တယ်လီနော စိတ်ကြိုက်အစီအစဉ်ဖြင့် ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာ အခမဲ့အသုံးပြုနိုင်

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနောက ဖေ့စ်ဘွတ်ခ်နှင့် 
ဗိုက်ဘာ (Viber) အခမဲ့အသုံးပြုနိုင်မည့် ''စိတ်ကြိုက်'' အစီအစဉ်ကို ဇူလိုင်၁ ရက်တွင် 
စတင်မိတ်ဆက်ခဲ့သည်။ ယင်းအစီအစဉ်ကို သုံးစွဲသူများသည် အခြားဝန်ဆောင်မှုများအတွက်
ည ၇ နာရီမှမနက် ၇ နာရီအတွင်း ဖုန်းပြောဆိုမှုအတွက်တစ်မိနစ် ကျပ် ၂ဝ နှင့် အင်တာနက်
သုံးစွဲများအတွက် တစ်မဂ္ဂါဘိုက်လျှင်ခြောက်ကျပ်ဖြင့်လည်းကောင်း၊ မနက် ၇ နာရီမှ ည ၇ နာရီအတွင်း
တစ်မိနစ် ၂၅ ကျပ်နှင့် တစ်မဂ္ဂါဘိုက်ကို ရှစ်ကျပ်နှုန်း ကျသင့်မည်ဖြစ်သည်။

ဖေ့စ်ဘွတ်ခ်နှင့် ဗိုက်ဘာကို အခမဲ့အသုံးပြုခွင့်ရရှိမည့် စိတ်ကြိုက်အစီအစဉ်သုံးစွဲပြီး
ခုနစ်ရက်ပြည့်မြောက်ပြီးနောက်တွင် သုံးစွဲသူများ၏ ငွေဖြည့်မှုပမာဏအပေါ်မူတည်ပြီး
အခမဲ့အစီအစဉ်ကို ဆက်လက်ခံစားခွင့် ရှိမည်ဖြစ်သည်။ ၃,ဝဝဝ တန်ငွေဖြည့်ကတ် ထည့်သွင်း
အသုံးပြုပါကငါးရက်ကြာ အခမဲ့ရရှိမည်ဖြစ်ပြီး ၉၉၉၉ ကျပ်အထိ ထပ်မံငွေဖြည့်သွင်းပါက ၁ဝ ရက်
အခမဲ့ရရှိမည်ဖြစ်ရာ ၁ဝ,ဝဝဝ တန် ငွေဖြည့်ကတ် အသုံးပြုပါက ရက် ၃ဝ ကြာ အခမဲ့ရရှိမည်ဖြစ်သည်။

''ဖေ့စ်ဘွတ်ခ်နဲ့ ဗိုက်ဘာလို လူမှုကွန်ရက်တွေကို အသုံးပြုဖို့ သဘောကျသူတွေအတွက် ဒီအစီအစဉ်ကို
အခမဲ့သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး မိတ်ဆက်ပေးတာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းက သုံးစွဲသူတွေလည်း
ဒီအစီအစဉ်ကို သဘောကျမယ်လို့ ယုံကြည်ပါတယ်။ တယ်လီနောသုံးစွဲသူ ၁၆ သန်းထဲက၆ဝ ရာခိုင်နှုန်း
ထက်ပိုတဲ့ လူတွေဟာအင်တာနက်ကို အဓိကထား သုံးစွဲကြပါတယ်'' ဟု တယ်လီနောမြန်မာ၏
ဈေးကွက်တာဝန်ခံ မစ္စတာဂျော့စလင်း မစ်သုန်ကပြောသည်။

စိတ်ကြိုက်အစီအစဉ်ကို အသုံးပြုလိုပါက စာတိုနံပါတ် (SMS) ၃၆၅ သို့  SK ON ဟု ပေးပို့၍ဖြစ်စေ၊
တယ်လီနော Call Center ဝ၉၇၉ဝဝ၉၇၉ဝဝ (တယ်လီနော အသုံးပြုသူများသည် ၉၇၉ သို့လည်းကောင်း)
ခေါ်ဆိုကာ ရယူနိုင်မည်ဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ဖေ့စ်ဘွတ်ခ်တို့ ပူးပေါင်းကာ Free Basics နှင့်
Facebook Flex အစီအစဉ်ကို ဇွန်လဆန်းပိုင်းက မိတ်ဆက်ခဲ့သည်။ အဆိုပါအစီအစဉ်ကို
အသုံးပြုသူများသည် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အခမဲ့ စာတင်ခြင်း၊ ကွန်မန့်ပေးနိုင်ခြင်း၊ လိုက်ခ်
(like)ပြုလုပ်နိုင်ပြီး၊ အခမဲ့စာရိုက်စကားပြောခြင်းကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း