အဓိကပြိုင်ဘက်က အင်န်အယ်ဒီလို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ပြောကြား

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင် မဲပေးစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင် မဲပေးစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် အမ်းမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်က ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲခန့်မှာ
အမ်းမြို့၊ ဈေးရပ်ကွက် အမှတ် ၁ မဲရုံမှာ လာရောက် မဲပေးခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မဲရုံနဲ့ မဲပေးဖို့ ပြသနာတွေရှိနေတဲ့
အမ်းမြို့တောင်ပိုင်း ဒလက်ချောင်းဝန်းကျင်ကျေးရွာတွေကို ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက
သွားရောက်လေ့လာဖြစ်တာမို့ နေ့လယ်ပိုင်းမှ မဲပေးဖြစ်တာလို့ ဦးဇော်လင်းအောင်က ဆိုပါတယ်။

"ဒလက်ချောင်းဘက်က အခြေအနေတော်တော်ဆိုးတယ်လို့တော့ ပြောလို့မရပေမယ့် ရွေးကောက်ပွဲ
ဥပဒေနဲ့ မညီတဲ့ ကိစ္စမျိုးတွေ ရှိတာတွေ့ရတယ်။ ဥပမာ - ပါတီက လွှတ်ထားတဲ့ မဲရုံကိုယ်စားလှယ်က
မဲရုံထဲ ဝင်နေတာမျိုး။ ပါတီအမှတ်တံဆိပ်ပါ လွယ်အိတ် လွယ် ထားတာမျိုးတွေပေါ့" လို့
သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် အမ်းမြို့မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့
ကိုယ်စားလှယ်လောင်း ၄ ဦးရှိပြီး ရခိုင်အမျိုးသားပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်
ဒေါက်တာ အေးမောင်က လွဲရင် အခြားအမတ် သုံးဦးလုံး ယနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ
မဲပေးကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ စိတ်ဝင်စားဖွယ်ကောင်းတဲ့
အခြေအနေမှာ ရှိနေပေမယ့် လာရောက်မဲပေးကြသူတွေကြား စိတ်ဝင်စားမှုအခြေအနေကတော့
အားနည်းတာကို တွေ့ရပါတယ်။

အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၁၆ဝဝ ကျော်ရှိပေမယ့် ယနေ့
နေ့လယ်ပိုင်းထိ ကြိုတင်မဲ အပါအဝင် လာရောက်မဲပေးသူ ၅ဝဝ ခန့်သာရှိသေးကြောင်း
လေယာဉ်ကွင်းရပ်ကွက် အရှေ့ပိုင်းမဲရုံ အမှတ်၂ မဲရုံမှူးက ပြောပါတယ်။

"ခုချိန်က နည်းနည်းအလုပ်များကြတော့ သိပ်ပြီး မဲလာမပေးကြသေးဘူး။ ညနေပိုင်းလောက်တော့
လာပေးကြမယ်ထင်ပါတယ်" လို့ အဆိုပါ မဲရုံမှူးက ပြောပါတယ်။

မြန်မာတိုင်း(မ်)က မေးမြန်းခဲ့တဲ့ မဲပေးခဲ့သူတွေရဲ့ အဆိုအရတော့ လက်ရှိအချိန်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသား ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရရှိမှုဟာ
အပြိုင်အဆိုင် အခြေအနေမှာ ရှိနေခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရရှိမှု အခြေအနေကတော့ နည်းပါးနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

"ဘယ်ကိုယ်စားလှယ်လောင်းမဆို ကိုယ့်ကိုယ်ကို နိုင်ဖို့ ပြိုင်ကြတာပဲလေ။ ကျွန်တော်လည်း ဒီလိုပါပဲ။
နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အဓိကပြိုင်ရမှာက အင်န်အယ်ဒီ ပဲလေ" လို့
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် အမ်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးသောင်းငြိမ်း၊ ရခိုင်အမျိုးသားပါတီက
ဒေါက်တာအေးမောင်နဲ့ တစ်ဦးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်တို့
ဝင်ရောက်ယှဉ်ပြိုင်ထားကြတာ ဖြစ်ပါတယ်။

ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမ်းမဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူ
၇၅ဝဝဝ ကျော် ရှိပြီး မဲရုံ ပေါင်း ၁၃၇ ရုံ ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။