လူထု အသိပညာတိုးပွားရေးအတွက် နယူးနီတိအက်ပလီကေးရှင်းဖြန့်ချိ

နယူးနီတိအက်ပလီကေးရှင်းဖြင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို လေ့လာနိုင်မည်ဖြစ်သည်။အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)နယူးနီတိအက်ပလီကေးရှင်းဖြင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို လေ့လာနိုင်မည်ဖြစ်သည်။အောင်ကျော်ညွန့် / မြန်မာတိုင်း(မ်)

မြန်မာလူငယ်များအတွက် လူမှုအသိုက်အမြုံ တွင် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး နှင့်
တာဝန်ယူမှု၊ တာဝန်ခံမှုများကို သင်ကြား လမ်းညွှန်ပေးမည့် နယူးနီတိ အက်ပလီကေးရှင်းကို
One World အဖွဲ့က ဦးဆောင်ကာ အခြားအဖွဲ့အစည်းများစွာဖြင့် ပူးပေါင်းတီထွင်ခဲ့ပြီး
အောက်တိုဘာ ၁၇ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် တရားဝင် မိတ်ဆက်ခဲ့သည်။

၎င်းအက်ပလီကေးရှင်းမှတစ်ဆင့် မြန်မာ လူငယ်များသည် နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့်
တာဝန်များ၊ ဒီမိုကရေစီစနစ်၊ရွေးကောက်ပွဲများ၊ ဥပဒေနှင့် ငြိမ်းချမ်းရေး အကြောင်းအရာများကို
မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လေ့လာနိုင်ရုံသာမက အသံ ဖိုင်များနှင့် ကာတွန်းဇာတ်
ကောင်လေးများ လှုပ်ရှားသက်ဝင်မှုပုံစံ (Animation) ဖြင့်လည်း လေ့လာနိုင်မည်ဖြစ်သည်။

"နီတိမြန်မာအက်ပလီကေးရှင်းလေးကို ရေဒီယိုကနေ ပုံပြင်တစ်ပုဒ် ပြောပြသလိုမျိုး
အက်ပလီကေးရှင်းလေးကို လုပ်ထားပါ တယ်။ ကျွန်တော်တို့ ဒီအက်ပလီကေးရှင်းမှာ
နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်တွေ နောက်ပြီး ရွေးကောက်ပွဲမှာဘယ်လို မဲပေးရမလဲဆိုတာတွေကို
သေချာရှင်းပြထားပါတယ်။ပုံပြင်တစ်ပုဒ်လိုလုပ်ထားတဲ့ အတွက် အခန်းငါးခုကို
တစ်ခုချင်းစီလေ့လာသွားလို့ ရတယ်" ဟု နယူးနီတိ အက်ပလီကေးရှင်း အတွက်
နည်းပညာပိုင်း တာဝန်ယူ ဆောင်ရွက်ပေးရသည့် Revo Tech မှ အကြီးတန်း
စီမံကိန်းမန်နေဂျာ ဦးသန့်သူရမျိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။

အထက်ပါ အကြောင်းအရာများကို လေ့လာနိုင်ရုံသာမက အကြောင်းအရာတစ်ခုအပေါ်
အင်္ဂလိပ်၊ မြန်မာ ဘာသာ နှစ်မျိုးဖြင့် အပြန်အလှန်ဆွေးနွေးနိုင်ရန် အမေးအဖြေကဏ္ဍကိုလည်း
ထည့်သွင်းပေးထားကြောင်း ၎င်းကပြောသည်။ "ကျွန်တော်တို့ကလည်း အကြောင်း အရာ
တစ်ခုပေါ်မှာ ပြန်ပြီးမေးမြန်ထားတဲ့ မေးခွန်းလေးတွေရှိတယ်။ ဒီအကြောင်းအရာကို
ဘယ်လိုနားလည်ထားလဲ။ အစရှိတဲ့မေးခွန်းလေးတွေပေါ့။ ဒါ့ပြင် လေ့လာတဲ့ သူတွေကလည်း
ထပ်ပြီးမေးမြန်းလို့ ရအောင်လည်း လုပ်ဆောင်ထားပါတယ်" ဟု ၎င်းက ပြောသည်။
"ဒီအက်ပလီကေးရှင်းကို သုံးတဲ့အတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
ဒီအက်ပလီကေးရှင်းက နည်းပညာပိုင်းအက်ပလီ ကေးရှင်းမဟုတ်ဘူး။ ဖျော်ဖြေမှုပုံစံပါမယ်၊
အသိပညာပေးတဲ့ အပိုင်းတွေပါမယ်။ ရုပ်ရှင်ကြည့်သလိုဘဲပေါ့ ရုပ်ရှင်ဇာတ်လမ်း တစ်ခု
ကြည့်လိုက်ရင် အဲဒီရုပ်ရှင်ရဲ့ ရသ တစ်ခုကို ကြည့်တဲ့သူက ရလိုက်သလိုပဲ ဒီအက်ပလီကေးရှင်းကို
သုံးရင်လည်း နိုင်ငံ သားတစ်ဦး ဆိုတာဘာလဲ၊ နိုင်ငံသားတစ်ဦး ရဲ့ ရပိုင်ခွင့်ဆိုတာဘာလဲ။
ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးရှိလဲဆိုတာကို သေချာသိနိုင်ပါတယ်" ဟု
ဦးသန့်သူရမျိုးကပြောသည်။ လက်ရှိတွင် အန်ဒရွိုက်စနစ်သုံး စမတ်ဖုန်း များတွင်သာ
အသုံးပြုနိုင်သေးပြီး ဂူးဂဲလ်ပလေးစတိုးတွင် ဒေါင်းလုတ်ဆွဲကာ ရယူနိုင် မည်ဖြစ်သည်။
နောက်ပိုင်းထွက်ရှိမည့် ဗားရှင်း အသစ်များတွင် အိုင်အိုအက်စ်စနစ်အတွက်ပါ
ထုတ်သွားမည်ဖြစ်ကြောင်း One World မှ စီမံကိန်းမန်နေဂျာ Angelika Kahlos က
မြန်မာတိုင်း(မ်)သို့ ပြောသည်။

