အစိုးရသစ်လက်ထက်တွင် ပိုမိုကောင်းမွန်လာ မည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိရန် မျှော်မှန်းနေ

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးတွင် MEC Tel ဆင်းကတ်များကို မဲစနစ်ဖြင့် ရောင်းချပေးနေစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးတွင် MEC Tel ဆင်းကတ်များကို မဲစနစ်ဖြင့် ရောင်းချပေးနေစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

လက်ရှိအစိုးရ လက်ထက်တွင် ဆက်သွယ်ရေးကဏ္ဍ ပွင့်လင်းလာခဲ့ကာ ပြည်သူလူထု
အများစု မိုဘိုင်းဖုန်းများကို အသုံးပြုလာ နိုင်သကဲ့သို့ အစိုးရသစ်လက်ထက်တွင်လည်း
ယခုထက် ဈေးနှုန်းသက်သာပြီး ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများ
ရရှိရန် နည်းပညာရှင်များက မျှော်လင့်နေကြသည်။

ထို့အတူ လက်ရှိအစိုးရလက်ထက်တွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်မှုအပိုင်း များကို
ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြိုင်ဆိုင်မှု ပုံစံ ရှိသည့် ဆက်သွယ်ရေးကဏ္ဍကိုလည်း ပုံဖော်ပေးခဲ့
သည်။ "လက်ရှိအစိုးရကတော့ ဆက်သွယ်ရေး ကဏ္ဍကို ဖွင့်ပေးခဲ့တယ်။ နောက်ပြီး ကွန်ရက် ဖြန့်ကြက်မှုအပိုင်းတွေကိုလည်း ဆောင်ရွက် ပေးခဲ့တယ်။ ဆက်သွယ်ရေးကဏ္ဍမှာ
ယှဉ် ပြိုင်မှုပုံစံတွေ ဆောင်ရွက်ပေးခဲ့တယ်။ နောက်တက်မယ့် အစိုးရသစ်ကတော့
အင်တာနက်ကွန်နက်ရှင်တွေ အခုထက် ပိုမြန်ဆန်အောင် လုပ်ပေးဖို့တော့ လိုအပ်
မယ်။ နောက်ပြီး နည်းပညာနဲ့ ပတ်သက်ရင် နိုင်ငံတကာကို အားကိုးပေမယ့်လည်း
ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကို ဦးဆောင်ပြီး လုပ်ဆောင်နေတာကို
မြင်တွေ့စေချင်ပါတယ်"ဟု Za Informaiton Technology ကုမ္ပဏီ၏ နည်းပညာအကြံပေး
ဦးစိုးသီဟနောင်က ပြောသည်။

သို့သော် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးသောင်းတင်က "အစိုးရ အသစ် ပြောင်းပေမယ့် အခုလက်ရှိ လုပ်နေတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး" ဟု IT
Business Plan Contest 2015 ပွဲ၌ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်ပြော
ကြားခဲ့ဖူးသည်။ လက်ရှိအစိုးရက ဆက်သွယ်ရေးကဏ္ဍဖွင့်ပေးခဲ့သည့် ၂၀၁၃
ခုနှစ်မှစ၍ တစ်နှစ်အတွင်း မိုဘိုင်းအသုံးပြုသူ အရေအတွက် ပိုမို တိုးမြှင့်ခဲ့ကြောင်း
MIDO ပရိုဂရမ် ဒါရိုက်တာ မထိုက်ထိုက်အောင်က ပြောသည်။

