Samsung Gear S3 စမတ်နာရီအသစ် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာ

Samsung Gear S3 စမတ်နာရီအသစ်များကို ဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း
ဆမ်ဆောင်းမြန်မာက ဒီဇင်ဘာ ၁၆ တွင် သတင်းထုတ်ပြန်သည်။

''သုံးစွဲသူတွေကို အရည်အသွေးမြင့်နာရီ ပေးစွမ်းနိုင်ဖို့ စံပြုလောက်တဲ့ နာရီထုတ်လုပ်သူတွေဆီက
တစ်ဆင့် အားပေးမှုတွေရရှိခဲ့ပြီး ကျွန်တော်တို့ စမတ်နာရီအမျိုးအစားတွေမှာ ထပ်မံပြီး ထူးခြား
ထင်ရှားတဲ့ ဖြည့်စွက်မှုတွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်''ဟု ဆမ်ဆောင်းမြန်မာ၊
Head of IT and Mobile ဦးဇာနည်ဝင်းထက်က ပြောသည်။

အဆိုပါ Samsung Gear S3 ကို နောက်ဆုံးပေါ် မိုဘိုင်းနည်းပညာများဖြင့် ဖန်တီးထားကာ Gear
S3 Frontier နှင့် Gear S3 Classic ဟူ၍ ဒီဇိုင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ ယင်းနာရီကို
ဆမ်ဆောင်း၏ အမှတ်အသားဖြစ်သော စက်ဝိုင်းပုံသဏ္ဌာန် နာရီဘေးဘောင်အပြင် မျက်နှာပြင်ကို
လက်မှုပညာဖြင့် အသေးစိတ်ဖန်တီးထားကာ မျက်နှာပြင်မှာ ၁ ဒသမ ၃ လက်မ Circular Super
AMOLED ဖြစ်၍ ၂၂ မီလီမီတာအရွယ်အစားရှိ နာရီလက်ပတ်ကြိုးကို ပြောင်းလဲတပ်ဆင်နိုင်မည်
ဖြစ်သည်။

ထို့ပြင် Samsung Gear S3 စမတ်နာရီတွင် အချိန်ကို ပြနိုင်သော Always On Watch လုပ်ဆောင်ချက်
ပါဝင်ပြီး Internal Memory 4GB နှင့် 768 MB RAMကို အသုံးပြုထားသည်။ ၄င်းစမတ်နာရီသည်
ရေနှင့် ဖုန်ဒဏ်ကို ကာကွယ်ထားနိုင်ကာအကြမ်းခံသည့်အပြင် GPS ထည့်သွင်းထားသည့်အတွက်
သုံးစွဲသူများ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ၊ အမြင့်နှင့် လေထုဖိအားကဲ့သို့သော ပြင်ပအခြေအနေ
ရုတ်တရက်ပြောင်းလဲခြင်း၊ ရာသီဥတု၊ အကွာအဝေးခရီးနှင့် အရှိန်များ ရုတ်တရက်ပြောင်းလဲမှုတို့ကို
စောင့်ကြည့်နိုင်မည့် SHealth, Alti/barometer နှင့် Speedometer အက်ပလီကေးရှင်းများကို
ထည့်သွင်းပေးထားသည်။

အဆိုပါနာရီသစ်တွင် တစ်ခါအားသွင်းထားရုံဖြင့် လေးရက်ဆက်တိုက်သုံးစွဲနိုင်မည့် ကြာရှည်ခံသော
380mAh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည်။ ယင်း Samsung Gear S3 Frontier ကို
မီးခိုးရင့်ရောင်ဖြင့်လည်းကောင်း Gear S3 Classic ကို ငွေရောင်ဖြင့်လည်းကောင်း ဈေးကွက်တွင်
ကျပ် ၄၂၉,ဝဝဝ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - နည်းပညာသတင်း