"လက်ရှိ မြန်မာနိုင်ငံရဲ့  ၈၅ ရာခိုင်နှုန်းက အန်ဒရွိုက်ဖုန်းတွေသုံးကြတယ်။ အခုက
ရွေးကောက်ပွဲနဲ့လည်းကပ်နေတဲ့ အချိန်ကြတော့ အိုင်အိုအက်စ်အတွက်တော့မထုတ်သေး
ဘူး။ ဘာဖြင့်လို့လဲဆိုတော့ နယ်ဘက်က လူတွေ၊ နယ်စပ်ဘက်ကလူတွေက တရုတ်ဖုန်း
အန်းဒရွိုက်ဖုန်းလေးတွေ ကိုင်ကြတော့ သူတို့ဆီကို ဒီအက်ပလီကေးရှင်းလေး ရောက်
အောင် ဖြန့်ချိချင်တဲ့အတွက် အန်းဒရွိုက်ဖုန်း အတွက် အဓိက ရည်ရွယ်ပြီးထုတ်လိုက်တာ
ပါ။ ကျွန်တော်တို့ နောက်ပိုင်း အက်ပလီကေး ရှင်းတွေထုတ်ဖို့ ရှိပါတယ်။ အဲဒီအချိန်မှာ
အိုင်အိုအက်စ်သုံးတဲ့သူများလာရင်တော့ အိုင်အိုအက်စ်အတွက်ပါ ထွက်သွားမှာပါ" ဟု
၎င်းက ပြောသည်။ အက်ပလီကေးရှင်းအတွက် အချက်အလက်များကို မြန်မာနိုင်ငံတွင်
လူထုပညာပေးရေးအတွက် စာအုပ်များတရားဝင်ထုတ်လုပ်ထားသည့် မုခ်ဦးပညာရေးထံမှ
ရယူစုဆောင်းထားကြောင်း ၎င်းကပြောသည်။

"ဒီအက်ပလီကေးရှင်းမှာပါပဲ အချက်အလက်တွေကို မုခ်ဦးပညာရေးကတစ်ဆင့် အချက်
အလက်တွေကို စုဆောင်းပါတယ်။ ဒါ့ပြင် အခြားစံနှုန်းထားတွေကိုလည်း အက်ပလီကေးရှင်း
ထဲမှာ ထည့်ထားပေးပါတယ်" ဟု ၎င်းကပြောသည်။ အက်ပလီကေးရှင်းအတွက် ကာတွန်း
သရုပ်ဖော်ဇာတ်လမ်းများကို Butterfly Works နှင့် Joosk Illustration မှ တာဝန်ယူ
ဖန်တီးပေးထားသကဲ့သို့ အခြားအဖွဲ့အစည်း များကလည်း ကဏ္ဍအသီးသီး၌
ပါဝင်ဆောင်ရွက်ပေးထားသည်။ စီမံကိန်း ကို ပြီးခဲ့သည့် ဇန်န၀ါရီလ၌ စတင်ခဲ့ပြီး
လူမှုအဖွဲ့အစည်းများနှင့် ကဏ္ဍအသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လျက်
ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း