စီဒီအမ်အေ ဆင်းကတ်များ နယ်ဈေးကွက်သွက်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီဒီအမ်အေ ဆင်းကတ်အကြောင်းကို မိုဘိုင်းအရောင်းဆိုင် တစ်ဆိုင်က ရှင်းပြနေစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီဒီအမ်အေ ဆင်းကတ်အကြောင်းကို မိုဘိုင်းအရောင်းဆိုင် တစ်ဆိုင်က ရှင်းပြနေစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ် နှင့် ၄၅၀ မဂ္ဂါဟတ် ဆင်းကတ်များကို ရန်ကုန်ဈေးကွက်မှ ၀ယ်ကာ
ဝေးလံခေါင်းပါးသော နယ်ဈေးကွက်တွင် ပြန်လည်ရောင်းချလျက်ရှိပြီး ယင်းဒေသများတွင် စီဒီအမ်အေ
ဈေးကွက်သွက်နေကြောင်း ၀ယ်ရောင်းများ ကပြောသည်။

"ကျွန်တော်တို့က လက်ရှိပိုင်ဆိုင်ထားတဲ့ စီဒီအမ်အေ ဆင်းကတ်ပိုင်ရှင်တွေဆီကနေ ပြန်ဝယ်တယ်။
ဝယ်ပြီးတော့ နယ်မြို့ တွေမှာ ပြန်ရောင်းတယ်။ ကျွန်တော်တို့ ပြန်ဝယ်တဲ့ဈေးကတော့ စီဒီအမ်အေ
၈၀၀ မဂ္ဂါဟတ်တွေကို ၆၈,၀၀၀ နဲ့ ပြန်ဝယ်ပြီးတော့ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်တွေကို
တစ်သိန်းငါးထောင်နဲ့ ပြန်ဝယ်ပြီး နယ်မြို့ တွေမှာ ပြန်လည်ရောင်းချနေပါတယ်" ဟု
စီဒီအမ်အေဆင်းကတ်များ ၀ယ်ရောင်းပြုလုပ်သူ ဦးရဲသွေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ ဆင်းကတ်များကို မန္တလေးနှင့် မြစ်ကြီးနားမြို့များတွင် အရောင်းအ၀ယ်ဖြစ်နေကြောင်း
စီဒီအမ်အေဆင်းကတ် အရောင်းအ၀ယ်ပြုလုပ်သူ ဦးဇော်ကြီးက ပြောသည်။

"အခု စီဒီအမ်အေဆင်းကတ်တွေကို မန္တလေးနဲ့ မြစ်ကြီးနားတို့မှာ အရောင်းအ၀ယ်ဖြစ်နေပါတယ်။
လက်ရှိ နယ်မြို့တွေမှာ စီဒီအမ်အေဆင်းကတ်တွေ ၀ယ်ယူသူတွေ ရှိနေတယ်သေးတယ်။
ရောင်းသလောက်လည်း ကုန်တယ်" ဟု ၎င်းကပြောသည်။

သို့သော် မိုဘိုင်းသုံးစွဲသူများအကြား ဆက်သွယ်ရေးအော်ပရေတာအသစ်များ ၀င်ရောက်ခဲ့စဉ်က
စီဒီအမ်အေဆင်းကတ်များ ပြန်လည်သိမ်းဆည်းသွားမည်ဆိုသော ကာလာဟလ သတင်းတစ်ခုလည်း
ပြန့်လွင့်ခဲ့ပြီး ယင်းသတင်းများကြောင့် ရန်ကုန်မြို့ ရှိ စီဒီအမ်အေဆင်းကတ် အသုံးပြုသူများသည်
ပြန်လည်ရောင်းချမှုများရှိခဲ့ကြောင်း စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဆင်းကတ် အသုံးပြုခဲ့သူ
ဒေါ်အေးမြင့်က ပြောသည်။

"ကျွန်မက ၇၃ နံပါတ် စီဒီအမ်အေ ဆင်းကတ်ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆင်းကတ်တွေကို
ပြန်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ တကယ်လို့သာ သိမ်းသွားရင် ကိုယ့်လက်ထဲမှာ
ဒီဆင်းကတ်က အလကားကြီးဖြစ်တော့မယ်။ အဲဒီတော့ မထူးဘူးဆိုပြီးဝယ်ချင်တဲ့သူကို ရတဲ့ဈေးနဲ့
ရောင်းလိုက်တယ်။ ကျွန်မ ရောင်းလိုက်တော့ ခြောက်သောင်းခွဲလောက်နဲ့ ပြန်ရောင်းလိုက်ပါတယ်"ဟု
၎င်းကပြောသည်။

