၈ဝ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချမည့် ဘလက်ဖရိုင်းဒေး အွန်လိုင်းဈေးရောင်းပွဲ ကျင်းပမည်

မြန်မာနိုင်ငံရဲ့ အစောဆုံး အွန်လိုင်းဈေးရောင်း ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Shop.com.mm က
နိုဝင်ဘာလနောက်ဆုံးပတ်၊ သောကြာနေ့မှစတင်ပြီး Black Friday အရောင်းပွဲတော်ကို
သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

Black Friday ဆိုတာကတော့ အမေရိကန်နိုင်ငံ၌ နိုဝင်ဘာလတိုင်းရဲ့ နောက်ဆုံး
ကြာသပတေးနေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့အပြီး နောက်တစ်နေ့မှာ
ကုန်ပစ္စည်းရောင်းချသူများက အကြီးအကျယ် ဈေးလျှော့ရောင်းချကာ ဝယ်သူကို
ဆွဲဆောင်တဲ့ အလေ့အထတစ်ခုဖြစ်သည်။ ၁၉၃၂ ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့ပြီး ယနေ့မှာ
အမေရိကန်သာမက ဥရောပနှင့် အာရှနိုင်ငံအများစုမှာပါတွင် အဆိုပါ Black Friday
ဈေးရောင်းစနစ် တွင်ကျယ်လာခဲ့သည်။

ဒုတိယအကြိမ် ဘလက်ဖရိုင်းဒေး အွန်လိုင်းဈေးရောင်းပွဲကို ယခုနှစ်တွင်ကျင်းပသွားဦးမည်ဟု
နိုဝင်ဘာ ၁၇ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
Shop.com.mm က ကြေညာခဲ့သည်။ ယခင်ကသီးသန့်ပလက်ဖောင်းအနေဖြင့် ထားရှိခဲ့သော
Kaymu နှင့် ပတ်သက်၍လည်း ပြည်တွင်းတွင် အွန်လိုင်းဈေးရောင်း ပလက်ဖောင်းတစ်ခု
လိုအပ်သည်ဟု ယူဆသောကြောင့် Shop.com.mm နှင့် ပေါင်းစပ်စေခဲ့ကြောင်း ဂလိုဘယ်
အမှုဆောင်အရာရှိချုပ်ဖြစ်သည့် Jonathan Doerr က ပြောကြားသည်။

၎င်းအရောင်းပွဲတော်ကို နိုဝင်ဘာ ၂၄ ရက် ညသန်းခေါင်ယံမှ စတင်သွားမည်ဖြစ်ပြီး ၂၇ ရက်
ည ၁၂းဝဝ နာရီတွင် ပြီးဆုံးမည်။ ၄ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းထိ ဈေးလျှော့ပေးထားသော
ကုန်ပစ္စည်းအမျိုးပေါင်း တစ်သောင်းကျော် ပါဝင်မည်ဟု ဆိုသည်။ အွန်လိုင်းဈေးရောင်းပွဲတော်တွင်
ထင်ရှားသော အမှတ်တံဆိပ်များဖြစ်သည့် ဆိုနီ၊ ဆမ်ဆောင်း၊ လီနိုဗို၊ Pond အစရှိ
ထုတ်ကုန်များလည်း ပါဝင်မည်ဖြစ်သည်။

အွန်လိုင်းမှ အငှားယာဉ်ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သောအိုးဝေ OWAY RIDE သည်
ယင်းပွဲအတွက်တွဲဖက်ပါတနာအဖြစ် ပါဝင်လာပြီး ဈေးရောင်းပွဲတော်ရက်တွင် ဝယ်ယူသူများကို
အငှားကားခ ၅ဝ ရာခိုင်နှုန်း လျှော့ချပေးမည့် ကူပွန်များ လက်ဆောင်ပေးသွားမည်။

ဝယ်ယူလိုသူများသည် Shop.com.mm တွင်လည်းကောင်း၊ ၄င်းမိုဘိုင်း app ကိုထည့်သွင်း၍
လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လိုက်လံပို့ဆောင်ပေးကာ
အိမ်အရောက် ငွေပေးချေမှုစနစ်၊ AGD Pay၊ OK Dollar စနစ်တို့ဖြင့် ပေးချေနိုင်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း