"၂၀၁၃ ခုနှစ် မတိုင်ခင်ကဆိုရင် မိုဘိုင်း ဖုန်းအသုံးပြုသူ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။
နောက်ပိုင်း ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံ တကာက ရင်းနှီးမြှုပ်နှံမှု ရှိလာအောင် လက်ရှိ
အစိုးရက ဖွင့်ပေးခဲ့တယ်။ ဒါက လည်း မဖွင့်လို့ မရတော့တဲ့ အခြေအနေမို့ပါ။ ဒီလိုသာ
ဆက်သွယ်ရေးကဏ္ဍ ဖွင့်မပေးခဲ့ ဘူးဆိုရင် ကျွန်မတို့နိုင်ငံက သတင်းအချက် အလက်နဲ့
ဆက်သွယ်ရေးကဏ္ဍက တခြား နိုင်ငံထက် အောက်ဆုံးကို ရောက်နေတော့ မှာ။ ဒီလို
ဖွင့်ပေးခဲ့လို့ တစ်နှစ်အတွင်းမှာ မိုဘိုင်းသုံးစွဲနိုင်တဲ့သူ အရေအတွက် ပိုပြီး တိုးတက်လာခဲ့
တယ်"ဟု ၎င်းက ပြောသည်။ ယခုအစိုးရလက်ထက်တွင် မိုဘိုင်းဆင်းကတ် အသုံးပြုသူ
အရေအတွက်မှာ အောက်တိုဘာလကုန်အထိ သုံးစွဲသူပေါင်း ၃၆ သန်း ရှိနေပြီဖြစ်သည်။

လက်ရှိအစိုးရသည် ၂၀၁၃ မေလမှ စတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစနစ်ဖြင့်
စီဒီအမ်အေ 800 MHz ဆင်းကတ်များကို ကျပ် ၁,၅၀၀ ဖြင့် ရောင်းချ ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်၊
ဇူလိုင်လတွင် ကျပ် ၁,၅၀၀ ဂျီအက်စ်အမ် ဆင်းကတ်များကိုလည်း မဲစနစ်ဖြင့်ပင် ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံး များ၌ ရောင်းချပေးခဲ့သည်။ ၂၀၁၄ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ ဆက်
သွယ်ရေး ၀န်ဆောင်လုပ်ငန်းများ လုပ်ဆောင်မည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများ ဖြစ်
သည့် ကာတာအခြေစိုက် အူရီဒူးမြန်မာနှင့် နော်ဝေအခြေစိုက် တယ်လီနောမြန်မာတိုကို
၁၅ နှစ်သက်တမ်း ရှိသည့် ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို
ပေးအပ်ခဲ့သည်။

