အင်တာနက်အသုံးပြုခကို ပိုမိုဈေးနှုန်းသက်
သာအောင်ဆောင်ရွက်ပေး သင့် ကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးဖြစ်သည့် ဦးခင်မောင်ထွန်းက
မြန်မာတိုင်း(မ်)သို့ ပြောသည်။ "အခုက ကျွန်တော်သိသလောက်တော့ ဖုန်းပြောတာထက်
အင်တာနက်သုံးနေတာက ပိုများနေတယ်။အဲ့တော့ အင်တာနက်ဝန်ဆောင်ခကို အချိုသာဆုံးနဲ့
ဝန်ဆောင်ပေးသင့်တယ်။ အခု အမ်ပီတီက အင်တာနက်ကို အသုံးပြုခကို ၇ကျပ်ကနေ ၆ ကျပ်လျှော့ချပေးလိုက်တာကောင်းပါတယ်။ဘာဖြစ်လို့ လဲဆိုတော့ အရင်က
အင်တာနက်ကောက်ခံမှုနှုန်းက အမ်ပီတီက အများဆုံးဖြစ်နေတယ်။အခုလို
လျှော့ချပေးတာကောင်းတဲ့အစီအစဉ်ပါ" ဟု ၎င်းကမြန်မာတိုင်း(မ်)သို့ ပြောသည်။
ထိုကြောင့် ယင်းဝန်ဆောင်မှုများပေးနေ အမ်ပီတီအသုံးပြုသူများ ရယူလို့ ပါက စာတိုနံပါတ်
၁၃၃၂ သို့  "POSTSWE" ဟု ရိုက်ထည့် ပို့ ပေးကာ ရယူနိုင်ပြီး အမ်ပီတီ ဆင်းကတ်အသစ်များ
ဝယ်ယူသုံးစွဲသူများသည် ယင်းတို့ ၏ ဆင်းကတ်အတွင်း၌လည်း ဆွေသဟာအစီအစဉ်
အလိုလျှောက်ပါဝင်နေပြီဖြစ်သည်။

ထိုအတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထူးခြားသည် ပရိုမိုးရှင်းအစီအစဉ်ဖြစ်သည့်
"နာရီတိုင်းမှာ ငါးမိနစ်စာ" ပရိုမိုးရှင်း အစီအစဉ် အား အောက်တိုဘာလ အကုန်အထိ
ထပ်တိုးဝန်ဆောင်မှုပေးထားပြီဖြစ်သည်။

ယခု အခါ အမ်ပီတီနှင့် အပြိုင်အော်ပရေတာများဖြစ်သော အူရီဒူးမြန်မာ အင်တာနက်
အသုံးပြုခအား ၁မိဂ္ဂါဘိုက်လျှင် ၆ ကျပ်ဖြင့်ကောက်ခံလျက်ရှိပြီး စာတိုတစ်စောင်အား
၁၅ ကျပ်ဖြင့် ၀န်ဆောင်မှုပေးနေသကဲ့သို့  တယ်လီနောမြန်မာသည် အင်တာနက်
အသုံးပြုခအား ၁မိဂ္ဂါဘိုက်လျှင် ၅ ကျပ်ဖြင့်ကောက်ခံလျှက်ရှိပြီး စာတိုတစ်စောင်အား
၁၅ ကျပ်ဖြင့်ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း