တရားဝင်ကစားခွင့်ရ နိုင်ငံစာရင်းတွင် မပါသေးသော်လည်းမြန်မာနိုင်ငံတွင် ပိုကီမွန်ဂိုးဂိမ်း ဆော့ကစားနိုင်ပြီ

 

ပိုကီမွန်ဂိုးဂိမ်း စမ်းသပ်ဆော့ကစားနေသော မြန်မာနိုင်ငံရှိ လူငယ်များကို သြဂုတ် ၇ ရက်က တွေ့ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)ပိုကီမွန်ဂိုးဂိမ်း စမ်းသပ်ဆော့ကစားနေသော မြန်မာနိုင်ငံရှိ လူငယ်များကို သြဂုတ် ၇ ရက်က တွေ့ရစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

အမေရိကန်နိုင်ငံက နိုင်ယန်းတစ် (Niantic)ကုမ္ပဏီနဲ့ နင်တန်းဒိုး (Nintendo) တို့ပူးပေါင်းထုတ်လုပ်တဲ့
ပိုကီမွန်ဂိုးဂိမ်းဟာနိုင်ငံတကာမှာ ခေတ်စားနေပြီး ကမ္ဘာ့နိုင်ငံအများစုမှာ ရရှိနေပေမဲ့ မြန်မာနိုင်ငံမှာတော့
သြဂုတ်လအစောပိုင်းထိ ကစားလို့မရခဲ့ပါဘူး။ နိုင်ယန်းတစ်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ
တရုတ်၊ ထိုင်ဝမ်၊တောင်ကိုရီးယား၊ ကျူးဘား၊ ဆူဒန်၊ အီရန်နဲ့မြန်မာနိုင်ငံတို့မှာ ပိုကီမွန်ဂိုး
ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လအစောပိုင်းကကြေညာခဲ့ပါသေးတယ်။

သြဂုတ် ၆ ရက် စနေနေ့ မနက်မှာပိုကီမွန်ဂိုး လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တရားဝင်ကစားလို့
ရရှိနိုင်တဲ့နိုင်ငံအသစ် ၁၅ နိုင်ငံစာရင်းကို ကြေညာပေးခဲ့တယ်။ ဒီအထဲမှာ မြန်မာနိုင်ငံပါမလာပေမဲ့
အာဆီယံအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှား၊အင်ဒိုနီးရှား၊
ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်လာခဲ့တယ်။

ဒါပေမဲ့ တခြားအာဆီယံအိမ်နီးချင်းကိုးနိုင်ငံမှာ စတင်ကစားလို့ရတဲ့အချိန်ကစပြီး
မြန်မာနိုင်ငံမှာလည်း ပိုကီမွန်ဂိုးဂိမ်း အသက်ဝင်လာခဲ့တာကြောင့် စမ်းသပ်ကစားကြည့်တဲ့
လူငယ်တချို့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ လူမှုကွန်ရက်ကနေတစ်ဆင့် သတင်းပျံ့နှံ့ခဲ့ပြီးတော့
ရန်ကုန်၊မန္တလေး စတဲ့မြို့ကြီးတွေနဲ့ မြို့ငယ်တချို့မှာစနေ၊ တနင်္ဂနွေ အားလပ်ရက်ကာလအတွင်း
လူတွေ လမ်းမတွေပေါ်ကို ထွက်လာပြီးမြို့အနှံ့ ဒါမှမဟုတ် ကိုယ်နေထိုင်တဲ့မြို့နယ်ပတ်ဝန်းကျင်မှာ
ပိုကီမွန်ဖမ်း ထွက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ရန်ကုန်မြို့အနှံ့ ပိုကီမွန်ဖမ်းထွက်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကောင်းဇော်ကတော့
''အာရှ ၁၅ နိုင်ငံစာရင်းထွက်တယ် ဆိုပေမဲ့ မြန်မာက ပါမလာဘူး။ ဒါပေမဲ့ စမ်းပြီးဆော့ကြည့်တော့
pokestop တွေ၊ ပိုကီမွန်တွေ ပေါ်လာတော့မှ ရပြီဆိုပြီး သိလိုက်တယ်။စထွက်ချင်းက ခဏပဲ
ဆော့လို့ရလိုက်ပြီး ban list ထဲပါသွားတော့ တော်တော်ဝမ်းနည်းမိတယ်။ ဒါပေမဲ့ စနေနေ့က
ပြန်ရပြီဆိုတော့ရရချင်း မြို့ထဲ တစ်ပတ်ပတ်ပြီး ရသလောက်လိုက်ဖမ်းတယ်'' လို့ ဆိုပါတယ်။

