ညစ်ညမ်းဇာတ်လမ်းများပြသကာ အိမ်အကူကို သားမယားပြုကျင့်ခဲ့သည့် ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးကို ကလေးသူငယ်ဥပဒေဖြင့် အမိန့်ချ

အိမ်အကူအမျိုးသမီးငယ်ကို ညီအစ်ကိုနှစ်ဦးက ညစ်ညမ်းဇာတ်လမ်းများ ပြသခဲ့ပြီး အဓမ္မပြုကျင့်ခဲ့သည်
ဆိုမှုမှ အသက် ၁၅ နှစ်အရွယ် အမှုရင်ဆိုင်နေရသူ ကလေးသူငယ်ကို ကလေးသူငယ်ဥပဒေပုဒ်မအရ
ကြီးကြပ်သူ၏ စီမံကြီးကြပ်မှုခံယူစေရန် ဒဂုံမြို့နယ်တရားရုံးက အောက်တိုဘာလ ၇ ရက်နေ့တွင်
အမိန့်ချမှတ်ခဲ့သည်။

ပဲခူးမြို့ ကျေးရွာတစ်ရွာနေ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို ဒဂုံမြို့နယ်တွင် နေထိုင်သူ
အသက် ၂၀ အရွယ်နှင့် အသက် ၁၅ အရွယ် အိမ်ရှင်ညီအစ်ကို နှစ်ဦးတို့က ပြီးခဲ့သည့်နှစ်
နိုဝင်ဘာလအတွင်းက ညစ်ညမ်း ဇာတ်လမ်းများပြသ၍ သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း
ဆေးစာမှတ်တမ်းများအရ လှိုင်မြို့နယ်နေ ရတနာမေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့မှ
တရားလိုပြု၍ ယမန်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ဒဂုံမြို့မရဲစခန်း(ပ) ၂၆၀/၁၅ ပြစ်မှုပုဒ်မ ၃၇၆ /၅၁၁ အရ အမှုဖွင့်ကာ ဒဂုံမြို့နယ်
ကလေးသူငယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သော အမှုဖြစ်သည်။

အဆိုပါ တိုင်ကြားမှုမှ အသက် ၂၀ အရွယ် အမျိုးသားအား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ နာကျင်စေမှု
ပုဒ်မ ၃၂၃၊ ညစ်ညမ်းသည့် အရာဝတ္ထုများပြသမှု ပုဒ်မ ၂၉၃ တို့အရ အနောက်ပိုင်းခရိုင်တရားရုံးတွင်
စွဲချက်တင်ထားပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်။

အောက်တိုဘာလ ၇ ရက်နေ့ ဒဂုံမြို့နယ်ကလေးသူငယ်တရားရုံး၏ အမိန့်တွင် အမှုတွင်ပါဝင်သည့်
အသက် ၁၅ နှစ်အရွယ်ကလေး သူငယ်ကို ကလေးသူငယ်ဥပဒေပုဒ်မ ၄၇(ဂ) အရ သုံးနှစ်အတွင်း
ကလေးသူငယ် ကြီးကြပ်သူ၏ ကြီးကြပ်စီမံမှုကို ခံယူစေရမည်ဟု အမိန့်တွင် ပါရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