စမတ်ဖုန်း ကုမ္ပဏီများက 4G ဟန်းဆက်များ အပြိုင်အဆိုင် ရောင်းချ

ရန်ကုန်မြို့ပေါ်ရှိ အိုင်တီပစ္စည်းအရောင်းဆိုင်တစ်ခုတွင် ဟန်းဆက်ဝယ်ယူရန် လေ့လာနေသူများကို တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)ရန်ကုန်မြို့ပေါ်ရှိ အိုင်တီပစ္စည်းအရောင်းဆိုင်တစ်ခုတွင် ဟန်းဆက်ဝယ်ယူရန် လေ့လာနေသူများကို တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံဈေးကွက်အတွင်း ဆက်သွယ်ရေးကုမ္ပဏီများက 4G ကွန်ရက်ကို အပြိုင်အဆိုင်
ချဲ့ထွင်နေသကဲ့သို့ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း 4G စမတ်ဖုန်းများကို
အပြိုင်အဆိုင်ရောင်းချလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးနေသော အူရီဒူးမြန်မာသည် 4G 
ဝန်ဆောင်မှုကို ၂ဝ၁၆ ခုနှစ်၊မေလမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်
ပထမဆုံး ဝန်ဆောင်မှုပေးခဲ့ရာ စမတ်ဖုန်းကုမ္ပဏီများသည် မြန်မာနိုင်ငံဈေးကွက်အတွင်း
4G ဟန်းဆက်များကို အပြိုင်အဆိုင် မိတ်ဆက်ရောင်းချလျက်ရှိသည်။

အူရီဒူး 4G ဝန်ဆောင်မှု မိတ်ဆက်ခဲ့သည့် မေလအတွင်းတွင် တရုတ်နိုင်ငံ
အမှတ်တံဆိပ်ဖြစ်သော Vivo ၊ Oppo ကုမ္ပဏီများသည် 4G ဟန်းဆက်များကို
ဈေးကွက်အတွင်း၌ မိတ်ဆက်ရောင်းချလာရာ ဇွန်နှင့် ဇူလိုင်လတွင် အခြားစမတ်ဖုန်း
အမျိုးအစားများဖြစ်သည့် Samsung ၊MEIZU ၊ ဌငသောင နှင့် Huawei စမတ်ဖုန်း
အသစ်များလည်း ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။

လက်ရှိ မိုဘိုင်းဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာများသည် 4G ကွန်ရက်ကို
ချဲ့ထွင်လာသည့်အတွက် မိုဘိုင်းဖုန်းသုံးစွဲသူများသည် ကွန်ရက်အရည်အသွေး အပြည့်အဝ
အသုံးပြုနိုင်ရန် 4G ဟန်းဆက်များ အသုံးပြုရန် လိုအပ်လာသည်ဟု မိုဘိုင်းဖုန်းအသုံးပြုသူ
ကိုကျော်ဝင်းဦးက ပြောသည်။

''ဖုန်းကုမ္ပဏီတွေက 3G ကနေတစ်ဆင့် 4G ဝန်ဆောင်မှုကို ပေးလာကြတယ်။
အဲဒီလိုပေးလာတဲ့အတွက် သုံးစွဲသူတွေဘက်ကလည်း ဒီ 4G ဝန်ဆောင်မှုကိုအပြည့်အဝ
အသုံးပြုဖို့အတွက်တော့ဒီကွန်ရက်ကို ထောက်ပံ့တဲ့ စမတ်ဖုန်းရှိဖို့တော့ လိုလာပြီပေါ့''ဟု
၎င်းကပြောသည်။

ထို့အတူ KENBO  ကုမ္ပဏီသည် ဇူလိုင် ၂၂ မှ ၂၄ ရက်အထိ  Fly One စမတ်ဖုန်း
ကြိုတင်ရောင်းချပွဲကို မော်လမြိုင်မြို့တွင်ကျင်းပခဲ့ပြီး နေပြည်တော်နှင့် မြိတ်တွင်လည်း
ဆက်လုပ်ပြုလုပ်သွားမည်ဖြစ်သည်။

''ကျွန်တော်တို့ မော်လမြိုင်မှာ လုပ်ခဲ့တဲ့ Fly One စမတ်ဖုန်း ကြိုတင်ရောင်းချပွဲမှာ
per order အဖြစ် ၁၅၂ လုံး လက်ခံရရှိခဲ့ပါတယ်''ဟုKENBO ကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ဇွန်လိုင် ၁၆ ရက်က Xiaomi ကုမ္ပဏီသည် ရန်ကုန်မြို့၌ Mi Max 4G စမတ်ဖုန်းကို
မိတ်ဆက်ပေးခဲ့ရာ ဈေးကွက်တွင် ကျပ် ၂၇၅,ဝဝဝ ဖြင့် ရောင်းချပေးလျက်ရှိသည်။

“ကျွန်တော်တို့ Mi Max စမတ်ဖုန်းကိုစပြီးရောင်းချတဲ့ ဇူလိုင်လကနေ ဈေးကွက်အတွင်းသို့
အလုံးရေ ၁ဝ,ဝဝဝ ကျော် ရောင်းချဖို့အတွက် ဖြန့်ချိထားပြီဖြစ်ပါတယ်''ဟု Xiaomi မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး စမတ်ဖုန်း အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်သည့် 
Samsung သည် ယင်းတို့၏ စမတ်ဖုန်းအသစ်ဖြစ်သော Galaxy A9 Pro 2016 ကို
ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်း၌
ကျပ် ၅၅၅,ဝဝဝ ဖြင့် ရောင်းချပေးလျက်ရှိသည်။

မိုဘိုင်းဖုန်းအသုံးပြုသူများသည်လည်း 4G စမတ်ဖုန်းများကို ချိုသာသော ဈေးနှုန်းများဖြင့်
ရောင်းချပေးမှသာလျှင် ဆက်သွယ်ရေးအော်ပရေတာများက ဝန်ဆောင်မှုပေးနေသည့်
4Gကွန်ရက်ကို မိုဘိုင်းဖုန်းအသုံးပြုသူ အားလုံးနီးပါ အသုံးပြုနိုင်မည်ဖြစ်သည်ဟု
မိုဘိုင်းဖုန်းအသုံးပြုသူ ကိုဇင်ကိုက ပြောသည်။

''ဆက်သွယ်ရေးကုမ္ပဏီတွေက 4G ဝန်ဆောင်မှုပေးတယ်။ ဒီဝန်ဆောင်မှုကို
ရဖို့အတွက်က သုံးစွဲသူတစ်ယောက်မှာ 4G ဟန်းဆက်ရှိဖို့ လိုတယ်။ ဒီဟန်းဆက်တွေကို
ဝယ်သုံးဖို့ကြတော့လည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဖြစ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ
ဒီဟန်းဆက်တွေက ဈေးတွေအရမ်းကြီးနေမယ်ဆိုရင် ဖုန်းသုံးတဲ့သူအားလုံးနီးပါး
4G ဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ မဟုတ်ဘူး''ဟု ၄င်းကပြောသည်။

လက်ရှိ KENBO Fly One ကို ကျပ် ၁၁၉,၈ဝဝ ဖြင့်လည်းကောင်း၊ 
MEIZUM 3 noteကို ကျပ် ၁၉၉,ဝဝဝ ဖြင့် လည်းကောင်း၊ Huawei P 9   ကို
ကျပ် ၅၅၉,ဝဝဝ ဖြင့် ဈေးကွက်တွင် ရောင်းချပေးလျက်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း