ဟယ်ရီပေါ်တာမှော်ကမ္ဘာထဲကို အလည်ခေါ်သွားမယ့် Fantastic Beasts: Cases

နောက်ဆုံးဟယ်ရီပေါ်တာရုပ်ရှင် Deathly Hollows Part2 ကို ရုံတင်ခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်ကပါ။
ဝတ္ထုစာအုပ်တွဲကတော့ ဒီထက်စောစောပြီးသွားခဲ့တယ်။ ဟယ်ရီပေါ်တာပရိသတ်တွေအတွက်တော့
သူတို့နှစ်သက်ရတဲ့စီးရီးကို ဘယ်တော့မှ ထပ်မမြင်ရတော့ဘူးလို့ ထင်ခဲ့ကြတာပါ။

ဒါပေမဲ့ ဟယ်ရီပေါ်တာစီးရီးကို ထုတ်လုပ်ခွင့်ယူထားတဲ့ ဝါနာဘရားသားကုမ္ပဏီက ဒေါ်လာ
သန်းပေါင်းများစွာရမယ့် အခွင့်အရေးကို လက်လွတ်မခံဘဲ ၂ဝ၁၆ ခုနှစ်မှာ ဟယ်ရီပေါ်တာရဲ့
မှော်ကမ္ဘာထဲမှာပဲ အခြေခံထားတဲ့ Fantastic Beasts and Where to Find Them ကို ထုတ်လုပ်ခဲ့တာ
အခုဆိုရင် ပြည်တွင်းရုပ်ရှင်ရုံတွေမှာ ပြသနေပါပြီ။

ဒီဇာတ်ကားဟာ ဟယ်ရီပေါ်တာတို့ဟော့ဝပ်ဂ်ကျောင်းသားတွေရဲ့ ဖတ်စာအုပ်တစ်အုပ်ကို
ရေးသားခဲ့သူ နျုထ်စကာမန်ဒါရဲ့ဘဝအကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပြီး ဇာတ်ကားအမည်က
သူ့ရဲ့ဖတ်စာအုပ်နာမည်ပါပဲ။ ထုံးစံအတိုင်း ဝါနာဘရားသားရဲ့ နာမည်ကြီးရုပ်ရှင်ကားဆိုရင် မိုဘိုင်း
ဂိမ်းတစ်ခု အမြဲတွဲထုတ်လုပ်နေကြအတိုင်း Fantastic Beasts : Cases from Wizarding World
ဂိမ်းပါ တစ်ပြိုင်တည်း ထွက်လာခဲ့ပါတယ်။

ဝါနာဘရားသားဟာ ယခင်စူပါဟီးရိုးရုပ်ရှင် အခြေခံဂိမ်းတွေမှာ Action, RPG အမျိုးအစားတွေပဲ
ထုတ်တာများပါတယ်။ ဒါပေမဲ့ နျုထ်စကာမန်ဒါရဲ့ စွန့်စားခန်းတွေမှာ ကြောက်စရာသတ္တဝါကြီးတွေနဲ့
လက်ဗလာ ချပြမှာမဟုတ်ဘူး။ Cases fromWizarding World ကတော့ PuzzleAdventure
အမျိုးအစား အခမဲ့မိုဘိုင်းဂိမ်းဖြစ်ပါတယ်။

ဂိမ်းအမျိုးအစားကတော့ လွယ်လွယ်ပြောရရင် တစ်ချိန်က facebook မှာ လူကြိုက်များခဲ့တဲ့
Criminal Casesလို ပုံစံမျိုးပါ။ဒါပေမဲ့ စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာ
မှော်ကမ္ဘာထဲမှာ အခြေခံထားတယ်။

ကစားသူက မြင်ကွင်းတစ်ခုရဲ့ hidden objects တွေကို ရှာပေးရမယ်။ မျက်မြင်သက်သေတွေကို
မေးမြန်းစစ်ဆေးရမယ်။ သက်သေတွေကို ပြန်သုံးသပ်ပြီး လိုအပ်တဲ့အခါ မှော်ပညာအသုံးပြုကာ
ထူးဆန်းတဲ့ ဒဏ္ဍာရီသတ္တဝါကြီးတွေကို လိုက်လံဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီးသူတွေ
အတွက်လည်း ရုပ်ရှင်ထဲက သတ္တဝါကြီးတွေကို သေသေချာချာ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်တယ်။

မှော်ဝန်ကြီးဌာနကို အကူအညီပေးရင်း တစ်ဖက်ကလည်း ရှားပါးသတ္တဝါတွေကို ကူညီပေးရမှာပါ။
ဒီဂိမ်းကို သူငယ်ချင်းတွေနဲ့လည်း အတူချိတ်ဆက်နိုင်ပြီး အချင်းချင်းကူညီနိုင်တယ်။

ရုပ်ရှင်အသစ်ကြည့်ပြီးတဲ့အခါ အားမရသေးတဲ့ ပရိသတ်တွေအတွက်တော့ Cases from
Wizarding World ဟာ အသင့်တော်ဆုံး မိုဘိုင်းဂိမ်းတစ်ခုပါ။ ဒီဂိမ်းကို Android,iOS
ပလက်ဖောင်းတွေမှာ အခမဲ့ရရှိနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း