အဆိုပါ စီဒီအမ်အေဆင်းကတ်များကို ပြန်လည်သိမ်းဆည်းရန် ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တရားဝင်ညွန်ကြားထားခြင်း မရှိသကဲ့သို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လည်း ယခုအချိန်အထိ စီဒီအမ်အေဆင်းကတ်များကို
ပြန်လည်သိမ်းဆည်းရန် အစီအစဉ် မရှိသေးကြောင်း သက်ဆိုင်ရာဌာနများက သိရသည်။

"၀န်ကြီးဌာနအနေနဲ့ကတော့ ဒီစီဒီအမ်အေဆင်းကတ်တွေကို ပြန်လည်သိမ်းဆည်းဖို့အတွက်
ညွှန်ကြားထားတာမျိုး မရှိသေးပါဘူး" ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ
ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မြန်မာတိုင်(မ်) ကိုပြောသည်။

ထို့အတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကလည်း "အခုအချိန်အထိတော့
စီဒီအမ်အေဆင်းကတ်တွေကို ပြန်ပြီးသိမ်းဖို့က အစီအစဉ် မရှိသေးပါဘူး။ မြန်မာ့ဆက်သွယ်ရေး
အနေနဲ့ကတော့ တူးဂျီနဲ့ သရီးဂျီကွန်ရက်ကိုတော့ တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့သွားမှာပါ။
နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးနီးပါး ဂျီအက်စ်အမ် တူးဂျီနဲ့ သရီးဂျီကွန်ရက်ကို ရရှိပြီးတော့
အားလုံး ဂျီအက်စ်အမ်ကွန်ရက်ကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်" ဟု ပြောသည်။

အဆိုပါ စီဒီအမ်အေဆင်းကတ်များ ပြန်လည်သိမ်းဆည်းသွားမည်ဟူသော ကောလာဟလ
သတင်းတစ်ရပ်သည် ဆင်းကတ်ပွဲစားများ၏ ဈေးကွက်ကစားမှုကြောင့် ထွက်ပေါ်လာနိုင်ခြင်း
ဖြစ်ကြောင်း Yangon Heartz Media မှ အလုပ်အမှုဆောင် အရာရှိချုပ် ဦးဇော်ဇော်မျိုးလွင်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုက နယ်မြို့တွေမှာက စီဒီအမ်အေဆင်းကတ်တွေကို အလိုရှိနေကြသေးတော့ ရောင်းချင်တဲ့
ပွဲစားတွေက နယ်ဘက်တွေမှာ ရောင်းဖို့အတွက် ဆင်းကတ်တွေက လက်ထဲမရှိဘူး။ အဲဒီတော့
သူတို့တစ်တွေက စီဒီအမ်အေဆင်းကတ်တွေ ပြန်သိမ်းတော့မယ်ဆိုပြီး သတင်းစလွှင့်လိုက်တော့
လူတိုင်းက အဲဒါကို အဟုတ်ထင်ပြီး စီဒီအမ်အေဆင်းကတ်ပိုင်ရှင်တွေက ရတဲ့ဈေးနဲ့
ပြန်ထုတ်ကုန်ကြရော။ အဲဒီကျမှ ပွဲစားတွေက ပြန်ရောင်းတဲ့သူတွေဆီက ဆင်းကတ်တွေကိုဝယ်ပြီး
တကယ်လိုအပ်နေတဲ့ နယ်မြို့ တွေမှာ ပြန်ရောင်းတာဖြစ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်အသုံးပြုသူ အရေအတွက် ၃၆၀,၀၀၀ ၀န်းကျင်ရှိပြီး
စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်အသုံးပြုသူ ၆၄၀,၀၀၀ ၀န်းကျင်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အင်ဂျင်နီယာမှူး ဦးမျိုးသန်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

စီဒီအမ်အေဆင်းကတ်များ၏ အားသာချက်မှာ သုံးစွဲသူဦးရေ နည်းပါးသောကြောင့် အင်တာနက်
ကွန်နက်ရှင် မြန်ဆန်မှုရှိပြီး ဖုန်းပြောဆိုရာတွင်လည်း ကြည်လင်ပြတ်သားမှုရှိကြောင်း
မိုဘိုင်းနည်းပညာရှင် ဦးမင်းစိုးထွန်းက ပြောသည်။

"စီဒီအမ်အေ ဆင်းကတ်တွေကိုတော့ ကျွန်တော်တို့ နိုင်ငံမှာ သုံးစွဲသူနှုန်းက ဂျီအက်စ်အမ်ထက်
နည်းတော့ အင်တာနက်ကွန်နက်ရှင် မြန်တယ်။ နောက်ပြီးဖုန်းပြောတဲ့အခါမှာလည်း ကြည်တယ်။
ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်က ဟန်းဆက်တွေကို သိပ်ပြီးရွေးချယ်လို့ မရဘူး။ စီဒီအမ်အေအတွက်
ထုတ်ထားတဲ့ ဟန်းဆက်တွေက ဈေးကွက်မှာ ရှားတယ်" ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း