တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူဆိုသူများကို အရေးယူ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူ
ဆိုသူများကို သက်ဆိုင်ရာက ဧပြီလ ၅ ရက်နေ့ တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ်
အမျိုးသမီးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် မိခင် အစ်မဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး
ငွေကြေး မပြေလည်သဖြင့် နေအိမ်ခြံတစ်ဝက်ကို ဒဂုံဆိပ်ကမ်းမြို့နယ်နေ ကျော်ထွေးနှင့်
ဒေါ်သန္တာ (စုံစမ်းဆဲ)တို့ထံ ၂၀၁၆ ခုနှစ်တွင်ပေါင်နှံထားပြီး ၂၀၁၇ ခုနှစ် မတ်လတွင်
ပြန်လည်မရွေးယူပါက သိမ်း ဆည်းမည်ဖြစ်ကြောင်း ပြောသဖြင့် အစ်မဖြစ်သူနှင့်အတူ
ကျော်ထွေးနှင့် ဇနီးဖြစ်သူတို့ထံ သွားရောက် တောင်ပန်ပြောကြားခဲ့သည်။

၎င်းတို့က အခက်အခဲဖြစ်နေပါက ၀င်ငွေကောင်းသည့် အလုပ်တစ်ခု ရှာ ပေးမည်ဖြစ်ကြောင်း ၄င်း
အလုပ်မှာ တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက တစ်ဦးလျင် ကျပ် သိန်း ၃၀
စီရမည်ဖြစ်ကြောင်းပွဲစားနှင့်တွေ့ဆုံပေးမည်ဟုပြောဆိုခဲ့သည်။

နောက်တစ်နေ့ ကျော်ထွေး နေအိမ်သို့သွားရောက်ခဲ့ပြီး အဆိုပါနေအိမ်တွင် တစ်ရပ်ကွက်တည်း
နေမဇာဇာဝင်း(စုံစမ်းဆဲ)ကို တွေ့ရပြီး ၄င်းက တရုတ်မယားအဖြစ်လုပ်ကိုင်ပြီး ခလေးမွေးပေးပါက
ကျပ်သိန်း ၃၀ ရမည်ဖြစ်ကြောင်း ၄င်းကိုယ်တိုင်လည်း တရုတ်နိုင်ငံတွင် အိမ်ထောင်ကျနေ
သူဖြစ်ကြောင်း အဆင်ပြေကြောင်းနှင့်လုပ်ကိုင် လိုပါက တစ်ပါတည်းခေါ်ဆောင်သွားမည်
ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် လက်ခံခဲ့သည်။

ကျော်ထွေး တို့ လင်မယားနှစ်ဦးက ၄င်းတို့ညီအစ်မနှစ်ဦးကို ချောင်းသားကမ်းခြေသို့
အပျော်ခရီးပို့ဆောင်ပေးခြင်း၊ အလှပြင်ဆိုင်တွင် အလှပြင်ပေးခြင်း၊ အပြင်ဆေးခန်းတွင်
သားဆက်ခြားခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင် ကျော်ထွေးတို့နေအိမ်သို့
သွားရောက်ခဲ့ပြီး မူဆယ်သို့ ကားလက်မှတ်ဝယ်ထားကြောင်း မတ်လ ၂၁ ရက်နေ့တွင်
မူဆယ်မှတစ်ဆင့် မဇာဇာဝင်း က စောင့်နေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တိုင်ကြား သူတို့ ညီအစ်မ နှစ်ဦး ငွေကျပ် သိန်း ၆၀ နှင့်ပတ်သက်၍ ရှင်းလင်းရာ ခြံဝင်းပေါင်နှံ
ထားသည့်ငွေ၊ အလှပြင်ဆိုင်တွင်အသုံးပြုသည့်ငွေများနှင့်ချောင်းသာသို့ပို့ဆောင်ထားသည့်
ငွေများ စုစုပေါင်း နှုတ်ယူခဲ့ရာ ကျပ် ၅၀၀၀၀ သာ ပြန်လည်ရရှိခဲ့သည်။

ထိုနေ့ နေလည်ပိုင်းတွင် မူဆယ်သို့ပို့ဆောင်ရန် သာကေတမြို့နယ် ၁၀ ဈေးမှတ်တိုင်သို့
ချိန်းဆိုပြီး လိုင်းကားစီးရန်သွားရောက်လူကုန်ကူး ခံရမည်ကိုစိုးရိမ်လာသဖြင့် ကျော်ထွေးချိန်း
ဆိုသည့် နေရာသို့ သွားရောက်ခြင်းမပြုတော့ဘဲ လူကုန်ကူးမှုတားဆီး ကားကွယ်ရေး
အမှတ်(၆) ရန်ကုန်သို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သက်ဆိုင်ရာ က ကျော်ထွေး၊ ဒေါ်စန္ဒာမြင့်နှင့် မဇင်ဇင်ဝင်း တို့ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက
(ပ)၃၂၀/၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်အရေး
ယူထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - မှုခင်းသတင်းတိုများ