ပိုကီမွန်ဂိုးဂိမ်းကတော့ Augmented Reality (AR) အမျိုးအစားဂိမ်းဖြစ်ပြီးကစား သူက အပြင်မှာ
သွားလာရင်းနဲ့အနားမှာပေါ်လာတဲ့ ပိုကီမွန်သတ္တဝါလေးတွေကို ဂိမ်းထဲမှာပေးထားတဲ့ ပိုကီဘောနဲ့
ပစ်ဖမ်းရတာဖြစ်ပါတယ်။ ပိုကီဘောတွေကိုတော့ သတ်မှတ်ထားတဲ့ pokestop လို့ခေါ်တဲ့
အဆောက်အအုံတွေနားကို သွားပြီးတော့ ရယူရတာပါ။ ကိုယ့်ရဲ့ပိုကီမွန်တွေကို
တခြားကစားသမားတွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ချင်ရင်လည်း Pokemon Gym အဖြစ် သတ်မှတ်ထားတဲ့
နေရာတွေကို(လူကိုယ်တိုင်) သွားပြီးမှ စိန်ခေါ်တိုက်ခိုက်ရတာဖြစ်တယ်။ ဒီဂိမ်းကို ကစားဖို့အတွက်
ကိုယ့်ရဲ့စမတ်ဖုန်းမှာ တည်နေရာပြစနစ် (GPS) ကို ဖွင့်ထားရမှာပါ။ ကစားနိုင်မယ့်စာရင်းထဲမပါတဲ့
နိုင်ငံတွေမှာ ကိုယ့်ရဲ့ဖုန်းထဲ ပိုကီမွန်ဂိုး ထည့်ထားပေမဲ့လည်း ပိုကီမွန်တွေ၊ ပိုကီမှတ်တိုင်တွေ၊  
Gym တွေကို မြင်ရမှာမဟုတ်ပါဘူး။ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေရဲ့ လူစည်ကားတဲ့နေရာတွေမှာ
(များသောအားဖြင့်တော့ ထင်ရှားတဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ရုပ်တုတွေမှာ)
ပိုကီမှတ်တိုင်တွေ ပေါများပေမဲ့ နယ်မြို့တွေမှာတော့ အရမ်းရှားပါးနေပါတယ်။

စနေနေ့ကစပြီး မြန်မာလူငယ်တွေကြားမှာ ဒီသတင်းကောင်း ပျံ့နှံ့ခဲ့ပြီးတော့ တနင်္ဂနွေနေ့မှာတော့
အားလပ်ရက်နဲ့လည်းတိုက်ဆိုင်ခဲ့တဲ့အတွက် ကန်တော်ကြီးဥယျာဉ်၊ ရွှေတိဂုံဘုရားဝန်းကျင်၊
ဆူးလေ၊ မဟာဗန္ဓုလပန်းခြံစတဲ့ နေရာတွေမှာ ပိုကီမွန်ကစားသူ လူငယ်တွေကို
အုပ်စုလိုက်မြင်တွေ့ခဲ့ရပါတယ်။

အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့
တရုတ်နိုင်ငံတွေမှာတော့ အခုထိ ကစားလို့မရသေးပါဘူး။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း