တယ်လီနောမြန်မာ၏ ဒုတိယအကြိမ်မြောက် နံပါတ်အလှ လေလံတင် ရောင်းချပွဲအား မန္တလေးတွင် ကျင်းပမည်

တယ်လီနောမြန်မာသည် ပထမဦးဆုံး နံပါတ်အလှလေလံတင်ရောင်းချပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က
ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ယခုအခါ ဒုတိယမြောက်နံပါတ်အလှ လေလံတင်ရောင်းချပွဲကို
မတ် ၂၅ ရက်တွင် မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လေလံတင်ရောင်းချပွဲတွင် အထူး နံပါတ်ပေါင်း ၁၀၀ ကို ရောင်းချသွားမည်ဖြစ်ပြီး ရရှိသော
အကျိုးအမြတ်များကို ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းတွင် ကျောင်းဆောင်အသစ်တစ်ခုနှင့် ဒစ်ဂျစ်တယ်ပညာသင်ကြားရေး စင်တာတစ်ခု
ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

ယင်း ဒုတိယအကြိမ်မြောက် လေလံတင်ရောင်းချပွဲတွင် ၀၉၇၇၊ ၀၉၇၉ စသော နံပါတ်များနှင့်
အလားတူ အခြားနံပါတ်များလည်း ပါဝင်မည်ဖြစ်ရာ လေလံပွဲအတွက် ကြမ်းခင်းဈေးကို
နံပါတ်အားလုံးအတွက် သိန်း ၃၀ ကျပ်သတ်မှတ်ထားသည်။

"ပထမအကြိမ်လေလံပွဲမှာ တယ်လီနောသုံးစွဲသူတွေဆီက အကူအညီ အထောက်အပံ့ အများကြီး
ရခဲ့ပါတယ်။ လေလံပွဲကနေပြီး ငွေကျပ် သိန်း ၃,၁၈၃ သိန်းကို ၂၀၁၆ ခုနှစ် အတွက် မိုင်မီ
အကောင်အထည်ဖော်မယ့် ဒစ်ဂျစ်တယ်ပညာရေးစီမံကိန်းမှာ အသုံးပြုဖို့  လှူဒါန်းနိုင်ခဲ့ပါတယ်။
မန္တလေးမှာလည်း နောက်ထပ်အောင်မြင်တဲ့ လေလံပွဲတစ်ခုဖြစ် လာဖို့ မျှော်လင့်ပါတယ်"ဟု
တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

လေလံပွဲနှင့် ပတ်သတ်သည့် လုပ်ငန်းများ အဆင့်ဆင့်ကို MN Associates မှ ကူညီစိစစ်ပေးပြီး၊
Deloitte Touche Myanmar, Vigour Advisory လီမိတတ်မှ အကဲဖြတ်ကြည့်ရှုပေးမည်ဖြစ်သည်။

အဆိုပါ လေလံပွဲသို့ စိတ်ပါဝင်စားသူများသည် မိမိတို့၏ အမည်၊ လိပ်စာ၊ အီးမေးလ်၊
မှတ်ပုံတင်၊ ကုမ္မဏီအမည်၊ ဘဏ်စာရင်း အသေးစိတ်အချက်အလက်များဖြင့် 
[email protected] သို့ မေးလ်ပို့ပြီးဖြစ်စေ၊ သို့မဟုတ် ၀၉၇၉၇၀၀၀၀၉၇ သို့
ဆက်သွယ်ကာ မတ် ၂၁ ရက်တွင် နောက်ဆုံးထားကာစာရင်းကောက်ခံခဲ့သည်။

တယ်လီနောမြန်မာသည် ဒုတိယအကြိမ် လေလံပွဲ၏ နေရာထိုင်ခင်း သတ်မှတ်ချက်ကြောင့်
မှတ်ပုံတင်သူများထဲမှ လေလံပွဲကို တက်ရောက်နိုင်သူများကို အကြောင်းကြားပေးသွားမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်ခဲ့သည် တယ်လီနောမြန်မာ၏ ပထမဦးဆုံး
နံပါတ်အလှလေလံတင်ရောင်းချပွဲတွင် နံပါတ်အလှပေါင်း ၅၅ ခု ကို လေလံတင်ရောင်းချခဲ့ပြီး
ကျပ်သိန်းပေါင်း ၄,၈၃၅ သိန်းအထိရောင်းချနိုင်ခဲ့ပြီး ယင်း နံပါတ်အလှပေါင်း ၅၅ ခုမှ တစ်ခုဖြစ်သည့်
၀၉၇၇၇၇၇၇၇၇၇ နံပါတ်မှာ ကျပ်သိန်း ၁,၁၂၀ ဖြင့် ရောင်းချနိုင်ခဲ့ပြီး လေလံပွဲကရရှိသော
ငွေကြေးများထဲမှ ကျပ်သိန်း ပေါင်း ၃,၁၈၃ သိန်းကို မိုင်မီသို့ လှူဒါန်းခဲ့သည်။

ထို့အတူ ရန်ကုန်မြို့တွင် နံပါတ်အလှ လေလံတင်ရောင်းချပွဲကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(အမ်ပီတီ) က ၂၀၁၅ ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ
နံပါတ်အလှပေါင်း ၁၂၆ ခုကို လေလံတင်ရောင်းချခဲ့ရာ စုစုပေါင်း ငွေကျပ် ၂၉၂ ဒသမ ၈ သန်းဖိုး
လေလံအောင်မြင်ခဲ့ပြီး ရောင်းရငွေ အားလုံးကို ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
ဆိုလာစွမ်းအင်သုံးလျှပ်စစ်မီးအိမ်များ လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုပေးလျက်ရှိသော ကာတာအခြေစိုက် အူရီဒူး မြန်မာမှာမူ
နံပါတ်အလှ လေလံတင်ရောင်းချပွဲကို ကျင်းပခြင်း မရှိသေးချေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း