အင်တာနေရှင်နယ် Dota 2 ပြိုင်ပွဲကို အမြင့်ဆုံးဆုကြေးဖြင့် စတင်ကျင်းပ

Ti 6 ပြိုင်ပွဲကျင်းပရာ Key Arena မှ မြင်ကွင်း။ ဓာတ်ပုံ - Reddit CommunityTi 6 ပြိုင်ပွဲကျင်းပရာ Key Arena မှ မြင်ကွင်း။ ဓာတ်ပုံ - Reddit Community

လူသိများတဲ့ Ti 6 သို့မဟုတ် The International 2016 ခြောက်ကြိမ်မြောက် နိုင်ငံတကာ Dota 2
ချန်ပီယံပြိုင်ပွဲကြီးကို သြဂုတ်၂ ရက်မှာ အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ကျင်းပသွားမှာ
ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်၊ တရုတ်၊ ဥရောပ၊ အရှေ့အာရှဇုန် လေးခုကနေ
ဖိတ်ခေါ်ထားတဲ့ အသင်း ခြောက်သင်းနဲ့ လက်ရည်စစ်ပွဲအောင်လာတဲ့ အသင်း ၁ဝ သင်းတို့
ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

ပေးအပ်ဖို့ ဆုကြေးငွေကတော့ Valve ကုမ္ပဏီရဲ့ အခြေခံဆုကြေးငွေပမာဏကို သူတို့ရဲ့  
Battle Pass ရောင်းချရငွေထဲက ၂၅ ရာခိုင်နှုန်းကို ထပ်ပေါင်းထားတဲ့အတွက် အခုချိန်မှာ
အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်ထိရရှိထားပြီးတော့ ဒီထက်လည်းပိုမြင့်လာဦးမှာပါ။
ဒါဟာ အီလက်ထရွန်းနစ်အားကစား (Esports) ကဏ္ဍမှာ အမြင့်မားဆုံး ငွေကြေးစံချိန်ပဲဖြစ်ပါတယ်။

ချန်ပီယံဆုရရှိတဲ့အသင်းဟာ ဆုကြေးငွေရဲ့ ၄၄ ရာခိုင်နှုန်းကို ရရှိမှာဖြစ်တဲ့အတွက်
လောလောဆယ်မှာ အမေရိကန်ဒေါ်လာ ရှစ်သန်းကျော်ထိ ပိုင်ဆိုင်နိုင်မှာပါ။ တစ်သင်းမှာ
ကစားသမားငါးယောက် ပါဝင်တဲ့အတွက် တစ်ယောက်ကို ဒေါ်လာတစ်သန်းကျော်
ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုဝင်ခွင့်ရဖို့ မြန်မာနိုင်ငံက Dota 2 အသင်းအနည်းငယ်လည်း အိုးပင်းလက်ရည်စစ်ပွဲ
အဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ပထမနဲ့ ဒုတိယအဆင့်တွေမှာတင်
ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ ပြီးခဲ့တဲ့လကလည်း ပြည်တွင်းမှာ ရန်ကုန်တက္ကသိုလ်များ  Dota 2
 ပြိုင်ပွဲကို ကျင်းပခဲ့ပြီး အနိုင်ရခဲ့တဲ့ Maven အသင်းကို ဆုကြေးငွေနဲ Gamer  ကီးဘုတ်၊ Mouse
တွေ ချီးမြှင့်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို သြဂုတ် ၂ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီဝန်းကျင်မှာ နောက်ဆုံးအဆင့်  
Wild Card  လက်ရည်စစ်ပွဲစဉ်ဖြစ်တဲ့  Escape Gaming (ဥရောပ) နဲ့ Complexity Gaming 
(အမေရိက)တို့ရဲ့ ပွဲစဉ်နဲ့ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ မြန်မာစံတော်ချိန်
ညပိုင်းတွေမှာသာ ကစားလေ့ရှိပေမဲ့ နှစ်စဉ်သောင်းနဲ့ချီတဲ့ မြန်မာလူငယ်တွေရဲ့တစိုက်မတ်မတ်
အားပေးမှုကို ရရှိခဲ့ပါတယ်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း