ပိုင်ရှင်မဲ့ သစ်လှည်း ၄ စီးကို သစ်တောဦးစီးဌာနက သိမ်းဆည်းနေစဉ် လူတစ်စုက ခြိမ်းခြောက်လုယူ

ဥက္ကံမြို့နယ်တွင် ပိုင်ရှင်မဲ့ သစ်လှည်း ၄ စီးကို သစ်တောဦးစီးဌာနက သိမ်းဆည်းနေစဉ် လူတစ်စုက
ခြိမ်းခြောက် လုယူသွားသည်ဆိုမှုကို သက်ဆိုင်ရာက မေလ ၇ ရက်နေ့တွင်
စုံစမ်းစစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် တိုက်ကြီးမြို့နယ် သစ်တောဦးစီး အရာရှိနှင့်အဖွဲ့သည်
ဥက္ကံမြို့၊ ဘွက်ကုန်း ကျေးရွာအုပ်စု စံကိုက်ကျေးရွာ မြောက်ဘက် လယ်ကွင်းအတွင်း နွားမပါ
လှည်း ၄ စီး ပေါ်တွင် ကျွန်းသစ်လုံးများ၊ တိုင်များကျွန်းဗုံတိုများ စုစုပေါင်း ၆၅ လုံး၊ ၁၄.၀၃၂၄ တန်၊
ပျဉ်းကတိုး ၀.၄၅၆ တန်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သစ်များနှင့် နွားလှည်း ၄ စီးကို တစ်စစီဖြုတ်ကာ အငှားယာဉ်ပေါ်သို့ တင်ဆောင်ခဲ့သည်။

ထိုသို့တင်ဆောင်နေစဉ် နံနက် ၁၁ နာရီ ခွဲအချိန်ခန့်တွင် စံကိုက်ကျေးရွာမှ အမည်မသိလူတစ်စု
ဓါးများကိုင်ဆောင်ကာ ရောက်ရှိလာပြီး သစ်များတင်ဆောင်ထားသည့် အငှားယာဉ်ပေါ်သို့ တက်ကာ
သစ်များကိုချည်နှောင်ထားသည့် ကြိုးများကို ဓါးဖြင့် ခုတ်ပိုင်း၍ ယူဆောင်ခဲ့သည်။

ထိုသို့ယူဆောင်စဉ် ဟန့်တားခြင်း၊ ဓါတ်ပုံရိုက်ခြင်းများပြုလုပ်ပါက အသေသတ်ပစ်မည်ဟု
ခြိမ်းခြောက်ပြောဆိုကာ လှည်းအစိတ်အပိုင်းများနှင့် သစ်များကို ပြန်လည်ယူဆောင်သွားသောကြောင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဥက္ကံနယ်မြေရဲစခန်းက(ပ) ၁၂၅/၁၆ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။