"၂၀၁၃ မေလလောက်တုန်းက ဆင်း ကတ်တွေကို ကျွန်တော်တို့ ကျပ် ၁,၅၀၀ နဲ့ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစနစ်နဲ့ ၀ယ်ခဲ့ရတယ်။ ဒါပေမဲ့ ကျပ် ၁,၅၀၀ နဲ့သာ ရောင်းတာပါ၊
အပြင်ပေါက်ဈေးက တစ်သိန်းကျော်လောက် ရှိခဲ့တယ်။ နောက် ပြီး အခု အူရီဒူး၊ တယ်လီနော
ဆင်းကတ်တွေ စရောင်းတုန်းကလည်း အပြင်ပေါက်ဈေး တော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုဆို
ဆင်းကတ်တွေကို လမ်းဘေးမှာတောင် ၀ယ်လို့ရနေပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် လက်ရှိ
အစိုးရက ဆက်သွယ်ရေးကဏ္ဍကို ကောင်းအောင် တဖြည်းဖြည်း ဖွင့်ပေးခဲ့ တာပဲ။ နောက်
တက်လာမယ့် အစိုးရ ကတော့ ဒီထက် ပိုကောင်းအောင် ဘာတွေ လုပ်မလဲ။
ဥပမာ-အင်တာနက်တွေ ပိုမြန် အောင်လုပ်ပေးမှာလား၊ ဒီထက်ဈေးနှုန်း တွေ
သက်သာအောင် လုပ်ပေးမှာလား၊ ဆက်သွယ်ရေး ကဏ္ဍတွေကို ဒီထက် ပိုပြီး ဖွံ့ဖြိုးအောင်
လုပ်ပေးသင့်ပါတယ်။ လက်ရှိ အစိုးရက ဆက်သွယ်ရေးကဏ္ဍ ပွင့်လင်းအောင် လမ်းဖွင့်ပေး
ခဲ့ပြီ နောက်တက်လာမဲ့ အစိုးရက ဒီဖွင့်ပေးခဲ့တဲ့လမ်းကြောင်းမှာ ဘယ်လိုတွေ
ပိုကောင်းအောင် လုပ်ဆောင် ပေးမယ် ဆိုတာကတော့ စိတ်ဝင်စားစရာ ပဲ"ဟု မိုဘိုင်း
ကျွမ်းကျင်သူ ဦးခင်ဇော် အောင်က ပြောသည်။ လက်ရှိ အင်တာနက်အသုံးပြုခမှာ
ဈေးများနေပြီး နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် ယင်းဈေးနှုန်း များကို
သုံးသပ်ကာ ပြောင်းလဲပေးသင့် ကြောင်း မထိုက်ထိုက်အောင်က ပြောသည်။ "နောက်
တက်လာမယ့် အစိုးရသစ်က မြန်ဆန်တဲ့ အင်တာနက်နဲ့ အရည်အသွေး ပြည့်ဝတဲ့
ဆက်သွယ်ရေးကွန်ရက်ကို ရရှိ အောင်ဆောင်ရွက်ပေးသင့်တယ်။ နောက်ပြီး ကမ္ဘာ
မှာဆိုရင် အင်တာနက်အသုံးပြုခ က လူတစ်ယောက် တစ်ရက်ဝင်ငွေရဲ့ နှစ် ရာခိုင်နှုန်းပဲ
ကောက်တယ်။ ကျွန်မတို့ နိုင်ငံ မှာ အသုံးပြုနေတဲ့ အင်တာနက် အသုံးပြုခက
အရမ်းများနေတယ်။ ဒါကြောင့် နောက် တက်လာမယ့် အစိုးရသစ်က သက်သာတဲ့
ဈေးနှုန်းတွေကို ဆောင်ရွက်ပေးဖို့ မျှော်လင့် ပါတယ်။ နောက်ပြီး နယ်စပ်ဒေသ၊ တောင်
ပေါ်ဒေသက လူတွေပါမကျန် အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်
ပါတယ်"ဟု ၎င်းက ပြောသည်။

ထို့အတူ လာမည့် အစိုးသစ်လက်ထက်တွင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ၀န်ဆောင်
မှုနှုန်းထားများနှင့် ကောင်းမွန် သော အရည်အသွေးများရရှိအောင် ပြောင်း လဲပေးရုံသာ
မကဘဲ ဆိုက်ဘာ တိုက်ခိုက်မှု များကိုလည်း နည်းပါးအောင် ဆောင်ရွက် ပေးသင့်ကြောင်း
နည်းပညာရှင်တစ်ဦးက ပြောသည်။ "သုံးစွဲသူတွေအတွက်ကတော့ အရည် အသွေးနဲ့
အဖိုးနှုန်းထားက အဓိကပေါ့။ နောက်ပြီး အခုအင်တာနက်ကွန်နက်ရှင် တွေက အရင်က
ထက် ကောင်းပေမယ့် တခြားနိုင်ငံတွေထက် စာရင်တော့ အား နည်းနေသေးတယ်။
အစိုးရသစ်ကို လုပ် ပေးစေချင်တာက ဆိုက်ဘာတိုက်ခိုက်မှု တွေ၊ မသမာမှုတွေ
ပပျောက်အောင် ဆောင်ရွက်ပေးဖို့ အဓိက လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခု လူတွေက အင်တာနက်ကို အကျိုးရှိ အောင် သုံးတဲ့သူ
ရှိသလို သူတစ်ပါး အကျိုး စီးပွားကို ဖျက်ဆီးဖို့ အသုံးပြုနေကြ သူလည်း တွေကို
တွေ့ရတယ်။ အဲဒီ တော့ ဆိုက်ဘာတိုက်ခိုက်မှု ကာကွယ် ပေးဖို့ကိုလည်း တင်းတင်း
ကျပ်ကျပ် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။ လက်ရှိ
ဆက်သွယ်ရေးအော်ပရေ တာများသည် ဖိုးဂျီကွန်ရက်ကို ၀န်ဆောင်မှုပေးမည်ဆိုပါက
ဝန်ဆောင် မှုနှုန်းထားများ ကျဆင်းနိုင်မည် မဟုတ် ကြောင်း Yangon Heartz Media ၏
အလုပ်အမှုဆောင် အရာရှိချုပ်ဦးဇော် ဇော်မျိုးလွင်က ပြောဆိုခဲ့ဖူးသည်။

