လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသူ တရားခံပြေးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

တာမွေမြို့နယ်တွင် လူသတ်မှု ကျူးလွန်ခဲ့သည်ဆိုသူ တရားခံပြေး တစ်ဦးကို ဧပြီလ ၁ ရက်နေ့တွင်
သက်ဆိုင်ရာက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီ ၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊
ရွှေဥဒေါင်းလမ်း၊ အမှတ်(၈)မြေညီထပ်တွင် လူသတ်မှုကျူးလွန်ပြီး၊ ထွက်ပြေးတိမ်းရှောင်နေသော
တရားခံပြေးဖြစ်သူတစ်ဦး ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး Call Center ၏
၁၉၉ သတင်းအရ တာမွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် သတင်းအတည်ပြုကာ
ရပ်ကွက်နေပြည်သူများနှင့်အတူ ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်။

တရားခံပြေးဆိုသူ တင်စိုး (၅၄ နှစ်)မှာ နေအိမ်ထပ်ခိုးပေါ်တွင် ရှိနေပြီး၊ ရဲတပ်ဖွဲ့မှ အသာတကြည်
အဖမ်းခံရန်ပြောဆိုခဲ့ရာ ၎င်းမှ လိုက်နာခြင်း မရှိဘဲ အိပ်ယာဘေးတွင် အသင့်ထားရှိသော
အရိုးအသွား (၁၁)လက်မခန့်ရှိ ခွေးသွားစိတ်များပါရှိသည့် ဓားဦးချွန်ဖြင့်ပြန်လည် ခုခံရန်ပြုသဖြင့်
ရဲတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်ဖြင့် အမိုးပေါ်သို့ (၁)ချက် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

သို့ရာတွင် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ရန်ပြုနေသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့်
(၁)ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ယာဘက်ပေါင်သို့ ထိမှန်ပြီး ဒဏ်ရာများ ရရှိခဲ့၍
ဝိုင်းဝန်းထိန်းသိမ်းကာ ရဲဆေးစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့သည်။

၎င်းသည် တာမွေမြို့မရဲစခန်း (ပ)၈၈၆/၂၀၁၄၊ရာဇသတ်ကြီး ပုဒ်မ-၃၂၆ အမှုမှ ၃၀၂ အမှုသို့ပြောင်းလဲ
ဖွင့်လှစ်ခဲ့သည့်အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရပြီး၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင်
အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားခံပြေးအဖြစ် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