ကော့မှူးမြို့နယ်တွင် နေ့တစ်ဝက်ကျိုးသည်အထိ မဲပေးသူ နည်းနေသေး

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း
နေ့လည် တစ်နာရီအထိ လာရောက်မဲပေးသူ နည်းနေသေးကြောင်း မဲရုံတာဝန်ခံများ၊
ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။

"မဲရုံတွေ လိုက်ကြည့်တာ လာပေးတဲ့သူက တော်တော် နည်းနေသေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲ
ဆိုတော့ သိပ်စိတ်မဝင်စားကြဘူး" အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးကျော်ဆွေဝင်း (ခ) အာလူးက ပြောသည်။

ကော့မှူးမြို့နယ်ရှိ ပြည်သူ့လွတ်တော် လစ်လပ်မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ပေါင်း ၉၄၆၉၈ ဦး ရှိပြီး
ကြိုတင်မဲပေးသူ ၂၅၁၈ ဦး ရှိသည်။

မဲစာရင်းကပ်စဉ်ကပင် လာရောက်ကြည့်ရှုသူ အင်မတန် နည်းပါးပြီး မဲလက်မှတ်များ ထုတ်ယူရန်ပင်
အများစု ကျန်နေကြောင်း မဆယ်ဆိပ်ကျေးရွာ ဥက္ကဌ ဦးစံလွင်က ပြောကြားခဲ့သည်။

"အခု နည်းနေပေမဲ့ သူတို့ပေးရမယ် ဆိုတာတော့ သိကြပါတယ်။ မဲရုံမပိတ်ခင် လာပေးကြမှာပါ" ဟု
ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြတ်က ပြောသည်။

ယနေ့ ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူ နည်းသော်လည်း ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲကဲ့သို့ မဲစာရင်း မှားခြင်းနှင့် စာရင်းတွင် မပါသဖြင့် မဲမပေးရခြင်း စသည့် ပြဿနာများကို
ကော်မရှင်ထံ လာရောက်တိုင်ကြားခြင်း မရှိဟု ဦးအောင်မြတ်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။