"အော်ပရေတာတွေက ဖိုးဂျီ ၀န်ဆောင်မှုပေးမယ်ဆိုရင်တော့ တာဝါ တိုင်တွေကို ပိုပြီးတော့
ဆောက်ရမှာ ပေါ့။ နောက်ပြီး သုံးစွဲတဲ့သူတွေက ကွန်နက်ရှင်တွေ ပိုပြီး မြန်လာရင်
ကြိုက်ကြတာပဲ။ ဒါပေမဲ့ ဖိုးဂျီကွန်ရက် ၀န်ဆောင်မှုပေးပြီဆိုရင်တော့ အခု လက်ရှိ
ဝန်ဆောင်မှုဈေးနှုန်းထက် ကျတော့မှာ မဟုတ်တော့ဘူး"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ဆွေးနွေးဖူးသည်။ လက်ရှိမှာလည်း ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်း
ပညာ ၀န်ကြီးဌာနက ဆက်သွယ်ရေး အော် ပရေတာများက ဖိုးဂျီကွန်ရက် စတင်
ဝန်ဆောင်မှုပေးပါကလည်း ကန့်ကွက် သွားမည်မဟုတ်ကြောင်း ဆက်သွယ် ရေးနှင့်
သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က
IT Business Plan Contest 2015 ပွဲ၌ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့
ဖူးသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က ၂၀၁၅ ဇန်န၀ါရီ ၁၂ ရက်တွင် ဆွေသဟာအစီအစဉ်
စတင်မိတ်ဆက်စဉ်က အင်တာနက်အသုံးပြုခကို တစ်မဂ္ဂါဘိုက်လျှင် ၁၅ ကျပ်ဖြင့်
ကောက်ခံခဲ့ပြီး မတ်လ ၄ ရက်မှ စ၍ တစ် မဂ္ဂါဘိုက်လျှင် ၇ ဒသမ ၅ ကျပ်ဖြင့်
ပြောင်းလဲကောက်ခံခဲ့ပြီး အောက်တို ဘာ ၁ ရက်မှ စ၍ တစ်မဂ္ဂါဘိုက်ကို ခြောက်ကျပ်ဖြင့်
ကောက်ခံလျက် ရှိသည်။

အမ်ပီတီနှင့် အပြိုင် အော်ပရေ တာများဖြစ်သော အူရီဒူးမြန်မာသည် အင်တာနက်
အသုံးပြုခကို တစ်မဂ္ဂါ ဘိုက်လျှင် ခြောက်ကျပ်ဖြင့် ကောက်ခံ လျက်ရှိပြီး စာတိုတစ်စောင်
၁၅ ကျပ် ဖြင့် ၀န်ဆောင်မှု ပေးနေသကဲ့သို့ တယ်လီနောမြန်မာက အင်တာနက်
အသုံးပြုခကို တစ်မဂ္ဂါဘိုက်လျှင် ငါးကျပ်ဖြင့် ကောက်ခံလျက်ရှိပြီး စာတို တစ်စောင်
၁၅ ကျပ်ဖြင့် ၀န်ဆောင်မှု ပေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း