ပြည်တွင်းဂိမ်း ထုတ်လုပ်သည့် စတူဒီယိုတစ်ခုမှ ဂိမ်းဖန်တီးခြင်း သင်တန်း ဖွင့်လှစ်မည်

ပြည်တွင်းဂိမ်းထုတ်လုပ်သူတစ်ဦးဖြစ်သည့် Kodots Studio မှ PC ကွန်ပျူတာဂိမ်းနှင့်မိုဘိုင်းဂိမ်းများ
ထုတ်လုပ်ဖန်တီးမှုသင်တန်းတစ်ခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Kodots  တည်ထောင်သူ
ဦးချစ်ကိုကိုက မြန်မာတိုင်း(မ်)သို့ ပြောသည်။

အဆိုပါဂိမ်းစတူဒီယိုမှာ ကွန်ပျူတာ Steam ပလက်ဖောင်းပေါ်တွင် DarkEnd  နှင့် Wanda ဂိမ်းများကို
ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၄ အောက်တိုဘာက စတင်ရောင်းချခဲ့သော 2D roleplaying အမျိုးအစား
DarkEnd ဂိမ်းအရေအတွက် စုစုပေါင်း ၈ဝ,ဝဝဝ ခန့်ရောင်းချခဲ့ပြီးဖြစ်သည်။ ၂ဝ၁၆ ဇွန်လတွင်
၎င်းတို့၏ ဒုတိယမြောက်ဂိမ်း Wanda ကိုထပ်မံရောင်းချခဲ့သည်။

ယခုပြည်တွင်းဝါသနာရှင်များအတွက် ကွန်ပျူတာပရိုဂရမ်မာသင်တန်း တက်ဖူးစရာမလိုဘဲ
အခြေခံကွန်ပျူတာပညာ တတ်ကျွမ်းရုံဖြင့် ကွန်ပျူတာနှင့် မိုဘိုင်းပလက်ဖောင်းများတွင်
ဂိမ်းထုတ်လုပ်နိုင်အောင် သင်ကြားပေးမည့်သင်တန်းကို ဖွင့်လှစ်မည်ဖြစ်သည်။ 2D ဗီဒီယိုဂိမ်းများ
ဖန်တီးနိုင်မည်ဟု ဦးချစ်ကိုကို က ပြောသည်။

သင်တန်းကာလမှာ သုံးလဖြစ်ပြီး အွန်လိုင်းမှ စာရင်းပေးနိုင်မည်ဖြစ်ရာ 2Droleplaying, Adventure,
Puzzle ဂိမ်းအမျိုးအစားများကို အဓိကထားသင်ကြားမည်ဖြစ်သည်။

တက်ရောက်မည့်သူများသည်လည်း ကိုယ်ပိုင်လက်ပ်တော့ (Laptop) ကွန်ပျူတာ
သယ်ဆောင်လာရမည်ဖြစ်ပြီး နိုင်ငံခြားကောလိပ်များမှ ဂိမ်းထုတ်လုပ်မှုသင်တန်းများ
မကြာခဏ လာရောက်ဖွင့်လှစ်လေ့ရှိသော်လည်း ပြည်တွင်းသင်တန်းအနေဖြင့်
ရှားပါးစွာစတင်လာခဲ့ပြီး နိုင်ငံခြားသားသင်တန်းဆရာ မပါဝင်ဘဲ လက်တွေ့ပိုင်းကို
ဦးစားပေးသင်ကြားမည်ဟု ဦးချစ်ကိုကိုက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း